Saturday, June 21, 2008

ဖွင့်ဟဝန်ခံချက်


 ဖွင့်ဟဝန်ခံချက်


စာမရေးဖြစ်တာ ကြာပါပြီ…
ဒီနေ့ မီးငယ်က သူ့ဘလော့ဂ်လင့်ခ်လေးပေးလို့ ဝင်ရင်းနဲ့ ဒီစာလေး ရေးဖြစ်တာပါ… မီးငယ်က သင်္ကြန်မှာ စာရေးဘို့ ပြောပေမဲ့ မရေးဖြစ်ခဲ့ပါဘူး…
ဒီအတွက် ခွင့်လွှတ်ပေးပါ…
စာရေးရင် ရင်ထဲက ခံစားချက်တွေ ရေးမိတတ်တော့ စာရေးရမှာ ကြောက်လာတယ်…
ဒီအရွယ်ရောက်နေပြီ… ခံစားတတ်တုန်းပဲလားလို့ မေးရင်တော့ အဖြေကို သိပြီးဖြစ်မှာပါ…
ဘဝမှာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ပြီးတဲ့နောက် ကိုယ့်ဘဝမှာ ပျော်ရွှင်မှုဆိုတာ မရှိတော့ပါဘူး…
ဒီလိုအချိန်တွေမှာ ကိုယ့်အတွက် ဖြေသိမ့်ပေးနိုင်တယ်လို့ ထင်ရတဲ့ သူငယ်ချင်းတွေနဲ့ ဆုံဆည်းရတဲ့ အခါ သူငယ်ချင်းတွေနဲ့ စကားပြောရတဲ့အချိန်လေးဟာ ကိုယ့်အတွက် ပျော်ရွှင်မှုလေး ရခဲ့တယ်လို့ ဝန်ခံပါတယ်…

ကိုယ့်ဘဝအတွက် ရယူပိုင်ဆိုင်လိုတဲ့ဆန္ဒတွေ မရှိတော့ပါဘူး…

ဒီအတွက် တစ်ချိန်မှာ ကိုယ်ပဲခံစားပြီး ကျန်ရစ်ခဲ့ရမယ်ဆိုတာကို သိနေပါတယ်…

ဒါကြောင့် နောင်ဖြစ်လာမဲ့ အနာဂတ်ဆိုတာကို တွေးမထားချင်ပါဘူး…

ယခုလက်ရှိ ဘဝလေးထဲမှာပဲ နေပျော်ချင်ပါတယ်…



Monday, April 14, 2008

ဘ၀မှတ်တမ်းလေးတစ်ခု

ဘ၀မှာ သံဝေဂရစရာလေးတစ်ခုကို တင်ပြချင်လို့ ပါ...(၇.၄.၀၈) ရက်နေ့ က သတင်းလေးနှစ်ခု ရောက်လာတယ်...တစ်ခုက တစ်ဝမ်းကွဲညီမတစ်ယောက် SSC မှာ မိန်းခလေးမွေးတယ်လို့ ဖုံးဆက်လာပါတယ်... နောက်သတင်းတစ်ခုက ၂-၀မ်းကွဲ အကိုတစ်ယောက် SSC မှာပဲ ဆေးရုံတင်ထားတယ်ဆိုပြီး သိရတာပါပဲ... (၇.၄.၀၈) ရက်နေ့ မှာ ၂-၀မ်းကွဲအကိုဆီ အရင်သွားကြည့်ပါတယ်...အဲဒီနေ့ က အကိုက ကိုမာဝင်သွားပြီဆိုတာ သိလိုက်ရပါတယ်...တရားခွေလေး ဖွင့်ပေးထားပါတယ်...နောက်ဆုံးအချိန်လေးကို စောင့်နေတာတဲ့...အဲဒီအချိန်မှပဲ အကြောင်းစုံသိရပါတယ်...ပျော်ပျော်နေတတ်တဲ့အကိုပါ...ဒီလိုဖြစ်လာလိမ့်မယ် လို့  မျှော်လင့်မထားခဲ့တာပါ...ကင်ဆာလို့ သိလိုက်ရတဲ့အချိန်မှာ အဆင့်-၄ ရောက်သွားပြီဆိုတာ သိလိုက်ရတာတဲ့...(၈.၄.၀၈) ရက်နေ့  မနက် ၇း၁၅ နာရီမှာ ဆုံးသွားတယ်လို့  သတင်းရောက်လာပါတယ်...ဆွေမျိုးမောင်နှမတွေအတွက် ကြေကွဲဝမ်းနည်းဖွယ်ရာသတင်းလေးပါ...


Tuesday, April 1, 2008

လေးကျွန်းစင်္ကြာရပ်တော်မူဘုရားကြီး


ရပ်တော်မူရုပ်ပွားတော်ကြီးကို ၁၃၅၇-ခုနှစ်တွင် ပန္နက်ချခဲ့ပါသည်။

Sunday, March 30, 2008

ခံစားချက်လေးများ


 ခံစားချက်လေးများ

အချစ်ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်နေကြပေမဲ့ ကျနော်ကတော့ သူနဲ့ပြောလို့ စိတ်ခံစားမှုပေးနိုင်ရင် သူ့ကိုချစ်နေမိတာပဲလို့ ယူဆတယ်…

ကျနော်က အချစ်နဲ့ ပတ်သက်ရင် အတ္တကြီးတယ်…
 
ကျနော်ကလွဲပြီး ဘယ်သူ့ကိုမှ ချစ်တယ်ဆိုတာကို မပြောစေချင်ဘူး…

ကျောင်းနေတုန်းက အတန်းထဲမှာ ပထမရအောင် အမြဲကြိုးစားတယ်…

ပြိုင်ရင် အနိုင်ရအောင် ကြိုးစားတယ်…

အချစ်ကို ရခဲ့တုန်းကလည်း မပြိုင်သင့်တဲ့ ပြိုင်ပွဲလေး လုပ်ခဲ့ဖူးတယ်…

၅၂၈-မေတ္တာနဲ့ ၁၅၀၀-မေတ္တာ ပြိုင်တာမှာ ကျနော် အနိုင်ရခဲ့ဖူးတယ်…

ပြန်စဉ်းစားကြည့်တော့ ကျနော် မလုပ်သင့်ဘူး…

ကျနော့်ချစ်သူအတွက် ကျနော်ထည့်မစဉ်းစားခဲ့တာ…

သူအခက်အခဲတွေကြားက ကျနော့်ကို ကျေနပ်အောင် လုပ်ပေးသွားတာ…

ဒါတွေက ဟိုးလွန်ခဲ့တဲ့ ကာလလေးတုန်းကပါ



လွမ်း
 



Wednesday, March 12, 2008

အညာခရီးသို့ တစ်ခေါက်

အညာကို မရောက်တာ ၃-နှစ်ရှိသွားပါပြီ...ဒီတစ်ခါတော့ မရောက်ရောက်ဖြစ်အောင် ချက်ခြင်းစီစဉ်ပြီး သွားဖြစ်ခဲ့ပါတယ်...
မုံရွာထိ ကားလက်မှတ်က သွားချင်တဲ့နေ့  မရတာနဲ့ မန္တလေးကို ကားနဲ့ သွားခဲ့ ပါတယ်...ခရီးသည်ကားနဲ့ သွားတာ ဒီခရီးက ပထမဆုံးပါဘဲ...ဆွေမျိုးတွေက ရေဦးမြို့ ကပါ...သူတို့ က တစ်ရက် ကြိုပြီး မန္တလေးမှာရောက်နှင့်နေပြီး ကားဂိတ်ကို လာကြိုပါတယ်...မန္တလေးမှာ မဟာမြတ်မုနိကြေးသွန်းဘုရားကြီး နဲ့  78 Shopping Mall တို့ ကို သွားဖြစ်ခဲ့ပါတယ်...ရတနာပုံဈေး မီးလောင်တဲ့နေရာကို မရောက်ခဲ့ပါဘူး...လမ်းတွေလဲ ပိတ်ထားလို့ ပါ...


Tuesday, February 19, 2008

ရေချမ်းစင်လေး



ရေချမ်းစင်လေး






ငါဟာ ရေချမ်းစင်လေးပါ

ဖြူလွလွသဲပွင့်များပေါ်


ငြိမ်းချမ်းမှုရသနဲ့


ငါ့ကိုယ်ငါ တည်ဆောက်ချင်ခဲ့တာပါ


သိသူဖြစ်စေ မသိသူဖြစ်စေ


ရန်သူမိတ်ဆွေမဟူ ဘက်မတူခဲ့ရင်လည်း


ငါက ကြည်ဖြူမှာပါ…


ကိုယ့်အရိပ်လေးထဲ ကိုယ်နေ


ကိုယ့်အကိုင်းအုပ်အုပ်လေးနဲ့ ကိုယ်တိမ်မြှုပ်


ဘာကိုမှ အရေးမလုပ်ဘဲ နေနေတာမဟုတ်ပါဘူး


ခရီးသွားတွေဆိုတာ


ငါ့ရှေ့က လမ်းကလေးမှာ နေ့စဉ်ဖြတ်သွားကြတာပဲလေ


သူတို့အသံတွေကို ငါကြားနေရတာပေါ့


သူတို့လှုပ်ရှားမှုတွေကို ငါမြင်တွေ့နေရတာပေါ့


အမှန်နဲ့အမှား ဘယ်လိုချိုတယ်၊ ဘယ်လိုခါးတယ်ဆိုတာ


ရေချမ်းစင်လေးအဖြစ်နဲ့လည်း ငါမှတ်သားနေမိပါတယ်


စိမ့်ဝင်လာမဲ့ အပူမီးတွေအတွက်


ငါ့ရေချမ်းစင်လေးကို ရေမပြတ်ဖြည့်ထားပါ့မယ်


နင်သီချင်းဆိုသလို ငါလိုက်ဆိုလို့မရသေးတာ


နင်ငိုသလို ငါလိုက်ငိုလို့မရသေးတာ


အဲဒီလို ဆိုခွင့်၊ ငိုခွင့် ကင်းမဲ့နေတဲ့ငါ့ကို


ခွင့်လွှတ်ပေးပါဦးကွယ်


စကားတွေ အများကြီးပြောလို့ မရဘူးလေ


ငါက အသက်မဲ့နေတဲ့ ရေချမ်းစင်လေးမို့ပါ…



ရုရှားတွင် ကျောင်းတက်နေသော သူငယ်ချင်းပေးပို့သောကဗျာ ဖြစ်ပါသည်။