Monday, January 4, 2010

ဗျည်းအက္ခရာအချစ်

ဗျည်းအက္ခရာအချစ်



ကိုကိုရေလို့

ကိုယ်က ခေါ်နေပေမဲ့လည်း

ကိုကိုက လှည့်မကြည့်တော့

ကိုယ့်ကိုယ်ကိုတောင် ရှက်မိတယ်…


ချစ်တယ်လို့ ခဏခဏပြောချင်ပေမဲ့လည်း

ချစ်သူက ရှုတည်တည်နဲ့ဆိုတော့

ချစ်တဲ့စကားကို

ခြိုးခြံချွေတာနေရတယ်…


ဂွတ်တာတော့ မပြောနဲ့

ဂိုးရှိုးသွားတုန်းက

ဂိုက်ကောင်းကောင်း ကောင်လေးနဲ့

ဂွင်တစ်ခု တွေ့ခဲ့တာ…


ငါ့စာတွေဖတ်ပြီး

ငါ့ကို ရည်းစားစကား လာပြောတော့

ငါရေးတဲ့စာတွေမှာ

ငါ့ဇာတ်ကောင် ဖြစ်သွားတယ်…


စိတ်ရှုပ်စရာတွေမို့

စိတ်ထဲ မထားချင်တော့ဘူး

စာတွေအဖြစ် ချရေးလိုက်တော့

စိတ်ထဲ ခံစားရတာ ပိုလာတယ်…


ဆောက်ဖြစ်မှ ကျောင်းတကာတဲ့

ဆောက်တည်ရာ မရတဲ့စိတ်ကို

ဆောက်တည်ချင်တဲ့စိတ်နဲ့

ဆောက်လုပ်ဆဲ ဘုန်းကြီးကျောင်းမှာ လှူလိုက်တယ်…


ဇာတ်လမ်းရှုပ်တွေမို့

ဇာတ်ထုတ်လည်း မရှုပ်ချင်တော့ဘူး

ဇာတ်သိမ်းပိုင်းရောက်မှ

ဇာတ်လိုက်မင်းသား ပျောက်နေတယ်…


‌ဈေးထဲသွားတာ

ဈေးကြီးတာတွေနဲ့ချည်း တွေ့နေရလို့

ဈေးသွားရမှာကြောက်ပြီး

ဈေးမသွားတော့ဘဲ ဗိုက်မှောက်နေတယ်…


ညဆိုတာ ငါ့အတွက် ပျော်စရာ

ညတိုင်းညတိုင်း ကိုကို ဖုန်းဆက်လို့

ညတွေချည်းပဲ ဖြစ်ချင်နေခဲ့တာ

ညာပြောတာ မဟုတ်ပါဘူး…


တွန်းအားတစ်ခုအနေနဲ့

တိုက်တွန်းအားပေး နှစ်သိမ့်ပေးစေချင်ခဲ့တာ

တသရတဲ့ လွမ်းရက်တွေကို

တမ်းတမ်းတတ ဖြစ်နေရလို့ပါ…


ထင်တိုင်းလည်း ဖြစ်မလာပါဘူး

ထူးဆန်းတာတွေ ဖြစ်နေတယ်

ထိန်းမရတဲ့စိတ်တွေကို

ထိန်းချုပ်ထားချင်နေမိတယ်…


ဒါတွေဟာ တကယ်တော့

ဒို့နှစ်ယောက်အတွက်

ဒိုင်းသဖွယ် ကာရံထားတဲ့

ဒဿနတွေပါ…


ဓာတ်သဘာဝ မတူရင်

ဓာတ်သဘောအရ

ဓာတ်လိုက်တတ်တာကို

ဓာတ်ပုံရိုက်ယူလို့မှ မရတာ…


နွမ်းလျနေတဲ့စိတ်နဲ့

နမ်းချင်နေခဲ့တာကို

နမ်းစရာလားလို့

နင်ပြောခဲ့တာ မှတ်မိနေသေးတယ်…


ပြစ်ပြစ်နှစ်နှစ် နင်ပြောခဲ့တာကို

ပြီးခဲ့တာတွေ ပြီးပါစေတော့လို့

ပြီးပြီးပျောက်ပျောက် နင်ပြောပေမဲ့

ပျောက်သွားမယ်လို့ နင်ထင်လား…


ဖုံးဖုံးဖိဖိလည်း ပြောမနေချင်တော့ဘူး

ဖော်ကောင်လုပ်တယ်လို့ ထင်ချင်လည်းထင်တော့

ဖြစ်နိုင်ရင်

ဖြစ်ဖြစ်မြောက်မြောက် ဘဝလေးတစ်ခု တည်ဆောက်ချင်တယ်…


ဗိုက်တာမင်သောက်လို့

ဗိုက်ထွက်လာတာကို

ဗိုက်တကားကားနဲ့

ဗိုက်ရှိနေတာလို့ ထင်မှာစိုးတယ်...


ဘယ်သူတွေ

ဘာပဲပြောပြော

ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲဘူးတဲ့

ဘူးပဲဆောင်မယ်…


မီးလိုပူလောင်တဲ့အချစ်ကို

မေ့မေ့ပျောက်ပျောက်နေပြီးမှ

မှတ်မှတ်ရရရှိနေခဲ့တာကို ကြည့်ရင်

မုန်းဖို့မလွယ်ဘူးဆိုတာ သိလိုက်ရတယ်…



ယွင်းမှားနေတဲ့ အသိစိတ်ကြောင့်

ယုယုယယ နေချင်ခဲ့မိတာကို

ယိုးမယ်ဖွဲ့ပြီး

ယုယဖို့ မတောင်းဆိုလိုတော့ဘူး…


ရိုးသားတဲ့စိတ်နဲ့

ရောရောနှောနှောနေတာကို

ရီစရာသဘောနဲ့

ရိုင်းပြစွာ မဆက်ဆံပါနဲ့…


လူကို အထင်သေးတဲ့သဘောနဲ့

လိမ်ညာလှည့်ဖြားဘို့လည်း မကြိုးစားပါနဲ့

လိမ္မာနေပြီဆိုတာ

လုံလောက်တဲ့ အကြောင်းပြချက်ပေးပါ…


ဝေဝါးနေတဲ့စိတ်နဲ့

ဝေမျှပေးချင်လို့ပါဆိုပြီး အချစ်ကို

ဝေဘို့ မကြိုးစားနဲ့

ဝင်းအကြောင်း သိသွားမယ်…ဟင်း


သတ်ချင်စိတ်မဖြစ်အောင်

သတိထား

သူသူကိုယ်ကိုယ်

သိစိတ်ပျောက်သွားရင်တော့ သိတယ်မဟုတ်လား…


ဟီးဟီး

ဟားဟား လာမလုပ်နဲ့

ဟိတ်ဟန်တွေနဲ့

ဟန်ဆောင်တာကို အမုန်းဆုံးပဲ…


အသွေးအသားထဲက

အက်ကြောင်းဖြစ်လာရင်

အပ်နဲ့ ဆွပစ်လိုက်မှာ

အား…………………..(ကိုကို့အော်သံ)





လွမ်း


၀၄-၀၅-၂၀၀၉


နံနက် ၁:၁၀ နာရီ

No comments: