Friday, July 31, 2009

အိပ်မက်ဆိုး

အိပ်မက်ဆိုး


ချစ်စခင်စ ချစ်သူရည်းစားဘဝ



တူ……….တူ……….တူ………. (တယ်လီဖုန်းခေါ်သံ)

ဟဲလို

ကိုကို လား

ဟုတ်တယ် လွမ်းလေး

ကို….ကို…. (ချွဲသံဖြင့်)

ပြောလေ လွမ်းလေး…

ကိုကို ဘာလုပ်နေလဲ…

ကိုကို့ ကွန်ပြူတာ Error တက်နေလို့ ပြင်နေတာ…

လွမ်း… ကိုကို့ကို တွေ့ချင်တယ်ကွာ…

ကိုကို… ခုမအားဘူးလေ…

ဟင့်အင် မရဘူး… ကိုကို လွမ်းဆီ ခုလာခဲ့… ဒါပဲ…

ကလေးက ဆိုးပြီကွာ…

ဆိုးမှာပဲ… လာမှာလား… မလာဘူးလား… ပြော…

အိုကေ… အိုကေ… ကိုကို ခု လာခဲ့မယ်…

ဟုတ်… ဒါမှ လွမ်းကိုကို ကွ…


.........................................................................................

ကိုကို… လွမ်းကို ချစ်လား ဟင်

ကဗျာဆရာ ငိုရမလောက် ချစ်တယ်…

ဟင်… ကိုကို… လွမ်းကို ရေးပေးတဲ့ကဗျာစာသားကို ရွတ်ပြနေတာ….

ကဗျာက လွမ်းလေးအတွက် ရေးပေးထားတာပဲ ဟာ… ကိုကိုက အမြဲရွတ်ပြနေမှာ…

လွမ်းတို့ လက်ထပ်ပြီးရင် ကိုကို လွမ်းကို အလိုလိုက်ရမယ်နော်…

စိတ်ချပါ လွမ်းလေးရယ်… လွမ်းလေး စိတ်ငြိုငြင်မဲ့ ကိစ္စမျိုး ကိုကို ဘယ်တော့မှ မလုပ်ဘူး…

တကယ်နော် ကိုကို… ကိုကို ဘယ်သူ့ကိုမှလည်း မချစ်ရဘူးနော်…

တကယ်ပါ လွမ်းလေး… တစ်ခြားဘယ်တစ်ယောက်နဲ့မှ လွမ်းလေးကို အစားထိုးလို့ မရဘူး… 
လွမ်းလေးက အနှိုင်းမဲ့ပါ…

ကိုကို ပြောတဲ့စကားတွေကို ကိုကို မှတ်ထားနော်…

ဟုတ်ကဲ့ပါ လွမ်းလေးရယ်…

ကိုကို့ကိုလည်း လွမ်း သိပ်ချစ်ပါတယ်…


....................................................................................

လက်ထပ်ပြီးစ ဇနီးမောင်နှံဘဝ


ကိုကို… ပင်ပန်းလာလား ဟင်

လွမ်းလေးမျက်နှာမြင်တာနဲ့ ကိုကို ပင်ပန်းတာတွေ ပျောက်သွားပါပြီဗျာ…

ကိုကို ရေချိုးလိုက်နော်… လွမ်း ထမင်းခူးပြီး စောင့်နေမယ်…

ကောင်းပါပြီဗျာ…


...........................................................................................
ကိုကို… မအိပ်သေးဘူးလား…

ကိုကို ကဗျာရေးနေတာလေ… လွမ်းလေး အိပ်နှင့်…

နောက်မှရေး… ကိုကိုရာ

ကဗျာဆိုတာ စိတ်ကူးလေးရတုန်း ရေးရတာ လွမ်းလေးရဲ့… ကိုကို ရေးလိုက်အုန်းမယ်နော်…

လွမ်း တစ်ယောက်ထဲ မအိပ်ချင်ပါဘူး… ကိုကို့ကို စောင့်မယ်…

လွမ်းလေး အိပ်ရေးပျက်မှာပေါ့… မနက်အစောကြီး စာသင်ဖို့ သွားရမှာ မဟုတ်လား…

ကိုကိုလည်း ကုမ္ပဏီသွားရမှာပဲလေ… တူတူပဲဟာ…

ကဲပါ လွမ်းလေးရယ်… ကိုကိုလည်း အိပ်မယ် ဟုတ်ပြီလား…

ဒါကြောင့် ကိုကို့ကို ချစ်ရတာ…


............................................................................................

ကလေးနှစ်ယောက်ရပြီး တစ်ယောက်ကို လွမ်းမိဘအိမ်ပို့၊ နောက်တစ်ယောက်ကို ယောက္ခမအိမ် ပို့ထားရသော အိမ်ထောင်သည်ဘဝ



ကိုကို…

ပြော…

လွမ်း…အိပ်ချင်ပြီ ကိုကိုရာ…

မင်း အိပ်ချင်သွားအိပ်လေ… ဒီမှာ ကဗျာရေးနေတယ်လေ…

ဟင်…ကိုကို လွမ်းကို မင်းလို့ ပြောတယ်…

မင်းကွာ… နဲနဲလေးတော့ အလိုက်သိအုန်းမှပေါ့ကွ… ကိုယ့်ယောင်္ကျား စိတ်ကူးပျက်အောင် လာမလုပ်နဲ့လေ…

ကိုကို လွမ်းကို အရင်က ဒီလို အော်ပြောဖူးလို့လား…

အေး…အရင်က မပြောဖူးပေမဲ့ ခု ပြောတယ်ကွာ… ဘယ်နဲ့ကွာ စိတ်ကူးလေးရတုန်း ရေးပြီဆို လာနှောင့်ယှက်ပြီ…

ကိုကိုနော်… လွမ်းကို ကိုကိုပြောခဲ့တာတွေ မေ့သွားပြီလား… လွမ်း စိတ်ငြိုငြင်အောင် ဘယ်တော့မှ မလုပ်ပါဘူးဆို…

မင်းက ငါ့ကို ငြိုငြင်အောင် လာလုပ်တာလေ… မင်း ကလေးတွေကိုရော သတိရသေးရဲ့လား…

ကိုကိုက ဘာပြောချင်တာလဲ… နှစ်ယောက်လုံး အလုပ်ထွက်လုပ်နေတာတောင် အိမ်စရိတ်က လောက်လို့လား… ကလေးတွေကို မိဘတွေ၊ ယောက္ခမတွေ ခေါ်ထားပေတာတောင် ကံကောင်း…

အော်… ငါလည်း အလုပ်နှစ်မျိုး၊ သုံးမျိုးလုပ်ပြီး ရှာနေတာပဲ…

လွမ်းကရော အလုပ်မလုပ်ဘဲ ယောင်္ကျားလုပ်စာ ထိုင်စားနေလို့လား…

တော်ကွာ။ တော်ကွာ… ငါ… (အံကြိတ်ပြီးပြောသံ)

အော်… ကိုကိုက လွမ်းကို ရိုက်ချင်တယ်ပေါ့… ရိုက်ပါ ကိုကို…

တော်တော့ကွာ… တယ်…

 (ကိုကိုက လက်ရွယ်တာကို နောက်သို့အဆုတ်)

ဝုန်း………..

အမလေး…………

............................................................................................

တဒိတ်ဒိတ်ခုန်နေသောရင်နဲ့ ဘေးဘီကို ကြည့်လိုက်တော့ လွမ်းဘေးမှာ ကုတင်ကြီး…

အော်… လွမ်း အိပ်မက်မက်ပြီး ကုတင်ပေါ်က ပြုတ်ကျသွားတာကိုး…

လွမ်း… အိပ်ခါနီး… မြူခိုးအလှူမှာ ကိုကိုနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကြည့်ပြီး အိပ်ပျော်သွားခဲ့တာလေ…

အိပ်မက်ကလည်း ဆိုးလိုက်တာ…

ဘိုဘိုပြောတဲ့လေသံအတိုင်း ပြောရရင် -

အိပ်မက်ထဲကအတိုင်း ဖြစ်လာရင်တော့ လွမ်းတော့ သေပီဆရာပဲ…






လွမ်း
၂၆-၀၅-၀၉

နံနက် ၁၂:၃၇ နာရီ

No comments: