Wednesday, June 22, 2011

ဝက်ဝံရုပ်လေးရဲ့ သစ္စာတရား

Lwan




ဝက်ဝံရုပ်လေးရဲ့ သစ္စာတရား


အပိုင်း(၁)


လွမ်းစာမရေးဖြစ်တာ ကြာပါပြီ…

ဒီနေ့  ၀က်ဝံမလေးက လွမ်းအိမ်လေးမှာ Comment လာပေးတော့ အမျိုးအမည်မသိ ခံစားချက်လေး ဖြစ်လာခဲ့ပါတယ်…

ဒါနဲ့  ၀က်ဝံမလေးအိမ်ကို ပြန်သွားကြည့်လိုက်တဲ့အခါ မင်္ဂလာပါ…ကျေးဇူးပါ ချော့ကလက်မြို့ တော် တဲ့… အဲလိုရေးထားတဲ့ စာသားလေးကြောင့် လွမ်းသိခဲ့ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ရေးမိအောင် တိုက်တွန်းလိုက်သလိုပါပဲ…
…………………………………………………………………………………………….

အပိုင်း(၂)


လွမ်းက ခံစားချက်လေးတွေကို ချရေးတတ်တဲ့ စာရေးသူတစ်ယောက်ပါ…

ချော့ကလက်မြို့ တော်ကို ရောက်ပြီး သိပ်မကြာခင်မှာပဲ ၀က်ဝံလေးဆိုတဲ့ လူတစ်ယောက်နဲ့  Comment ပေးရင်း ခင်လာပါတယ်…

ဝက်ဝံလေးရဲ့ စာမျက်နှာမှာ ထူးခြားချက်က ၀က်ဝံရုပ်တွေနောက်ခံထားပြီး Slide Show လေးထဲမှာ ငယ်ရွယ်တဲ့ ကောင်လေးပုံ နဲ့  ၀က်ဝံလေးရဲ့ အခုလက်ရှိပုံတွေ တင်ထားတာကို တွေ့  ရပါတယ်…

စာမျက်နှာတစ်ခုလုံး ၀က်ဝံရုပ်တွေနဲ့  ပြည့်နေပါတယ်…

ဝက်ဝံလေးနဲ့  စကားစမြည်ပြောဖြစ်တော့မှ စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေး သိလာရပါတယ်…

……………………………………………………………………………………………

အပိုင်း(၃)


ရခိုင်ပြည်နယ်ရဲ့ မြို့ လေးတစ်မြို့ မှာ ဇာတ်လမ်းလေးက စခဲ့တာပါ…

ကျနော့်နာမည် ညီညီပါ… ရခိုင်မှာ မွေး၊ ရခိုင်မှာပဲ ကြီးပြင်းလာလို့  ရခိုင်သားစစ်စစ်ပေါ့…

အလယ်တန်းကျောင်းတစ်ကျောင်းရဲ့ သတ္တမတန်းမှာ ဆရာနဲ့ ကောင်မလေးတစ်ယောက် ၀င်လာလို့  အတန်းထဲမှာ တစ်ယောက်တစ်ပေါက် ဆူညံနေသံများက တိတ်ဆိတ်သွားပါတယ်…

မင်းတို့ ကို မိတ်ဆက်ပေးမယ်… ဒို့ ကျောင်းကို အသစ်ရောက်လာတဲ့ ကျောင်းသူပဲ … နာမည်က ချမ်းမြေ့တဲ့… မင်းတို့ တွေ လိုအပ်တဲ့အကူအညီကို ပေးရမယ် လို့  ဆရာကပြောပြီး ကောင်မလေးကို နေရာချထားပေးတယ်…

အတန်းရဲ့ အလယ်မှာထားတာဆိုတော့ ကျနော်နဲ့  ဘေးတိုက်ခုံမှာ… ဆံပင်ကို ၂-ဖက်ခွဲစည်းထားပြီး မျက်နှာက လုံးလုံးလေး… အသားကလဲ ဖွေးနေတာပဲ…

နေ့ လည်မုံ့ စားဆင်းတော့ အတန်းထဲမှာပဲ ထိုင်နေတယ်…

ကျနော်ကပဲ စပြီး နင် မုံ့ မစားဘူးလား… ငါနဲ့ အတူသွားမယ်လေ လို့  ပြောတော့

ပထမ မျက်လုံးလေးဝိုင်းသွားတယ်… ပြီးမှ နှစ်လိုဖွယ်ပြုံးပြီး မုံ့ ဗူးပါတယ် လို့  ပြောပြီး မုံ့ ဗူးကို လွယ်အိတ်ထဲက ထုတ်ပြီး ခုံပေါ်တင်လိုက်တယ်… ဖွင့်လိုက်တော့ ပေါင်မုန့် ထောပတ်သုတ် ၂-ချပ်… စားပါအုန်း ဆိုပြီး ၁-ချပ်လှမ်းပေးတယ်…

ကျနော်လဲ သူပေးတာကို ယူစားပြီး နင်က ခုမှ ပြောင်းလာတာလား လို့  မေးလိုက်တယ်…

ဟုတ်တယ်… ဖေဖေက တာဝန်နဲ့  ပြောင်းလာရတာ လို့ ဖြေတယ်…

အဲဒီအချိန်ကစပြီး သူနဲ့  ကျနော် သူငယ်ချင်း စဖြစ်သွားတယ်…

ကျနော့်မျက်နှာက ဒီတိုင်းနေလဲ ပြုံးနေသလို ဖြစ်တော့ လူချစ်လူခင်ပေါတယ်…

ဆရာတွေကလဲ ခိုင်းစရာရှိရင် ကျနော့်ကိုပဲ ခိုင်းတော့ မော်နီတာလို ဖြစ်နေတာ…

ချမ်းမြေ့က လူသစ်ဖြစ်နေတာရယ်၊ အတန်းထဲမှာ ငြိမ်ငြိမ်လေးပဲ နေတတ်သူမို့  ကျနော်တစ်ယောက်ကပဲ သူ့ ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်လာရတယ်…

ကျောင်းတက်၊ ကျောင်းဆင်း ချမ်းမြေ့အိမ်ကပဲ အကြို၊ အပို့  လုပ်ကြတယ်…

ကျနော်နဲ့ က ကျောင်းမှာမှ တွေ့ ကြရတယ်…
ချမ်းမြေ့လေးရဲ့ ထူးခြားချက်က မုံ့ စားဆင်းချိန်တွေမှာ ၀က်ဝံရုပ်လေးတွေ ဆွဲနေတတ်တာပါပဲ...

ချမ်းမြေ့ပုံဆွဲနေရင် ကျနော်က ဘေးကနေ ထိုင်ကြည့်နေရတာလေ...
နောက်တော့ ချမ်းမြေ့က ကျနော့်ကို ၀က်ဝံရုပ်လေးတွေကို ဘယ်လိုဆွဲရတယ်ဆိုတာ သင်ပေးတယ်...

ကျနော်နဲ့ ချမ်းမြေ့ ကွာခြားချက်က ချမ်းမြေ့က စာတော်တယ်… အပေါင်းအသင်းမထားတတ်ဘူး…

ကျနော်က စာညံ့တယ်… အပေါင်းအသင်းပေါတယ်…

ဒါပေမဲ့ စာမေးပွဲတော့ အောင်ပါတယ်…

ရှစ်တန်းရောက်တော့ ကျနော်နဲ့ ချမ်းမြေ့က အရမ်းကို ရင်းနှီးတဲ့ ပြောမနာ၊ ဆိုမနာ သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်… ဒါပေမဲ့ ကျနော်တို့  နှစ်ယောက်ရဲ့ ပျော်ရွှင်မှုက အချိန်တိုတောင်းပါတယ်…

တစ်ရက် ချမ်းမြေ့ကျောင်းကိုရောက်တော့ မျက်နှာက မကောင်းဘူး…

မုံ့ စားဆင်းချိန်မှာ ချမ်းမြေ့ မပြောမဆိုနဲ့  ငိုပါလေရော…

ကျနော် ဘာလုပ်ရမှန်းမသိဘူး… ကြောင်ကြည့်နေမိတယ်… ချော့ရကောင်းမှန်းလဲ မသိခဲ့ဘူး…

ဖွေးနေတဲ့မျက်နှာလေးဟာ နီရဲနေပြီး ခဏအကြာမှာ ရှိုက်သံနဲ့  ငါတို့ ဖေဖေ နယ်ပြောင်းမိန့်  ကျတယ်… ငါတို့  ရန်ကုန်ကို ပြောင်းရမယ်တဲ့…

ကျနော်ရင်မှာ ဟင်းလင်းပွင့်သွားသလိုပဲ… ဘယ်နေ့ လဲ… ဘယ်တော့ သွားမှာလဲ…

ငါနောက်တစ်ပတ်ပဲ ကျောင်းတက်ရတော့မှာ…

ကျနော်…ဘာတစ်ခွန်းမှ မပြောနိုင်ခဲ့ဘူး…

နောက်တစ်ရက် ကျောင်းမုံ့ စားဆင်းချိန်မှာ ကျနော် သူ့ ကို ၀က်ဝံရုပ်လေး လက်ဆောင်ပေးပြီး

ဒီဝက်ဝံရုပ်လေးကို ငါ့ကိုယ်ပွားအနေနဲ့  သိမ်းထားပေးပါဟာ… ဒီဝက်ဝံရုပ်လေးဟာ ငါတို့  နှစ်ယောက်ရဲ့ အမှတ်အသားတစ်ခုလို့ လဲ နင် နားလည်ထားနော်… တစ်နေ့  ကျရင် နင့်ဆီ ငါ အရောက်လာခဲ့မယ်…

ချမ်းမြေ့ဟာ ၀က်ဝံရုပ်လေးကို ပိုက်ပြီး မျက်ရည်တွေ စီးကျလာပါတယ်…

နင်နဲ့  ငါဟာ သူငယ်ချင်းဖြစ်တဲ့ အချိန်ကာလတိုပေမဲ့ ငါ့ရင်ထဲမှာ နင်က တစ်ယောက်တည်းသော သူငယ်ချင်းပါ… နင့်ကို ငါ ဘယ်တော့မှ မမေ့ဘူးဆိုတာ ယုံထားပါနော်…

ငါ..နင့်ကို ယုံပါတယ်…

ဒီလိုနဲ့  ကျနော်တို့ သူငယ်ချင်းနှစ်ယောက် ကွဲကွာသွားခဲ့ကြတယ်…

ကျနော်တို့ မြို့ လေးက လမ်းပန်းဆက်သွယ်ရေးခက်တော့ ချမ်းမြေ့နဲ့  အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်…

ကျနော် ဆယ်တန်းအောင်တော့ ဦးလေးတစ်ယောက်အကူအညီနဲ့  ကျောင်းဆက်မတက်တော့ပဲ မလေးရှားနိုင်ငံကို ထွက်လာခဲ့ရပါတယ်…

ကျနော် အဝေးရောက်ချိန်မှာ ကျနော်သတိရနေတဲ့သူက ကျနော့်သူငယ်ချင်းကိုပါပဲ…

ချမ်းမြေ့ကို သတိရတဲ့စိတ်နဲ့  ၀က်ဝံရုပ်လေးတွေကို ဆွဲထားတဲ့ပုံလေးတွေလဲ အများကြီးဖြစ်နေပြီလေ...

ခုခေတ်ရဲ့ တိုးတက်လာမှုကြောင့် ကျနော်အင်တာနက်ကို သုံးခွင့်ရခဲ့တယ်…

ဒီအချိန်မှာ မြန်မာတို့ ရဲ့ Network လေးတစ်ခုဖြစ်တဲ့ ချော့ကလက်မြို့ တော်ကို ကျနော်ဝင်ဖြစ်ခဲ့တယ်…

အဲဒီအခါ ကျနော် ချမ်းမြေ့ကို ရှာချင်လာမိပါတယ်… ကျနော်နဲ့  ချမ်းမြေ့တို့ ရဲ့ တစ်ခုတည်းသော ဆက်သွယ်ရမဲ့အရာလေးက ၀က်ဝံရုပ်လေးပါ… ကျနော် ချမ်းမြေ့ဆီ အရောက်လာမယ်ဆိုတဲ့ ကတိစကားကို ကျနော်မဖျက်ဘူး… ကျနော့်ရဲ့ သူငယ်ချင်းအပေါ်ထားတဲ့ သစ္စာတရားကြောင့် ကျနော် ချမ်းမြေ့ကို တွေ့ မယ်လို့  ယုံကြည်တယ်…

ဒီတော့ ကျနော့်စာမျက်နှာတစ်ခုလုံးကို ၀က်ဝံရုပ်လေးတွေနဲ့  ချယ်မှုန်းထားလိုက်ပါတော့တယ်…

ကျနော် ငယ်စဉ်က ရိုက်ထားတဲ့ဓါတ်ပုံလေးပါ တင်ထားလိုက်ပါတယ်…

the crazies of bear ဆိုတဲ့ Group လေးကို ဖွဲ့ ထားပြီး ကျနော့်လိုပဲ ၀က်ဝံရုပ်လေးတွေကို ချစ်တဲ့သူတွေကို စုစည်းပြီး ပျော်ရွှင်တဲ့ဘ၀လေးတွေကို ဖန်တီးပေးတတ်တဲ့ ၀က်ဝံရုပ်လေးတွေကို ချစ်တတ်အောင် တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ပါတယ်...

……………………………………………………………………………

အပိုင်း(၄)


ဒီဇာတ်လမ်းလေးကြားတော့ လွမ်း တကယ့်ကို အံ့သြမိပါတယ်…

ငယ်စဉ်က ကွဲသွားတဲ့ သူငယ်ချင်းကို ရှာနေတဲ့ ၀က်ဝံလေးကိုလဲ လွမ်း အားကျမိပါတယ်…

ဝက်ဝံလေးက ချော့ကလက်မြို့ တော်ထဲမှာ the crazies of bear ဆိုတဲ့ Group ကိုလဲ ဖွဲ့  လိုက်ပါသေးတယ်…

ဝက်ဝံရုပ် ချစ်တတ်သူများကို လိုက်လံစုစည်းနေပါတယ်…

ဝက်ဝံရုပ်ချစ်တတ်သူထဲမှာ လွမ်းလဲ တစ်ယောက်အပါအ၀င်ပါ…

အခုအချိန်ထိ ၀က်ဝံရုပ်လှတာတွေ့ ရင် ၀ယ်တတ်လေ့ရှိတာမို့  ၀က်ဝံရုပ်လေးများဟာ လွမ်းအိပ်ရာမှာ နေရာများစွာ ယူထားပါတယ်…

ယုံယုံကြည်ကြည်နဲ့  စိတ်အားထက်သန်စွာ လုပ်ဆောင်နေတဲ့ ၀က်ဝံလေးကို မေးရတယ်…

ဝက်ဝံလေး…ဒီလိုမျိုးရှာနေတာ တွေ့ မယ်လို့  ထင်လား ဟင်…

လွမ်းရေ… ၀က်ဝံလေးတော့ တစ်နေ့ နေ့  တွေ့ မယ်လို့  ယုံကြည်တယ်… ချမ်းမြေ့လဲ ၀က်ဝံလေးကို တွေ့ ချင်နေမှာပဲလို့  ယုံကြည်တယ်… ၀က်ဝံလေးစာမျက်နှာကို ချမ်းမြေ့ရှာတွေ့ ပါစေလို့  ဆုတောင်းရမှာပဲ…

လွမ်းပါ ၀က်ဝံလေးနဲ့ အတူ စိတ်မောမိပါတယ်… လူများစွာထဲက ချမ်းမြေ့ဆိုတဲ့ မိန်းခလေးက ချော့ကလက်မြို့ တော်ကို ၀င်လာအုန်းမှ၊ ၀င်လာပြန်တော့လဲ ၀က်ဝံလေးစာမျက်နှာကို ရှာတွေ့  အုန်းမှ သူငယ်ချင်းနှစ်ယောက် ပြန်ဆုံမဲ့အဖြစ်ပါ…

ဒီလိုနဲ့  လွမ်းလဲ ၀က်ဝံလေးရဲ့ ဇာတ်လမ်းကို ခေတ္တမေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့ပါတယ်…

………………………………………………………………………………….

အပိုင်း(၅)


၂၀၁၀-ခုနှစ် ဇန်န၀ါရီလ ၃၁-ရက်နေ့ မှာတော့ ၀က်ဝံမလေးဆိုတာ ချော့ကလက်မြို့  တော်ကို ၀င်ရောက်လာပါတယ်…

ပထမဆုံးသတိထားမိသူကတော့ ၀က်ဝံလေးပါပဲ…

ဝက်ဝံရုပ်လေးတွေနဲ့  ပတ်သတ်ပြီး Crazy ဖြစ်နေတဲ့သူက ၀က်ဝံမလေးဆိုတာ ၀င်လာတာနဲ့  သွားမိတ်ဆက်ပါတော့တယ်…
ဘ၀မှာ မထင်မှတ်တာတွေဟာ ဖြစ်တတ်တယ်ဆိုတာ မှန်ပါတယ်…

ဝက်ဝံလေးက သူ့ သူငယ်ချင်း ၀က်ဝံမလေး ပြန်တွေ့ ပြီလို့  လွမ်းကို လာပြောတော့ လွမ်း ယုံတောင် မယုံဘူး…

အမှန်ပဲ လွမ်းရ… ၀က်ဝံရုပ်လေးကြောင့်ရယ်၊ ၀က်ဝံလေးတို့ ကို ပြန်ဆုံတွေ့ အောင် ဖန်တီးခဲ့တဲ့ ချော့ကလက်မြို့ တော်ကြောင့်ရယ် သူငယ်ချင်း ချမ်းမြေ့ကို ပြန်တွေ့  ရတာ…

ဒါကြောင့် ၀က်ဝံမလေးက သူ့ စာမျက်နှာမှာ ကျေးဇူးပါ ချော့ကလက်မြို့ တော် လို့  ရေးထားတာကိုး…

ပျော်ရွှင်နေသော ၀က်ဝံလေးကို ကြည့်ပြီး လွမ်းလဲ ပျော်ရွှင်ရပါတယ်…

ဝက်ဝံမလေးကို လွမ်းမေးကြည့်တဲ့အခါ ခုချိန်ထိ ညီညီပေးထားသော ၀က်ဝံရုပ်လေးကို အမြတ်တနိုး အနားမှာပဲ အမြဲထားကြောင်း…
တစ်ချိန်ချိန် ညီညီက သူ့ ကို လာရှာမယ်ဆိုတာ ယုံကြည်ကြောင်း…
ချော့ကလက်မြို့ တော်ကို ၀င်လာတော့ ၀က်ဝံလေးဆိုသူက လာမိတ်ဆက်တဲ့အခါ ညီညီဖြစ်မယ်ဆိုတာ ချမ်းမြေ့ယုံကြည်ကြောင်း…
ချမ်းမြေ့ကိုယ်တိုင် နာမည်ပေးတဲ့အခါ ၀က်ဝံမလေးလို့ ပင် အမည်ပေးခဲ့ကြောင်း…
ညီညီဟာ ချမ်းမြေ့ရဲ့ တစ်ဦးတည်းသောသူငယ်ချင်း ဖြစ်ခဲ့ကြောင်း
ပြောပြပါတယ်…

ဝက်ဝံရုပ်လေးကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ သစ္စာတရားကြောင့် ပြန်လည်ဆုံတွေ့  ရတဲ့ဇာတ်လမ်းလေးဟာ လွမ်းအတွက်တော့ အံ့သြကြည်နူးစရာ ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ…

ညအိပ်ရာဝင်လို့  ၀က်ဝံရုပ်လေးတွေ မြင်တိုင်း ၀က်ဝံလေးနဲ့  ၀က်ဝံမလေးတို့  သူငယ်ချင်းနှစ်ယောက်ကို သတိရလွမ်းနေလျက်ပါ…




လွမ်း

၃၀-၀၉-၂၀၁၀

နံနက် ၂း၁၀


ဝန်ခံချက်။ ။ ချော့ကလက်မြို့ တော်မှ ၀က်ဝံလေးနဲ့  ၀က်ဝံမလေးတို့ ရဲ့ တကယ့်အဖြစ်အပျက်အပေါ်တွင် ဇာတ်လမ်းဆင် ဖန်တီးထားခြင်းဖြစ်ပါတယ်…

No comments: