Wednesday, June 1, 2011

ပြည်တွင်း ခရီးသွားမှတ်တမ်း - ၂


ပြည်တွင်း ခရီးသွားမှတ်တမ်း-၂


ကိုကိုရေ...လွမ်း...ခရီးသွားမှတ်တမ်း-၂ ကို ဆက်ရေးဖြစ်ခဲ့ပါတယ်...
လွမ်းတို့  အင်းလေး HU PIN HOTEL မှာ နေ့ လည်စာ စားပြီးတာနဲ့  ပင်းတယမြို့ ကို ထွက်လာကြပါတယ်...
တစ်နာရီလောက်ပဲ မောင်းရတယ်...INLE INN PINDAYA HOTEL ကို ရောက်ပါတယ်...
ပစ္စည်းတွေ အခန်းထဲထားပြီးတာနဲ့  ဘုရားဖူးသွားဖို့  ပြန်ထွက်ခဲ့ကြပါတယ်...
လမ်းမှာ ပုန်းတလုတ်ရေကန်နားကို ဖြတ်ရတော့ ဓါတ်ပုံရိုက်ထားလိုက်တယ်...



ပင်းဒယဆိုတဲ့နံမည်က ရှမ်းနံမည်လို့ ပြောပါတယ်...
သူ့ အဓိပ္ပါယ် က ကျယ်ပြန့် တဲ့လွင်ပြင်တဲ့...
ပင်းဒယဟာ တောင်ပိုင်းရှမ်းပြည်ရဲ့ မြေလတ်လို့  ခေါ်တဲ့ဒေသထဲမှာ စတုရန်းမိုင်-၂၀၀ ရှိတဲ့ နေရာလေးပါ...
အနောက်ဖက်မှာရှိတဲ့ တောင်ရိုးတောင်တန်းကနေပြီး ကျန်နေရာတွေကို တဖြည်းဖြည်း လျှောကျ ပြန့် ပြူး သွားတဲ့သဘောရှိပါတယ်...




  
ပင်းဒယနဲ့ ပတ်သက်လို့  စိတ်ကူးယဉ်ဆန်ဆန် ပုံပြင်လေးတစ်ပုဒ်ရှိခဲ့ပါတယ်...
ညောင်ရွှေပြည်က မင်းသားကုမ္မာဘယ မင်းသားဟာ သထုံမှာ သွားအိမ်ထောင်ကျတယ်...
အဲဒီမှာ အနေကြာလာလို့ ပျင်းတော့ မယားနဲ့ သားကို ပစ်ပြေးတယ်....
ပင်းဒယရေကန်နားရောက်တော့ ဂဠုန်နဂါးရန်ပွဲမှာ နဂါးဘက်ကဝင်ပြီး သူကဂဠုန်ကို သတ်တယ်..
ဂဠုန်က ပင့်ကူဖြစ်ပြီး ပင့်ကူနဲ့ နတ်သမီး ခုနစ်ဖော်ပွဲမှာ သူက ပင့်ကူကိုသတ်တယ်...
ပင့်ကူက ဘီလူးဖြစ်သွားတယ်...
နတ်သမီးတွေထဲက အငယ်ဆုံးရှင်မိယာကို သူက ယူထားလိုက်တယ်...
ဘီလူးနဲ့ သူနဲ့  သတ်ကြပြန်တော့ သူလဲသေ၊ ဘီလူးလဲ သေသွားတယ်...
ဘီလူးကဇော်ဂျီဖြစ်ပြီး ဇော်ဂျီက မိယာကို ခေါ်သွားတယ်...
မိယာက ဇော်ဂျီကို ပရိယာယ်နဲ့  မြစ်ထဲတွန်းချပြီး ထမီနဲ့ အုပ်လို့ ဇော်ဂျီသေပြီး ဇော်ဂျီမြစ် ဖြစ်သွားရောတဲ့...
မင်းသားကို သိကြားမင်းက အသက်ပြန်သွင်းပေးတယ်...
သူတို့ နှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့  ဇာတ်လမ်းက မရပ်သေးဘူး...
မင်းသမီး သူ့ အဖေဆီ ပြန်ပြေးလို့  မင်းသားလိုက်ခေါ်ခန်း ပါရသေးတယ်...
ပြန်ရောက်တော့ မင်းသားက မင်းဖြစ်သွားတယ်တဲ့...
ဒီတော့ ပင်းဒယနယ်က ညောင်ရွှေစော်ဘွားဆက် ဖြစ်တယ်တဲ့...



လွမ်းတို့  ရွှေဥမင် သဘာဝလိုဏ်ဂူကို တောင်တက်လမ်းလေးအတိုင်းကားနဲ့ တက်ကြတာ...
ဘုရားခြေရင်းရောက်တော့ ပင့်ကူကြီးကို မင်းသားက လေးမြှားနဲ့ ချိန်ပြီး ပစ်နေတဲ့ပုံ အကြီးကြီး ထုလုပ်ထားတာကို တွေ့ ရတယ်...



လှေကားထစ်အနည်းငယ်တက်ပြီးတဲ့အခါ ဓါတ်လှေကားနေရာကို ရောက်လာပါတယ်...
သဘာဝလိုဏ်ဂူက မြင့်တော့ ဓါတ်လှေကားတပ်ဆင်ထားတဲ့အတွက် အသက်အရွယ်ကြီးတဲ့သူတွေအတွက် အဆင်ပြေတာကို တွေ့ ရပါတယ်...
ရွှေဥမင်စေတီက အာသောကမင်းက တည်ခဲ့တာတဲ့...
အလောင်းစည်သူမင်းလက်ထက်မှာ ပြုပြင်ခဲ့တယ်တဲ့...
ဂူအတွင်း အဝင်ဝမှာမြေပေါက်စေတီကို ရွှေအိနေအောင် ချထားတယ်...
ယောင်္ကျား၊ မိန်းမ မရွေး ရွှေချခွင့်ပေးထားတဲ့အတွက် စေတီကို ရွှေချကြပါတယ်...

ဗုဒ္ဓရုပ်ပွားတော်တွေကို ဂူနံရံတွေမှာ နေရာမလပ်အထပ်ထပ်ဖြစ်အောင် ထုလုပ်ကိုးကွယ်ထားတဲ့ အတွက် အထူးအဆန်းဖြစ်ပြီး ကြည်ညိုစရာကောင်းပါတယ်...



ရှေးကတည်းက ထုလုပ်ကိုးကွယ်ထားတာရှိသလို အခုနောက်ပိုင်းမှာလည်း လှူတဲ့သူတွေအတွက် လက်ခံပြီး ထုလုပ်ပေးထားတာတွေကို တွေ့ ခဲ့ရပါတယ်...

ရွှေဥမင်သဘာဝလိုဏ်ဂူမှာ ရွှေချလို့ မရတဲ့ ဘုရားနှစ်ဆူရှိပါတယ်...
ချွေးထွက်ကိုယ်စားတော် လို့ ရေးထားပါတယ်...
အဲဒီဘုရားမှာ ဒူးနာရင် ဘုရားဒူးတော်ကိုင်ဆုတောင်းရင် ပျောက်တယ်...
ကိုယ်ဖြစ်နေတဲ့ဝေဒနာနေရာတွေကို ဘုရားမှာကိုင်ပြီးဆုတောင်းရင် ပျောက်တယ်လို့ ပြောပါတယ်...


ဂူအတွင်းမှာ ဆင်ချည်တိုင်၊ မြင်းချည်တိုင်၊ ဇော်ဂျီဆေးသွေးကျောက်၊ အောင်မြေ၊ ဂူလမ်းဆုံးတွေကို စာလေးတွေနဲ့  ပြထားတယ်...


 


ဂူလမ်းဆုံးက အပေါက်နေရာကို လှမ်းရိုက်ထားတဲ့ပုံပါ...




အောင်စည်၊ အောင်မောင်းလို့ ခေါ်တဲ့ ကျောက်စက်ပန်းဆွဲလေးနှစ်ခုကိုလည်း ဓါတ်ပုံရိုက်ယူခဲ့ပါတယ်...
တစ်ခုကိုတီးရင် စည်သံမြည်ပြီး နောက်တစ်ခုကိုတီးရင် မောင်းသံမြည်တယ်တဲ့...
အရင်တုန်းက တီးပြတယ်တဲ့...ခု မတီးပြတော့တာ တစ်နှစ်ရှိပြီတဲ့...
အဲဒီလိုတီးရင် ဂူကြီးက Vibration ကြောင့် တုန်ခါသွားတယ်တဲ့...
နောက်မှ ဂူထဲကိုဝင်လာတဲ့ ဘုရားဖူးတွေက ဘာသံလဲဆိုပြီး လန့် ပြီး ပြန်ထွက်ပြေးကြတယ်တဲ့...
ဂူက Vibration ကြောင့် ပြိုကျပျက်စီးသွားနိုင်တဲ့အတွက် တီးမပြတော့တာလို့  အရင်တုန်းက တီးပြခဲ့ဖူးတဲ့သူက ရှင်းပြခဲ့ပါတယ်...






ယိုးဒယားပြည်က နွေ၊ မိုး၊ ဆောင်း ဘုရား သုံးဆူကိုလည်း လှူထားတာကို တွေ့ ခဲ့ရပါတယ်...



အရင်တုန်းက ဓါတ်လှေကားမရှိတော့ ရွှေဥမင်တောင်ပေါ်ကို လှေကားထစ်လေးများနဲ့  တက်ရတဲ့နေရာလေးကို လှမ်းရိုက်ထားတဲ့ပုံပါ...






ရွှေဥမင် သဘာဝလိုဏ်ဂူအတွင်းမှ ဘုရားပုံတော်များကို သူငယ်ချင်းများ ကြည်ညိုစေရန် လွမ်း ရိုက်ခဲ့တဲ့ဓါတ်ပုံတွေကို ထည့်ပေးလိုက်ပါတယ်...






ဟိုတယ်မှာလည်း ပင်းတယသမိုင်းကြောင်းနဲ့  ပတ်သက်တဲ့ အမှတ်အသားလေးတွေ ပြုလုပ်ထားတာကိုတွေ့ ခဲ့ရပါတယ်...



ပင်းဒယဟိုတယ်မှာ Air Conditioner တပ်ဆင်ထားခြင်းမရှိပဲ Fireplace ထားပေးတာကို တွေ့ ခဲ့ရပါတယ်...



လွမ်းတို့ ညနေစာစားပြီး နောက်တစ်နေ့ ခရီးစဉ်အတွက် စောစောအိပ်ကြပါတယ်...




လွမ်းဧကရီ
၂၂-၀၅-၀၉
နံနက် ၁း၄၀

No comments: