Monday, January 4, 2010

နှုတ်ဆက်မင်္ဂလာ


New Year

နှုတ်ဆက်မင်္ဂလာ

လွမ်း ဒီတစ်ခါတော့ တရားအကြောင်းလေး ရေးချင်ပါတယ်…
ခုဆိုရင် ၂၀၀၉-ခုနှစ်ကုန်လို့  ၂၀၁၀-ခုနှစ်ကို ရောက်လာပြီဖြစ်ပါတယ်…
လွမ်းတို့  ဗုဒ္ဓဘာသာရဲ့ နှစ်ကူးချိန်က မြန်မာသက္ကရာဇ် နှစ်ဆန်းတစ်ရက်နေ့ ပါ…
အင်တာနက်သုံးနေတဲ့သူတွေအတွက်တော့ နှစ်ဆန်းတစ်ရက်နေ့ ဟာ ၂၀၁၀-ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက်နေ့ ပါ…
လွမ်း ၂၀၀၉-ခုနှစ်၊ ဒီဇင်ဘာလ(၂၅)ရက်နေ့ မှာ အမဖြစ်သူရဲ့သူငယ်ချင်းက သူ့  မွေးနေ့ ကို မဟာဝိသုဒ္ဓါရုံကျောင်းမှာ အာရုံဆွမ်းနဲ့  နေ့ ဆွမ်းကပ်လှူတာကို ဖိတ်ကြားတဲ့အတွက် အမနဲ့ အတူ သွားရောက်ခဲ့ပါတယ်…
အာရုံဆွမ်းက နံနက် ၅-နာရီခွဲမှာ ဘုဉ်းပေးမှာဖြစ်တဲ့အတွက် ၅း၁၅ နာရီကို အရောက်သွားခဲ့ပါတယ်…
နံနက် ၅း၃၀နာရီမှာ သံဃာတော်များဟာ ဆွမ်းစားဆောင်ကို ကြွလာကြလာပါတယ်…
အာရုံဆွမ်းကပ်ထားသော စားပွဲများမှာ တန်းစီပြီး အစီအစဉ်လိုက် နေရာယူတာ အရမ်းကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ ရပါတယ်… အာရုံဆွမ်းအဖြစ် မုန့် ဟင်းခါးဆွမ်း ဘုဉ်းပေးတာ ဇွန်းသံ လုံးဝမကြားရပဲ တိတ်ဆိတ်စွာ ဘုဉ်းပေးနေသည်မှာလည်း လွန်စွာမှ ကြည်ညိုဖွယ်ရာပါ…
နေ့ ဆွမ်းမကပ်ခင် တရားဟောမှာက ၉း၃၀နာရီဖြစ်တဲ့အတွက် လွမ်းတို့ တွေ အိမ်ကိုတစ်ခေါက် ပြန်လာခဲ့ပါတယ်…
တရားဆိုတာ နာထိုက်မှ နာရတယ်ဆိုတာ လွမ်းအတွက်တော့ အမှန်ပါပဲ…


လွမ်းတို့ ရပ်ကွက်မှာ တရားပွဲတွေ လာလုပ်ပါတယ်…

တရားနာဖို့  အဖော်မရှိလို့  သွားမနာဖြစ်ပါဘူး…
ဒီလိုပြောရင် လွမ်းကို ပြန်ပြောမယ်ဆိုတာ သိပါတယ်… တရားနာတာ အဖော်ပါဖို့  လိုလား လို့ …
မွေးလာတော့လဲ တစ်ယောက်တည်း… သေသွားရင်လဲ တစ်ယောက်တည်းပဲ သွားရမှာပဲလေ… လွမ်းသေရင် လွမ်းနဲ့ အဖော်လိုက်မဲ့သူရှိမှာ မဟုတ်ပါဘူးနော်…
အကြောင်းပြချက်အမျိုးမျိုးနဲ့  တရားမနာဖြစ်ခဲ့ပါဘူး…
လွမ်းရဲ့အမ သွားချင်တဲ့ဆန္ဒနဲ့  လွမ်းရဲ့ တိပိဋကယောဆရာတော်ကို ဖူးတွေ့  ချင်တဲ့ဆန္ဒကြောင့် မဟာဝိသုဒ္ဓါရုံတိုက်သစ်သို့  ဒုတိယတစ်ကြိမ် ပြန်လည်သွားရောက်ခဲ့ပါတယ်…
အမသူငယ်ချင်းကျေးဇူးကြောင့် ယောဆရာတော်ရဲ့ တရားကို လွမ်း နာကြားခွင့် ရခဲ့ပါတယ်…
တရားမဟောခင် ဆရာတော်ဘုရားက ဆရာတော်ဟောကြားခဲ့တဲ့တရားတွေကို ရေးသားထားတဲ့ စာအုပ်လေးတွေ ဝေပေးပါတယ်…
ဆရာတော်ဟောကြားတာကတော့ လွမ်းတို့ တွေဟာ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ရင် "နေကောင်းပါရဲ့လား" လို့  နှုတ်ဆက်ကြတယ်တဲ့… အမှန်တော့ အဲလို နှုတ်ဆက်ရမှာ မဟုတ်ပါဘူးတဲ့… "ခန္ဓာကို သုံးဖြစ်သေးရဲ့လား" လို့  နှုတ်ဆက်ကြရမှာပါတဲ့...
နတ်ပြည်မှာသာ နေကောင်းရဲ့လားလို့  နှုတ်ဆက်ရမှာတဲ့… နတ်ပြည်ကသာ နေကောင်းတာပါတဲ့... နတ်စည်းစိမ်အပြည့်အ၀နဲ့  ၁၆-နှစ်အရွယ်ကနေကို မပြောင်းလဲပဲနေသွားကြရတာတဲ့…
လူ့ ပြည်ကတော့ နေလို့ မကောင်းပါဘူးတဲ့… လွမ်းတို့ တွေဟာ အိုလာကြရမှာ… နာလာကြရမှာ အသေအချာပဲတဲ့လေ… ဒါပေမဲ့ အဲလို အိုလာတာ… နာလာတာတွေဟာ လွမ်းတို့ ကို ကုသိုလ်စိတ်ဖြစ်လာအောင် တွန်းအားပေးတဲ့အရာတွေပါတဲ့…
ဆရာတော်ဟာ ဥပမာလေးပေးပြီး ဟောကြားပါတယ်…
လွမ်းတို့ မှာ မွေးထားတဲ့ကြောင်လေးက ကုသိုလ်စိတ်ပါတဲ့… မမွေးပဲ ရောက်လာတာ အိုခြင်း၊ နာခြင်းဆိုတဲ့ ခွေးဆိုးနှစ်ကောင်ပါတဲ့… ရောက်လာတဲ့ ခွေးဆိုးနှစ်ကောင်ကြောင့် ကိုယ်မွေးထားတဲ့ ကြောင်လေး ထွက်ပြေးသွားရတယ်ဆိုတာ မဖြစ်စေရဘူးတဲ့… အိုလာတာ၊ နာလာတာတွေကို လက်ခံနိုင်ရမယ်တဲ့…
လူတွေမှာ အိုလာတာ၊ နာလာတာတွေကြောင့်လဲ ကုသိုလ်စိတ်ရအောင် ဘုရားရှင်ဟောကြားတော်မူတဲ့ တရားအတိုင်း သစ္စာ ၄-ပါး အမှန်တရားကို သိမြင် ဖို့ လိုပါတယ်...
အရှိအတိုင်း တကယ်သိအောင်လုပ်နေရမယ့်ဒုက္ခ၊ ဒုက္ခကို ဖြစ်စေတတ်လို့  မကောင်းတာကြောင့် ပယ်စွန့်  နေရမယ့်သမုဒယ၊ ဒုက္ခနှင့်သမုဒယ အဆိုးနှစ်ပါး လုံးဝကုန်ဆုံး ချုပ်ငြိမ်းသွားလို့  ကောင်းတာကြောင့် ဆိုက်ရောက်နိုင်အောင် ရအောင် အမြဲဦးတည်ထားရမယ့် နိရောဓ၊ အကောင်းဆုံးနိရောဓကို ရအောင် ရောက်အောင် လုပ်ပေးနိုင်လို့  ကောင်းတာကြောင့် အမြဲဖြစ်ပေါ်တိုးပွားအောင်လုပ်နေရမယ့် မဂ္ဂ၊ အဲဒီ့ ၄-ပါးကို သစ္စာ ၄-ပါး အမှန်တရားလို့  ခေါ်ပါတယ်...

......................................................................................................................................


မြန်မာနှစ်သစ်ကူးမှာ ဆရာတော်ဟောကြားတော်မူတာက နှစ်သစ်ကူးပြောင်းတယ်ဆိုတာ နှုတ်ဆက်တာပါ... ရှေ့က ၂၀၀၉-ခုနှစ်ကို နှုတ်လိုက်တယ်... နောက်က ၂၀၁၀-ခုနှစ်နဲ့  ဆက်လိုက်တဲ့သဘောပါ... မင်္ဂလာရှိတဲ့ နှုတ်ဆက်ခြင်းပဲ ဖြစ်ရမှာပါ... "မင်္ဂလာ" ဆိုတာ မြန်မာစကားအစစ် မဟုတ်ဘူး... ပါဠိစကားပါ... "မင်္ဂလ" ဆိုတဲ့ ပါဠိစကားကို (ရေးချထည့်ပြီး) မြန်မာသံနဲ့  "မင်္ဂလာ" လို့  ပြောဆိုနေကြတာဖြစ်ပါတယ်... "မင်္ဂလာ" ဆိုတာ နှုတ်ဆက်တာပါ... နှုတ်ဆက်တဲ့အခါ စကားအားဖြင့် နှုတ်ဆက်တဲ့မင်္ဂလာ၊ တရားအားဖြင့် နှုတ်ဆက်တဲ့ တရားမင်္ဂလာ လို့  ၂-မျိုးရှိပါတယ်...
တစ်ဦးနဲ့ တစ်ဦး စတွေ့ ကြတဲ့ အခါ "မင်္ဂလာပါခင်ဗျာ" "မင်္ဂလာအပေါင်းနဲ့  ပြည့်စုံကြပါစေ" လို့  နှုတ်ဆက်စကားပြောကြတာက စကားအားဖြင့် နှုတ်ဆက်တဲ့ စကားမင်္ဂလာမျိုးပါ...
"သဗ္ဗပါပ ၀ိနာသနံ" ဆိုတဲ့ မင်္ဂလာသုတ် အမွှမ်းစကားအတိုင်း မကောင်းမှုကို ပယ်နှုတ်လို့ ကောင်းမှုကို ပြုလုပ်တာက တရားအားဖြင့် နှုတ်ဆက်တဲ့ တရားမင်္ဂလာမျိုးပါ... အကုသိုလ်ကို နှုတ်လို့  ကုသိုလ်နဲ့ ဆက် တာပါ...
အကုသိုလ်ကို နှုတ်လို့  ကုသိုလ်နဲ့ ဆက်လိုက်ရင် ပူတာကိုနှုတ်-အေးတာနဲ့ ဆက်၊ ရှုပ်တာကိုနှုတ်-ရှင်းတာနဲ့ ဆက်၊ ညစ်တာကိုနှုတ်-သန့် စင်တာနဲ့ ဆက်၊ အပူဆင်းရဲကိုနှုတ်-ငြိမ်းအေးချမ်းသာမှုနဲ့ ဆက်တဲ့ နှုတ်+ဆက် တွေဟာလဲ တစ်ဆက်တည်း စဉ်တန်းပေါ်လာကြပါတယ်... အနှုတ်မှန်လို့  အဆက်ကောင်းမှ မင်္ဂလာအစစ်ဖြစ်နိုင်ပါတယ်...
တရားမင်္ဂလာသာ နှုတ်နဲ့ ဆက် ပေါင်းမိလို့  မင်္ဂလာ (နှုတ်+ဆက်=မင်္ဂလာ) အစစ်ဖြစ်ပါတယ်... ဘယ်နှုတ်ဆက်မျိုးပဲဖြစ်ဖြစ် မကောင်းမှုကင်းလို့  ကောင်းမှုဖြည့်သွင်းနိုင်မှ မင်္ဂလာအစစ်ဖြစ်ပါတယ်... ဒါမှ အပူဆင်းရဲနှုတ်ပြီး အအေးချမ်းသာနဲ့ ဆက်နိုင်မှာပါ...
"အပ္ပမာဒေါစ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ" ဆိုတဲ့ မင်္ဂလသုတ် ပါဠိစကားအတိုင်း မင်္ဂလာလုပ်ငန်းအားလုံးရဲ့ အနှစ်အကျဉ်းချုပ်က အပ္ပမာဒတရားပါ... အသိဥာဏ်ပါ.... ဥာဏ်ကို သတိထဲ ထည့်ထားလိုက်ရင် သတိတစ်မျိုးတည်းလို့ လဲ ဆိုနိုင်ပါတယ်... သတိနဲ့ ကိလေသာ တွဲမဖြစ်နိုင်တာကြောင့် သတိဖြစ်တိုင်း ကိလေသာကင်းစင်သွားလို့  မကောင်းမှုကင်းရှင်းပါတယ်... ဥာဏ်ပွင့်လာတော့ ကောင်းမှုဖြည့်သွင်း နိုင်ပါတယ်....
အပူကိုနှုတ်ပြီး အအေးနဲ့ ဆက်နိုင်တော့ နှုတ်+ဆက်=မင်္ဂလာ အစစ်ဖြစ်သွားရပါတယ်...
ကြီးပွားချမ်းသာကြောင်း တရားကောင်းတွေ ရရှိတိုးပွားပါတယ်...
နှစ်သစ်မင်္ဂလာအခါတော်မှာ တိပိဋကယောဆရာတော်ရဲ့ ဟောကြားတာလေးတွေကို ထုတ်နှုတ်တင်ပြခြင်းဖြစ်ပါတယ်...

ဗုဒ္ဓ၏ တရားဓမ္မများကို နာယူပြီးတိုင်း အကျယ်အားဖြင့် သူတစ်ပါးကို ပြောပြခြင်း၊
ကိုယ်တိုင်ရွတ်ဖတ်ခြင်း၊ စိတ်ဖြင့် ကြံစည်သုံးသပ်ခြင်း၊
တရားတော်လာ သဘာဝတို့ကို ရှုမှတ်ခြင်း၊
ပညာရှိတို့ထံ မေးမြန်းခြင်းဖြင့်
ယုံမှားမှုကို ပယ်ဖျောက်ခြင်းတို့အား
တရားနာယူပြီးတိုင်း ဆောင်ရွက်ရမည့် ကျင့်စဉ်ဖြစ်၏။
(ဓမ္မစေတီဆရာတော် ဘုန်းဘုန်းဦးကောသလ္လ)

လွမ်းတရားနာယူခဲ့တာလေးကို ပြန်လည်ပြောပြခြင်းဖြစ်ပါတယ်...

၂၀၁၀-ခုနှစ်၊ နှစ်သစ်မှာ ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနဲ့  ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ သအပ်ပါတယ်...

No comments: