Monday, January 4, 2010

ဖေဖေသို့ အမှတ်တရ

ဖေဖေသို့ အမှတ်တရ


လွမ်းဖေဖေက အစိုးရဝန်ထမ်းပါ…

ဒီတော့ ဖေဖေ့အလုပ်က တာဝန်ကျရာနယ်ကို ပြောင်းရတာများပါတယ်…

လွမ်းတို့တွေက ဖေဖေအလုပ်ပြောင်းတဲ့နောက်ကို လိုက်ပြောင်းကြရပါတယ်…

လွမ်းတို့တွေ မန္တလေးကနေ မကွေးပြောင်းတော့ ပြည်တော်သာတိုက်ခန်းမှာ နေရပါတယ်…

ဖေဖေက ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်… အိမ်မှာပဲ ဖလင်ကို ကူးဆေးတယ်… ဖေဖေ့ဝါသနာက လွမ်းဆီ ပါလာတယ်… လွမ်း ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်…

နောက် ဖေဖေက လေယာဉ်ပျံလေးတွေကို ကိုယ်တိုင်ဆင်ပြီး တကယ့်အင်ဂျင်စက်လေးနဲ့ ဘောလုံးကွင်းထဲမှာ ကြိုးနဲ့မောင်းတယ်… ရှိသမျှစက်တွေ ဖေဖေ ပြင်တတ်တယ်… ဖေဖေ စက်ပြင်ရင် လွမ်းက ဘေးက ထိုင်ကြည့်ပြီး လိုတဲ့ပစ္စည်း ယူပေးရတယ်… ဖေဖေ့အမွေ လွမ်း ရလာတယ်… ခုဆို လွမ်းအိမ်မှာ ရေပိုက်လိုင်းပိတ်တာ… မီးချောင်းခြုတ်လဲတာ… လျှပ်စစ်လိုင်းဆွဲတာ… ကွန်ပြူတာဆင်တာ… မီးစက်နှိုးတာ စတဲ့ သာမန်ကိစ္စလေးတွေကို လွမ်းပဲ လုပ်တယ်… လွမ်း စက်မှုတက္ကသိုလ်တက်တော့ လွမ်း စက်မှုမေဂျာပဲ ယူတယ်…


နောက် ဖေဖေက လွမ်းကို စစ်တုရင်သင်ပေးပြီး ဖေဖေနဲ့ ကစားတယ်… ဒီတော့ လွမ်း စဉ်းစားဉာဏ် ရင့်သန်လာတယ်… မိန်းခလေးစစ်တုရင်ပြိုင်ပွဲမှာ လွမ်း ပထမရဖူးတယ်…

ဖေဖေက လွမ်းတို့ငယ်ငယ်တုန်းကဆို အတင်းချုပ်ထားပြီး ကစားတတ်တယ်… လွမ်းတို့က ဖေဖေချုပ်ထားတာကို အတင်းရုန်းကန်ပြီး လွတ်အောင်ကြိုးစားရတယ်… ဒီအလေ့အကျင့်တွေက ဘဝမှာ ရုန်းကန်လှုပ်ရှားအောင် အင်အားထည့်ပေးလိုက်သလိုပါပဲ…

ဖေဖေစိတ်ဆိုးရင်တော့ လွမ်းတို့ ကြောက်ရတယ်… နရင်းအုပ်တတ်တာလေ… မေမေက ဖေဖေ အဲလိုလုပ်ရင် မကြိုက်ဘူး… ဦးဏှောက်ပျက်ကုန်တော့မှာပဲလို့ ပြောတယ်… ဒါပေမဲ့ လွမ်းတို့ မောင်နှမတွေအားလုံး ဉာဏ်ကောင်းပါတယ်…

လွမ်းတို့ စစ်ကိုင်းမှာ နေတုန်းက ဈေးကုန်းရပ်မှာ နေတာ… ဧရာဝတီမြစ်ကမ်းနဲ့ နီးတယ်… ဖေဖေက တစ်ရက်မှာ မြစ်ကမ်းနားမှာ ရပ်ထားတဲ့လှေပေါ်ကို လွမ်းကို ပွေ့ချီသွားပြီး ရေထဲကို ပစ်ချတယ်… လွမ်းလည်း ရေထဲမှာ ပေါ်နေအောင်လို့ အတင်းလက်ကို ယက်ကန် ယက်ကန်နဲ့ လုပ်နေရတော့တာလေ… အဲဒီကနေစပြီး လွမ်း ရေထဲမှာ ခွေးကူးတော့ ကူးတတ်တယ်… (ရီရဘူးနော်)

ဖေဖေ သက်ပြည့်ပင်စင်ယူတော့ မနေတတ်တော့ဘူး… စက်ဘီးတစ်စီးနဲ့ အမျိုးအိမ်တွေ လျှောက်လည်တယ်… ဖေဖေက လွမ်းတို့ကို ပညာအမွေပဲ ပေးနိုင်တာလေ… လွမ်းတို့ ကိုယ့်ပညာနဲ့ ကိုယ် ရပ်တည်နေတော့ ဖေဖေက သားသမီးတွေအတွက် ဂုဏ်ယူနေတတ်တယ်…

၁၉၉၂-ခုနှစ်မှာ ဖေဖေ ဆီးချိုရောဂါ စဖြစ်တယ်… ရောဂါဖြစ်တော့ ဖေဖေအစားရှောင်တာလွန်ပြီး ဆီးချိုအရမ်းကျသွားတယ်… အဲဒီမှာ ဖေဖေ နှလုံးခုန်တာ နှေးသွားတယ်… လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းက 70ppm ရှိရမှာ… 40ppm ပဲ ရှိတော့တယ်… ဒီတော့ ဖေဖေနှလုံးခုန်မှန်အောင် Pacemaker ကို ဖေဖေနှလုံးမှာ တပ်လိုက်တယ်… Australia က ဝယ်ရတာလေ… ဆေးပညာက တိုးတက်ပါတယ်… ဖေဖေ နှလုံးခုန်တာ နှေးရင် ပုံမှန်ဖြစ်အောင် လုပ်ပေးတဲ့ Pulse Generator လေးပါ… 15-years warranty ပေးပါတယ်… နှလုံးခုန်တာ မှန်ရင် Auto Stop ဖြစ်တယ်လေ… ဖေဖေ နေပြန်ကောင်းတော့ လွမ်းတို့ ဝမ်းသာခဲ့ရတယ်…

၁၉၉၄-ခုနှစ်မှာ ဖေဖေ သွေးတိုးတက်ပြီး လေဖြတ်သွားပါတယ်… ညာဘက်ခြမ်း လေဖြတ်တဲ့အတွက် ဘယ်ဘက်ဦးဏှောက်မှာရှိတဲ့ Speak Center ကို ထိပြီး စကားမပြောနိုင်တော့ပါဘူး… လွမ်းအမအကြီးဆုံးက ကျောင်းဆရာမအလုပ်က ထွက်ပြီး ဖေဖေ့ကို အနီးကပ်ပြုစုပါတယ်… ဖေဖေ့ကို လေ့ကျင့်ခန်းလုပ်ပေးတဲ့အတွက် လေးချောင်းထောက်နဲ့ လမ်းပြန်လျှောက်လာနိုင်ပါတယ်… ဒါပေမဲ့ ဖေဖေက စကားမပြောနိုင်တဲ့အတွက် တစ်ခါတစ်လေ ဝမ်းနည်းပြီး မျက်ရည်ကျတတ်ပါတယ်…

၁၉၉၈-ခုနှစ်၊ မေလ (၂၄) ရက်နေ့ညနေက ဖေဖေက ကဏှာမငြိမ်ဖြစ်နေပြီး နေလို့မရ ဖြစ်နေတယ်… ဖေဖေ ဆီးမသွားတဲ့အတွက် ဆီးခြူပေးရတယ်… အဲ့ဒီနေ့မှ လွမ်းကလည်း ဖေဖေ့ကို လွမ်းစောင့်အိပ်မယ်လို့ ပြောပြီး ဖေဖေ့ကုတင်ပေါ်မှာပဲ အတူတူအိပ်တယ်… ဖေဖေက ဘာပြောချင်နေမှန်း မသိဘူး… လက်ချောင်းလေးတွေနဲ့ ကုတင်ကို ခေါက်တယ်… ဖေဖေ ဘာပြောချင်တာလဲ ဆိုတော့ ခေါင်းခါပြတယ်… တော်တော်နဲ့ မအိပ်ဘူးဖြစ်နေတာ… ဒါနဲ့ လွမ်းလည်း ဖေဖေ့ကို ကလေးလေးတစ်ယောက်ကို သိပ်သလိုမျိုး ဖေဖေ့ကြောလေးကို လွမ်းလက်နဲ့ သပ်ပေးပြီး ဖေဖေအိပ်တော့နော်… ဖေဖေအိပ်မှ သမီးအိပ်မှာလေ လို့ လွမ်းက ပြောတော့ ဖေဖေ ငြိမ်သွားတယ်… နောက် မျက်စိလေး မှိတ်သွားတယ်… လွမ်း အကြာကြီး ငြိမ်ငြိမ်လေးနေပြီးမှ လွမ်းလည်း အိပ်ပျော်သွားတယ်…

၁၉၉၈-ခုနှစ်၊ မေလ (၂၅) ရက်နေ့ မနက် ၄-နာရီမှာ လွမ်း လန့်နိုးတယ်… ဖေဖေ့ကို ကြည့်လိုက်တော့ မျက်စိလေးမှိတ်ပြီး အိပ်ပျော်နေတယ်… လွမ်း မျက်နှာသစ်ဖို့ ထလိုက်တယ်… မျက်နှာသစ်နေတုန်း မမကြီးက လာကြည့်ပါအုန်း… ဖေဖေ့ကို နှိုးတာ မရလို့ ဆိုပြီး အော်သံကြားတော့ လွမ်းလည်း ပြေးပြီး ဖေဖေ့ကို လှုပ်နှိုးတယ်… မရဘူး… နောက် လမ်းထဲက ဆရာဝန်ကို ခေါ်ပြတော့မှ ဖေဖေဆုံးမှန်း သိရတာ… ကိုယ်က နွေးနေသေးတဲ့အတွက် ဆုံးတာ မကြာသေးဘူးလို့ ပြောပါတယ်…

လွမ်းကို ရင်ခွင်ထဲမှာ ပွေ့ခဲ့တဲ့ဖေဖေဟာ လွမ်းရဲ့ ရင်ခွင်ထဲမှာပဲ မနိုးသောအိပ်ခြင်းနဲ့ အိပ်ပျော်သွားခဲ့ပါတယ်…

လွမ်း… ဖေဖေ့ကို ဖေဖေအိပ်တော့နော်လို့ ပြောလိုက်လို့လား ဖေဖေရယ်…



လွမ်း
၂၂-၀၆-၀၉

ည ၈:၅၇ နာရီ


No comments: