Wednesday, June 26, 2013

Flash Song များတွင် Mouse Follower ထည့်ခြင်း

Flash Song များတွင် Mouse Follower ထည့်ခြင်း


ဒီနေ့တော့ လွမ်း…Flash Song နည်းပညာတစ်ခုကို ရေးသားပါမယ်။

တစ်ချို့သော Flash Song များမှာ Mouse ကို ရွှေ့လိုက်ရင် Mouse နောက်ကနေ ပုံစံမျိုးစုံ လိုက်နေတာကို တွေ့ဖူးကြမှာပါ။

လွမ်းရဲ့ Flash Song မှာတော့ Mouse Follower ထည့်ထားတဲ့ သီချင်းတွေ နည်းပါတယ်။

ခု ရေးမဲ့နည်းက SwishMax 4 ထဲမှာ နဂိုကတည်းက ရှိပြီး Mouse Follower ကနေ မိမိ ကြိုက်နှစ်သက်ရာ ပုံစံများကို ပြောင်းလဲလုပ်ဆောင်သွားတဲ့နည်းလေးပါ။

အဆင့် (၁)

SwishMax 4 Software ကို ဖွင့်လိုက်ပါမယ်။


ပုံတွင်ပြထားသည့်အတိုင်း Components ထဲက Effect ကို Click ပြုလုပ်ပြီး 2D ကို ထပ်မံ Click လုပ်လိုက်တဲ့အခါ MouseFollower ဆိုတာကို တွေ့မြင်ရပါလိမ့်မယ်။

MouseFollower ပေါ်မှာ Double Click လုပ်လိုက်တဲ့အခါ Screen ထဲမှာ မျှားပုံလေး ပေါ်လာတာ တွေ့မြင်ရပါလိမ့်မယ်။

အဆင့် (၂)

ပုံတွင်ပြထားသည့်အတိုင်း Play Button ကို Click လုပ်ပြီး Screen ပေါ်မှာ Mouse ကို လှုပ်ရှားကြည့်မယ်ဆိုရင် Mouse သွားရာနောက်ကို မျှားပုံလေးက လိုက်လာတာကို တွေ့မြင်ရပါလိမ့်မယ်။

တစ်ချိန်က အကြောင်းလေး

တစ်ချိန်က အကြောင်းလေး

လူတိုင်းမှာ အတိတ်က အကြောင်းလေးတွေ ရှိတတ်ကြစမြဲပါ။

အတိတ်ဆိုတာ အမှတ်တရဖြစ်စရာ အကြောင်းအရာတွေ ရှိသလို၊ အမှတ်တရ မဖြစ်ချင်တော့တဲ့ အကြောင်းအရာတွေလည်း ရှိတတ်ကြမှာပါ။

ဒါပေမဲ့ တစ်စုံတစ်ရာသော အကြောင်းအရာများကြောင့် တိုက်ဆိုင်မှုတွေ ရှိလာတိုင်း အတိတ်က အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို ပြန်ပြောင်း အောင်းမေ့ သတိတရ ဖြစ်ကြရပါတယ်။

လွမ်းမှာလည်း သတိတရ အောင်းမေ့တမ်းတရတဲ့ အတိတ်က ဇာတ်လမ်းလေးတစ်ပုဒ် ရှိခဲ့ဖူးပါတယ်။

လွမ်း စက်မှုတက္ကသိုလ်က ကျောင်းပြီးတော့ ကျောင်းက Mechanical Department မှာပဲ ယာယီဆရာမအဖြစ် ပြန်လုပ်ခဲ့ပါတယ်။

အဲဒီ့အချိန်မှာ မောင်က သင်္ဘောလိုက်ဖို့ ကြိုးစားနေပါတယ်။

ကျောင်းပြီးမှပဲ လွမ်းနဲ့ မောင် ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ တစ်ကျောင်းထဲ အတူတူ တက်ခဲ့ပေမဲ့ ကျောင်းနေစဉ်တုန်းက ချစ်သူမဖြစ်ခဲ့ပါဘူး။

ချစ်သူဖြစ်တာနဲ့ နှစ်ဖက်မိဘ အသိပေးပြီး မောင်နဲ့အတူ တွဲသွားလာခွင့်ကို ဖေဖေ၊ မေမေတို့က ခွင့်ပြုခဲ့ပါတယ်။

ဖေဖေ၊ မေမေတို့က လွမ်းနဲ့ မောင့်ကို အလုပ်အကိုင် အတည်တကျဖြစ်မှ လက်ထပ်ပေးမယ်ဆိုတာနဲ့ အမှတ်(၁)စက်မှုဝန်ကြီးဌာနက အလုပ်တွေခေါ်တော့ လွမ်းရော၊ မောင်ပါ ဝင်ဖြေပြီး အလုပ်ရခဲ့ပါတယ်။

ဝန်ကြီးဌာန တစ်ခုတည်းပေမဲ့ လွမ်းက ဆေးဝါး၊ မောင်က စားသောက်ကုန်မှာ ရတာဆိုတော့ လွမ်းက ရန်ကုန်မှာ ကျန်ခဲ့ပြီး မောင်က ဇေယျဝတီသကြားစက်ကို တာဝန်နဲ့ သွားနေရပါတယ်။

မောင်က တစ်လတစ်ခါ ရုံးပိတ်ရက်တိုင်း ရန်ကုန်ကို ပြန်လာပါတယ်။

လွမ်းနဲ့ မောင် အလုပ်လုပ်ရင်း ငွေစုကြပါတယ်။ အတူနေဖို့ တွေးရင်း ပစ္စည်းလေးတွေ စုဖြစ်ကြပါတယ်။

နောက်တော့ မောင်က တစ်ယောက်တစ်နေရာစီ ခွဲနေရမဲ့အတူတူ သင်္ဘောပြန်လိုက်မယ်ဆိုပြီး သင်္ဘောလိုက်ဖို့ အစိုးရအလုပ်ကနေ ထွက်လိုက်ပါတယ်။

သင်္ဘောမလိုက်ခင် မောင်က လွမ်းကို အလုပ်ဆင်းတိုင်း လာကြိုတတ်ပါတယ်။

တစ်ခါတစ်လေ အိမ်မပြန်သေးဘဲ အင်းယားကန်ဘောင်မှာ လမ်းလျှောက်ရင်း စကားပြောတတ်ပါတယ်။

တစ်ခါတစ်ရံ အင်းယားကန်ထိပ်က ဗူးသီးကြော်ဆိုင်မှာ ဗူးသီးကြော်စားရင်း စကားပြောတတ်ပါတယ်။

ရုံးပိတ်ရက်များမှာ ဇာတ်ကားကောင်းရင် ရုပ်ရှင်သွားကြည့်တတ်ပါတယ်။

လွမ်းနဲ့ မောင်အတူ သွားစားတတ်တဲ့နေရာကတော့ ၃၆-လမ်းက ကြေးအိုးဘုရင်ပါ။ (ခုတော့ မဟာ
ဗန္ဓုလလမ်းမပေါ်ကို ပြောင်းသွားပါပြီ။)

နောက် မောင်ထော်လေးလမ်းထဲက ပန်းသေးခေါက်ဆွဲဆိုင်မှာ စားတတ်ပါတယ်။

လွမ်းက ပန်းသေးခေါက်ဆွဲကို အရည်နဲ့ စားရတာကို နှစ်သက်ပါတယ်။ ခေါက်ဆွဲကို ကြက်သားရည်ထည့်၊ ဂေါ်ဖီရွက်၊ သံပုရာသီး ညှစ်ပြီး ငြုပ်သီးမှုန့် ထည့်စားရတာကို ကြိုက်ပါတယ်။

မောင့်ကို သူငယ်ချင်းများက ချစ်ကြပါတယ်။ မောင်က သူငယ်ချင်းများနဲ့ ချိန်းပြီး သွားရင်တော့ လွမ်းဆီကို မလာနိုင်တော့ပါဘူး။

မောင့်သူငယ်ချင်းများက လွမ်းနဲ့ ကျောင်းနေဖက်တွေဆိုတော့ အကုန် ပြောမနာ၊ ဆိုမနာ သူငယ်ချင်းတွေပါ။ မောင့်ကို ခေါ်သွားရင် လွမ်းက သူငယ်ချင်းတွေကို ရန်တွေ့တတ်ပါတယ်။

Wednesday, June 5, 2013

ကိုယ်စိတ်မကောင်းဘူး

ကိုယ်စိတ်မကောင်းဘူး


လွမ်း မောင့်ကို ချစ်သူတစ်ယောက်အနေနဲ့ နေပေးပေမဲ့ မောင့်အပေါ်မှာ ရင်မခုန်ခဲ့ဘူး…


လွမ်းက ဖုန်းပြောရင် မောင့်ကို ချွဲပြောတတ်တာကလွဲလို့ အမှန်တွေကို မပြောတတ်ခဲ့ဘူး…


လွမ်းက မောင့်ကို ချစ်သူလို့ သတ်မှတ်ပေမဲ့ ဘယ်သူရဲ့ အသိအမှတ်ပြုခြင်းကိုမှ မခံယူစေခဲ့ဘူး…


လွမ်း…မောင့်ကို အလိုလိုက်တတ်ပေမဲ့ မောင်အလိုလိုက်တာကို မတောင်းဆိုခဲ့ဘူး…


မောင် လွမ်းကို စိတ်မဆိုးဖူးသလို မောင့်ကိုလည်း စိတ်မဆိုးခဲ့ဘူး…


မောင် တစ်ပါးသူရင်ခွင်မှာ ရောက်နေမှန်း သိပေမဲ့လည်း စိတ်မဆိုးတတ်ခဲ့ဘူး…


ဘဝမှာ အချစ်ဟာ တစ်စိတ်တစ်ပိုင်းမို့လို့ အချစ်ကို ရှေ့တန်းတင် မမိုက်ခဲ့ဘူး…


လွမ်းရဲ့ဘဝဟာ အလုပ်လုပ်ခြင်းပဲမို့ မောင့်ကို တမ်းတနေဖို့လည်း အချိန်မရခဲ့ဘူး…


မောင် ဖုန်းဆက်တော့ လွမ်း…မောင့်ကို လွမ်းလိုက်တာ လို့ ညာပြောတတ်ခဲ့တယ်…


လွမ်းကစပြီး ဘယ်တော့မှ မောင့်ဆီ ဖုနးမဆက်တတ်ခဲ့ဘူး…