Thursday, June 2, 2011

အထီးကျန်သူရဲ့တမ်းခြင်း

အထီးကျန်သူရဲ့တမ်းခြင်း

ခံစားချက် - ၁

လွမ်းစာရေးရင် ရင်ထဲက ခံစားချက်တွေ ရေးမိတတ်တော့ စာရေးရမှာ ကြောက်လာတယ်… 
 
ဒီအရွယ်ရောက်နေပြီ… ခံစားတတ်တုန်းပဲလား လို့ မေးရင်တော့ အဖြေကို သိပြီးဖြစ်မှာပါ…

ဘဝမှာ အကြီးမားဆုံး ဆုံးရှုံးမှုရပြီးတဲ့နောက် ကိုယ့်ဘဝမှာ ပျော်ရွှင်မှုဆိုတာ မရှိတော့ပါဘူး…

ဒီလိုအချိန်တွေမှာ ကိုယ့်အတွက် ဖြေသိမ့်ပေးနိုင်တယ်လို့ ထင်ရတဲ့သူငယ်ချင်းတွေနဲ့ ဆုံဆည်း ရတဲ့အခါ၊ သူငယ်ချင်းတွေနဲ့ စကားပြောရတဲ့အချိန်လေးဟာ ကိုယ့်အတွက် ပျော်ရွှင်မှုလေး ရခဲ့တယ်လို့ ဝန်ခံပါတယ်…

အချစ်နဲ့ ပတ်သက်ပြီး ကိုယ့်ဘဝအတွက် ရယူပိုင်ဆိုင်လိုတဲ့ဆန္ဒတွေ မရှိတော့ပါဘူး…

အချစ်အတွက် တစ်ချိန်မှာ ကိုယ်ပဲ ခံစားပြီး ကျန်ရစ်ခဲ့ရမယ်ဆိုတာကို သိနေပါတယ်…

ဒါကြောင့် နောင်ဖြစ်လာမဲ့ အနာဂတ်ဆိုတာကို တွေးမထားချင်ပါဘူး…

ယခုလက်ရှိ ဘဝလေးထဲမှာပဲ နေပျော်ချင်ပါတယ်…





ခံစားချက် - ၂

လွမ်းဟာ အွန်လိုင်းမှာ သူငယ်ချင်းတွေနဲ့ စလိုက်၊ နောက်လိုက်၊ စိတ်ကောက်လိုက်၊ ပြန်ချော့လိုက်နဲ့ နေတတ်သူပါ…
 
အဲ့ဒီလို နေလာရင်းကနေ သံယောဇဉ်ဖြစ်လာရတဲ့သူ တစ်ယောက် ရလာပါတယ်…

လွမ်းနဲ့သူ စတွေ့ပြီးပြောတုန်းက လွမ်းက ငယ်ရွယ်တဲ့ မိန်းခလေးတစ်ယောက်အနေနဲ့ ပြောတာ…

အဲ့ဒီတုန်းက အတော်ပျော်စရာကောင်းတာ…

နောက် လွမ်းအကြောင်း အမှန်အတိုင်း ဖွင့်ပြောတော့လည်း သူ… လွမ်းကို ဆက်ချစ်ခဲ့တယ်…

အထီးကျန်နေတဲ့ လွမ်းဘဝလေးထဲ သူရောက်လာတော့ ပျော်ခဲ့ရတာ အမှန်ပါ…

ဒါတွေဟာ မဖြစ်နိုင်တဲ့အရာတွေဆိုတာကို သိပေမဲ့လည်း မလွှဲရှောင်နိုင်ခဲ့ပါဘူး…

အွန်လိုင်းမှာ ပြောဆိုနေရင်းနဲ့ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုဟာ ဘာရယ်လို့ ပြောရမှန်း၊ သတ်မှတ်ရမှန်း မသိပေမဲ့ သူ့အပေါ်မှာ သံယောဇဉ်ဖြစ်လာခဲ့တာပါ…

နောင် ဘာဖြစ်မယ်ဆိုတာ ကြိုတင်မတွေးလိုပေမဲ့ ယခုလက်ရှိဘဝလေးမှာ သူနဲ့ စကားပြောနေရရင် စိတ်ထဲမှာ ခံစားပြီး ပျော်နေမိတာ…

လွမ်းက သူ့အပေါ် သံယောဇဉ်ဖြစ်လာတော့ သူနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်စိတ်တွေ၊ မနာလို ဝန်တိုစိတ်တွေ ဖြစ်ပေါ်လာမိတယ်…

သူက လွမ်းအပေါ် တကယ်ချစ်၊ မချစ် မသိပေမဲ့ လွမ်းကို အရမ်းချစ်တယ်လို့ ပြောလာတာကိုပဲ ကျေနပ်နေမိတာလေ…

သူ လွမ်းအပေါ် ဘာလို့ ချစ်သွားတာလည်း မဖြေနိုင်သလို လွမ်းကို မေးလာရင်လည်း ဖြေနိုင်မှာ မဟုတ်ပါဘူး…



ခံစားချက် - ၃


အမှန်အတိုင်းပြောရရင် လွမ်းကို ချစ်တယ်လို့ ပြောခဲ့ဖူးသူတွေ ရှိခဲ့ပါတယ်… 
 
လွမ်းကလည်း သူတို့ကို ချစ်တယ်လို့ ပြန်ဖြေခဲ့ဖူးပါတယ်…

ဒီအချိန်မှာ လွမ်း သူ့တစ်ယောက်ကိုပဲ ချစ်တယ်ဆိုတာကို ကိုယ့်ကိုယ်ကို သိလာရတယ်…

သူကပဲ လွမ်းကို တကယ်ချစ်လို့ပဲလားတော့ မသိဘူးလေ…

သူ့ကိုလည်း လွမ်း တကယ်ချစ်ခဲ့မိတယ်ဆိုတာကို သံသယစိတ်တွေ မထားဘဲ ယုံကြည်စေချင် ပါတယ်…

ခုတော့ သူ… လွမ်းကို လမ်းခွဲဖို့ စကားတွေ ပြောလာပါပြီ…

လွမ်းကို သိပ်ချစ်ပါတယ်လို့ ပြောခဲ့တဲ့သူက လွမ်းကို နှုတ်ဆက်စကားတွေ ပြောလာပါတယ်…

လွမ်းကို နှုတ်မဆက်ဘဲ ထွက်သွားပါလို့ တောင်းဆိုပါရစေ…

လွမ်း… သူ့ကို နားလည်ပေးနိုင်ပါတယ်…

သူခွဲသွားမှ သူ့ကို လွမ်း… တကယ်ချစ်သွားမိပြီဆိုတာကို သိလိုက်ရပါတယ်…

အချစ်ဆိုတာ ရယူပိုင်ဆိုင်ရမှ မဟုတ်ပါဘူး…

လွမ်းချစ်ခဲ့ရတဲ့သူတစ်ယောက်အနေနဲ့ သူ့ကို ဘယ်တော့မှ မမေ့ပါဘူး…

သူ့ကိုလည်း သူချစ်တဲ့ မိန်းခလေးတစ်ယောက်နဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်စေချင် ပါတယ်…

လွမ်းနဲ့ သူ ချစ်ခဲ့တဲ့အချိန်တုန်းကလည်း ဒီစကားကို သူ့ကို ပြောခဲ့ဖူးပါတယ်…

လွမ်း… သူ့အပေါ် အလေးအနက် သွားထားမိတာကိုး…

လွမ်း… အတော်ကြီးကို ခံစားလိုက်ရပါတယ်…

သူက လွမ်းကို ပညာပေးသွားတာလေ…

အွန်လိုင်းမှာ တွေ့တဲ့သူကို အလေးအနက် မထားဖို့ကိုပေါ့… 
 
ကျေးဇူးတင်ပါတယ်…

ခုတော့လည်း လွမ်းတစ်ယောက်ထဲ အထီးကျန်နေဆဲပါပဲ…

 


လွမ်းဧကရီ
၂၆-၀၄-၂၀၁၁
၃:၀၇ နာရီ

No comments: