Wednesday, June 8, 2011

အလှူ

အလှူ

မင်းကွန်းတိပိဋကဓရ၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ ဆရာတော်ဘုရားကြီး


နည်းပေးချီးမြှင့်အပ်သော အန္တရာယ်မရောက် ကိစ္စပြီးမြောက်ကြောင်း ဂါထာပါဌ်အနက်



၁။ ဘ၀သောတံ ဟဝေ ဗုဒ္ဓေါ၊ တိဏ္ဏော လောကန္တဂူဝိဒူ။

 ဧတေန သစ္စ၀ဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။

ဗုဒ္ဓေါ - သဗ္ဗညုဗုဒ္ဓအမည်ရသည့် လောကထွဋ်ထား မြတ်ဘုရားသည်၊ ဟဝေ - စင်စစ်ဧကန် အမှန်ပင်၊ ဘ၀သောတံ - ဘ၀သုံးသွယ် ရေပြင်ကျယ်ကို၊ တိဏ္ဏော- နိဗ္ဗာန်ထုတ်ချောက် မှာကမ်းရောက်အောင် ကူးမြောက်တော်မူလေပြီး၊ ၀ါ - ကူးမြောက်တော်မူပြီး ဖြစ်ရကား၊လောကန္တဂူ - လောကဓံအဆုံးသို့  နှလုံးကြည်ဖြူ ဆိုက်ရောက်တော်မူလေပြီ၊ ၀ိဒူ
- ခပ်သိမ်းသောတရားတို့ ကို ပိုင်းခြားထင်ထင် သိမြင်တော်မူလေပြီ။


ဧတေန သစ္စ၀ဇ္ဇေန- ၀စီမင်္ဂလာ ဤသစ္စာစကားကြောင့်၊ မေ - အကျွန်ုပ်၏၊ ဂမနံ -ယခုခရီးသွားခြင်းကိစ္စ ခပင်းသည်၊ သမိဇ္ဈတု - သိဒ္ဓိဌာန်ထောက် တံခွန်ဆောက်၍ ပြီးမြောက်ကုံလုံ ပြည့်စုံပါစေသတည်း၊ ၀ါ - အန္တရာယ် မမှောက် ရန်မနှောက်ဘဲ ထမြောက်ကုံလုံ ပြည့်စုံပါစေသတည်း။





၂။ ယဒိ သန္တိဂမော မဂ္ဂေါ၊ မောက္ခော အစ္စန္တိကံသုခံ။


ဧတေန သစ္စ၀ဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။



မဂ္ဂေါ - လောကုတ္တရာတရား အရိယာမဂ်လေးပါးသည်၊ ယဒိဇာတု - စင်စစ်ဧကန် အမှန်ပင်၊ သန္တိဂမော - နိဗ္ဗာန်ထုတ်ချောက် ရောက်စေနိုင်၏၊မောက္ခောစ - အရိယာမဂ်ဖြင့် ရောက်အပ် နိဗ္ဗာန်တရားတော်မြတ်သည်လည်း၊
အစ္စန္တိကံ သုခံ - ချမ်းသာစင်စစ် ဧကန်ဖြစ်၏။


ဧတေန သစ္စ၀ဇ္ဇေန- ၀စီမင်္ဂလာ ဤသစ္စာစကားကြောင့်၊ မေ - အကျွန်ုပ်၏၊ ဂမနံ - ယခုခရီးသွားခြင်းကိစ္စ ခပင်းသည်၊ သမိဇ္ဈတု - သိဒ္ဓိဌာန်ထောက် တံခွန်ဆောက်၍ ပြီးမြောက်ကုံလုံ ပြည့်စုံပါစေသတည်း၊ ၀ါ - အန္တရာယ် မမှောက် ရန်မနှောက်ဘဲ ထမြောက်ကုံလုံ ပြည့်စုံပါစေသတည်း။





၃။ သံဃော ဝေ တိဏ္ဏကန္တာရော၊ ပုညက္ခေတ္တော အနုတ္တရော။

 ဧတေန သစ္စ၀ဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။

သံဃော - ပရမတ္ထ အရိယာ သံဃာတော်မြတ်သည်၊ ဝေ - စင်စစ်ဧကန် အမှန်ပင်၊ တိဏ္ဏကန္တာရော
- သံသရာခရီးခဲကို အံ့အဲစလောက် ဘက်ကမ်းရောက်အောင် ကူးမြောက်တော်မူပြီး ဖြစ်တော်မူပေ၏၊ အနုတ္တရော - အတုမရှိ လွန်မြတ်ဘိသော၊
ပုညက္ခေတ္တော - ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေစစ် ပုညခေတ်လည်း ဖြစ်ပါပေ၏။


ဧတေန သစ္စ၀ဇ္ဇေန- ၀စီမင်္ဂလာ ဤသစ္စာစကားကြောင့်၊ မေ - အကျွန်ုပ်၏၊ ဂမနံ - ယခုခရီးသွားခြင်းကိစ္စ ခပင်းသည်၊ သမိဇ္ဈတု - သိဒ္ဓိဌာန်ထောက် တံခွန်ဆောက်၍ ပြီးမြောက်ကုံလုံ ပြည့်စုံပါစေသတည်း၊ ၀ါ - အန္တရာယ် မမှောက် ရန်မနှောက်ဘဲ ထမြောက်ကုံလုံ ပြည့်စုံပါစေသတည်း။






(မှတ်ချက်) ဂါထာသုံးပုဒ်လုံး၏ အဆုံး၌


ချမ်းသာလိုသူသည်(သောတ္ထိ မေ ဟောတု သဗ္ဗဒါ)


အနာရောဂါကင်းပျောက်လိုသူသည်(ဗျာဓိ မေ ၀ူပသမတု)


အချုပ်အနှောင်မှ လွတ်မြောက်လိုသူသည်(ဗန္ဓနာ မေ ပမုစ္စတု) ဟု
ထည့်သွင်းရွတ်ဆိုနိုင်ပါသည်။





မေ - ငါ၏၊ သောတ္ထိ - ချမ်းသာခြင်းသည်၊ ဟောတု- ဖြစ်ပါစေသတည်း။


မေ - ငါ၏၊ ဗျာဓိ - ဖျားနာခြင်းသည်၊ ၀ူပသမတု- ငြိမ်းအေးပပျောက်ပါစေသတည်း။


မေ - ငါ့အား၊ ဗန္ဓနာ - အနှောင်အဖွဲ့ မှ၊ ပမုစ္စတု- လွတ်မြောက်ပါစေသတည်း။





ဘုရားဂုဏ်တော်ကို ရွတ်ဆိုပြီး (၁) ဂါထာ၊ တရားဂုဏ်တော်ကို ရွတ်ဆိုပြီး (၂) ဂါထာ၊ သံဃာဂုဏ်တော်ကို ရွတ်ဆိုပြီး (၃) ဂါထာတို့ ကို ရွတ်ဆိုပါက ပိုကောင်းပါသည်။


မဟာကပ္ပိနမင်းကြီးသည် ရတနာသုံးပါးကို တိုင်တည်၍ ဤဂါထာ (၃)ပုဒ်ကို သစ္စာပြုရွတ်ဆိုပြီး မြစ်သုံးတန်ကို ကူးသောအခါ မြင်းခွာရေမစိုပဲ ကူးမြောက်နိုင်ပေသည်။


(မဟာဗုဒ္ဓ၀င်၊ ဆဋ္ဌမတွဲ၊ ပထမပိုင်း၊ မဟာကပ္ပိနမထေရ်အကြောင်း စာမျက်နှာ - ၅၅၄)


ဓမ္မဒါန အလှူရှင်- ဆရာတော် ဦးဣန္ဒာစက္က


ရွှေဂုံပရိယတ္တိစာသင်တိုက်၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့ ။


ဖုန်း - (၀၁) ၅၅၈၃၆၈၊ ၅၅၇၄၂၄

…………………………………………………………………………………………………………………..

၂၀၁၀-ခုနှစ်၊ ဇွန်လ-၆ ရက်


အနော်မာရဲ့ မိခင်က လွမ်းဆီကို ဖုံးဆက်ပြီး ရွှေဂုံပရိယတ္တိစာသင်တိုက်မှ ဘုန်းဘုန်းက စာရေးကိရိယာအလှူခံကြောင်း ဖုံးဆက် ပြောကြားတဲ့အတွက် ဆရာတော်ရဲ့ ဘုန်းကြီးကျောင်းသို့  သွားရောက်၍ ဗလာစာအုပ် ၁၀- ဒါဇင် လှူဒါန်းခဲ့ပါတယ်…


ပဲခူးတိုင်း၊ က၀မြို့ နယ်၊ သပြေကန်အသင်း ကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းအတွက် ကျောင်းဖွင့်ချိန် လိုအပ်နေသော ပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကရိယာများ အလှူခံခြင်းဖြစ်ကြောင်း ဆရာတော်က ရှင်းပြပါတယ်…


ကျောင်းဆောင်ဆောက်လုပ်မည့် အစီအစဉ်လေးကိုလည်း မိန့် တော်မူပါတယ်…


အထက်ဖော်ပြပါ ဂါထာကို ဆရာတော်က လွမ်းကို ပေးလိုက်တဲ့အတွက် လွမ်းက တစ်ဆင့် ဓမ္မဒါန ဖြန့် ဝေပေးခြင်းဖြစ်ပါတယ်…


အဲဒီ့နေ့ ညနေမှာပဲ မြူခိုးဖခင် ဦးကျော်လှိုင်က လွမ်းတို့  ငါးသုံးက ကျောင်းဆောက်လုပ်လှူဒါန်းခဲ့သော ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့ နယ်၊ ဒေါင်းရေကျော်ကျေးရွာမှ ဆရာတော်က ရန်ကုန်သို့  ရောက်ရှိနေကြောင်း၊ ပြဋ္ဌာန်းစာအုပ်နဲ့  ဗလာစာအုပ် ၁၀-ဒါဇင် အလှူခံကြောင်း ဖုံးဆက်ပြောကြားပါတယ်…

…………………………………………………………………………………………………………………..


၂၀၁၀-ခုနှစ်၊ ဇွန်လ ၈-ရက်

လွမ်းသူငယ်ချင်း ဦးအောင်ဆွေက Triple Three ဗလာစာအုပ်ဖြန့်  ဝေသူဆိုတော့ ဖုံးဆက် အကူအညီတောင်းခံရပါတယ်… ဆရာတော်က ဒီနေ့  ပြန်မှာဆိုတော့ ဆရာတော်အပြန် ထည့်ပေးနိုင်ဖို့  လွမ်းနာမည်နဲ့  ဗလာစာအုပ် ၁၀-ဒါဇင် လှူဒါန်းနိုင်ရန် သူငယ်ချင်းက ထုတ်ပေးလိုက်ပါတယ်… သူငယ်ချင်းကလည်း တစ်ဒါဇင် လှူပါတယ်… ပြီးခဲ့တဲ့နှစ်က ဒေါင်းရေကျော်ရွာ အလယ်တန်းကျောင်းဆောင်အတွက် ဗလာစာအုပ် ၁၀-ဒါဇင် လှူဒါန်းခဲ့သူပါ…


ဦးကျော်လှိုင်က ဖုံးဆက်၍ ဆရာတော်က ကျေးဇူးတင်စကားပြောချင်လို့ ဆိုပြီး လွမ်းနဲ့  ဆရာတော် စကားပြောဖြစ်ပါတယ်…


ဆရာတော်က လိုအပ်နေသော ဗလာစာအုပ် လှူဒါန်းတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့  ကျောင်းရေစက်ချစဉ်က လိုက်မလာတဲ့အတွက် ရွာကထိန်ပွဲ ရောက်ရင် ဆက်ဆက်လာခဲ့ဖို့  မှာကြားပါတယ်…


လွမ်း လှူဒါန်းလိုက်သည်မှာ ငွေကြေးပမာဏအားဖြင့် မများသော်လည်း ဆရာတော်ကိုယ်တိုင် လွမ်းကို ဖုံးဆက်ပြောကြားတဲ့အတွက် ဖြစ်ရတဲ့ပီတိလေးက ခုထိ ကြည်နူးဝမ်းသာရပါတယ်…

…………………………………………………………………………………………………………………..

၂၀၁၁-ခုနှစ်၊ မေလ-၁၅ ရက်


ရွှေဂုံပရိယတ္တိစာသင်တိုက်မှ ဘုန်းဘုန်းက လွမ်းဆီကို ဖုံးဆက်ပြီး စာရေးကိရိယာ အလှူခံပါတယ်...


၂၀၁၁-ခုနှစ်၊ မေလ-၁၆ ရက်


ဆရာတော်ရဲ့ ဘုန်းကြီးကျောင်းသို့  သွားရောက်၍ ဗလာစာအုပ် ၁၀- ဒါဇင် (တန်ဖိုးငွေ- နှစ်သောင်းနှစ်ထောင်ကျပ်) လှူဒါန်းခဲ့ပါတယ်…


ပဲခူးတိုင်း၊ က၀မြို့ နယ်၊ သပြေကန်အသင်း ကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းအတွက် ကျောင်းဖွင့်ချိန် လိုအပ်နေသော ပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကရိယာများ အလှူခံခြင်းဖြစ်ကြောင်း ဆရာတော်က ရှင်းပြပါတယ်…

လွမ်းပြုသမျှ ကုသိုလ်များကို သူငယ်ချင်းများအားလုံးကို အမျှပေးဝေပါတယ်…


အားလုံး ကြားကြားသမျှ အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်သော်။
အားလုံး ကြားကြားသမျှ အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်သော်။
အားလုံး ကြားကြားသမျှ အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်သော်။




လွမ်းဧကရီ
၀၈-၀၆-၂၀၁၁

No comments: