Monday, January 4, 2010

ချစ်သူနှစ်ဦး၏ပုံရိပ်

Couple

ချစ်သူနှစ်ဦး၏ပုံရိပ်


အလွမ်းစာမျက်နှာ-

လွမ်းနဲ့ မောင် ဆုံတွေ့ ပုံက ရိုးရိုးစင်းစင်းလေးပါ...
မောင့်ကို Website တစ်ခုမှာသိတာ...
မောင်က လွမ်းသူငယ်ချင်းကတစ်ဆင့် လွမ်း gmail address လေးကို ရပြီးလာ Add တာ...
မောင်က အဝေးတစ်နေရာ နိုင်ငံတစ်ခုမှာ အလုပ်လုပ်နေရတော့ မောင်အလုပ်ဆင်းချိန်တွေမှာမှ
လွမ်းနဲ့ စကားပြောဖြစ်ကြတယ်...
မောင်နဲ့ စကားပြောတဲ့ အခါ လွမ်းတို့ တွေဟာ ဟိုးငယ်ငယ်လေးကတည်းက သိခဲ့ကြတဲ့သူတွေလိုပဲ ပြောကြတာလေ...
မောင်က စကားပြောတာ ပွင့်လင်းတယ်...လွမ်း က အဲဒါကို သဘောကျခဲ့တာ...
မောင်နဲ့ စကားပြောနေရင် လွမ်းစိတ်ထဲမှာ တစ်မျိုးပဲ...ကြည်နူးနေမိတာလား မသိဘူး...
မောင်နဲ့ လွမ်း စကားတွေပြောရင် ကဗျာတွေအကြောင်း၊ စာတွေအကြောင်းပဲ ပြောဖြစ်ကြတာ...
နောက်ပိုင်း ရင်းနှီးလာတော့ မောင်က လွမ်းကို တစ်ချိန်လုံး စ နောက်နေတာပဲ...
မောင်နဲ့ စကားပြောနေတဲ့အချိန်လေးတွေဟာ လွမ်းအတွက် အမှတ်တရဖြစ်ခဲ့ရတဲ့ အချိန်လေးတွေပါပဲ...


.......................................................................................................................................


အလွမ်းစာမျက်နှာ-၂

အချိန်တွေကြာလာတဲ့နဲ့ အမျှ လွမ်းတို့ ၂-ယောက် သံယောဇဉ်ကခိုင်မြဲလာတယ်လေ...

တစ်ယောက်နဲ့ တစ်ယောက် ဓါတ်ပုံလေးတွေ အပြန်အလှန်ပို့ ပေးခဲ့ကြတယ်...

လွမ်းတို့ ခင်မင်မှုရက်တွေကြာလာတော့ တစ်ရက်မှာ မောင်က လွမ်းကို နောက်သလိုပြောင်သလိုနဲ့ 
ရည်းစားစကား လာပြောတယ်လေ...
လွမ်း နင့်ကို ငါချစ်တယ်လို့ ပြောရင် နင်ဘယ်လိုဖြေမှာလဲ တဲ့...
ဒိန်းဆို ရင်ခုန်သွားခဲ့မိတာလို့ ပြောရင် ဒါဟာအချစ်လို့ များပြောမလားပဲ...
မောင်က နောက်တတ်တော နင်နော်...ငါ့ကိုလာမနောက်နဲ့ နော် လို့  ပြန်ပြောခဲ့တာပေါ့...
ဒီတော့ မောင်က လွမ်း ငါ နင့်ကို အတည်ပြောနေတာ တဲ့...
လွမ်း ဘာပြန်ပြောရမှန်း မသိဘူးဖြစ်သွားတာ...
လွမ်း နင် ဖြေလေဟာ...တဲ့...အေး...နင် စဉ်းစားအုန်းမယ်ဆိုရင် မြန်မြန်စဉ်းစားပေးဟာ... ငါမခံစားချင်ဘူး တဲ့...
မဆွတ်ခင်က ညွှတ်ချင်နေတဲ့လွမ်းကို မောင်လဲ သိနေမှာပါ...
အင်းပါ လွမ်းနောက်တစ်ပတ်မှာ အဖြေပေးမယ် လို့ ပြန်ပြောခဲ့တာ...
သူငယ်ချင်းတို့ ကတော့ ရီချင်နေမှာနော်...တော်တော်အချိန်ယူစဉ်းစားခဲ့တာပဲလို့ 
........................................................................................................................

အလွမ်းစာမျက်နှာ-၃

လွမ်း မောင့်ကို အဖြေပေးပြီးနောက်ပိုင်း မောင်က လွမ်းကို လွမ်းလို့  ပဲခေါ်တော့တယ်...
လွမ်းရဲ့ Monitor Screen လေးမှာ မောင့်ဓါတ်ပုံက နေရာယူထားပြီလေ...
လွမ်း Computer လေးကို ဖွင့်လို့  Windows ထဲရောက်တာနဲ့  မောင်မျက်နှာလေးက လွမ်းကိုပြုံးပြနေတာ...
လွမ်း Computer ကို ပစ်ထားပြီး တစ်ခုခုသွားလုပ်နေရင် Monitor Screen Saver လေးက မောင့်ဓါတ်ပုံတွေ တစ်ပုံပြီးတစ်ပုံ Slide Show လေးလို ဝင်လာတော့တာ...
မောင့် Laptop မှာလဲ အဲလိုပဲ လွမ်းဓါတ်ပုံလေးတွေကို ထည့်ထားတာတဲ့လေ...လွမ်းတို့  ၂-ယောက် Online မှာ မတွေ့ ရင် Offline Message တွေ ပို့ ထားတတ်ကြတာ...
Gtalk ဖွင့်လိုက်တာနဲ့  မောင့်ရဲ့ Offline Message လေး ပွင့်လာလို့  ဖတ်ရတဲ့ပီတိလေးကို ချစ်ဖူးသူတိုင်းခံစားမိမှာပါ...
ဒီလိုနဲ့  မောင့်အလုပ်က နှစ်စေ့လို့ ခွင့်နဲ့ ပြန်လာရမဲ့ရက် နီးလာပါတယ်...
၂-ယောက်လုံး အပြင်မှာတွေ့ ရင် Online မှာလိုပဲ ခံစားရပါ့မလားလို့  လွမ်းစိတ်ပူနေမိတယ်...
မောင်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် လွမ်းကိုချစ်မှာပဲ တဲ့လေ...
မောင်ပြန်လာရင် လေဆိပ်ကိုလာကြိုရမယ် တဲ့လေ...
ဒီလိုနဲ့  မောင်ပြန်လာမဲ့ မနက်ဖြန်ကို ရောက်လာပါတော့မယ်...


Couple


ချစ်သူနှစ်ဦး၏ပုံရိပ်
အပိုင်း-၂

ရင်ခုန်သံစာမျက်နှာ-၁


မောင်တို့ လေယာဉ်ဆိုက်မဲ့အချိန်ထက် မိနစ်-၂၀ စောပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပဆိုက်ရောက်ဖက်မှာ လွမ်းရောက်နေခဲ့တယ်...
ရောက်လာမဲ့မောင့်ကို မြင်ချင်ဇောနဲ့ လွမ်းထိုင်နေလို့ လဲ မရဘူး...
Flight List Board ရှေ့မှာ မတ်တပ်ရပ်ရင်း စိတ်စောနေမိတာလေ...
SINGAPORE MI-512 LANDED ဆိုတာလေးကိုလဲ မြင်ရော လွမ်းရင်ထဲ လှိုက်ဖိုသွားမိတာ...
လွမ်းနဲ့ မောင်က ဘာတွေဝတ်လာမယ်ဆိုတာကို တိုင်ပင်ထားတာ မဟုတ်ဖူးလေ...
မောင်နဲ့ လွမ်း တစ်ယောက်ကိုတစ်ယောက်တွေ့ ရင် မှတ်မိကြမယ်ဆိုတဲ့အသိနဲ့  လာကြိုတာ...
ခဏလေးနေတော့ ခရီးသည်တွေ လှေကားက ဆင်းလာကြတယ်...
လာကြိုတဲ့သူတွေကလဲ မှန်ကာထားတဲ့နေရာကို အကုန်သွားကြတော့ လွမ်း လူအုပ်ထဲရောမသွားအောင် လွတ်တဲ့နေရာလေးကနေ မောင့်ကို ရှာနေမိတယ်...
Custom စစ်တဲ့နေရာလေးကို လူတွေတန်းစီနေတဲ့နေရာမှာ မောင့်ကိုလွမ်း စပြီးမြင်လိုက် ရတယ်လေ...
မောင်ကလဲ မှန်ကာထားတဲ့နောက်က လူအုပ်တွေထဲကို လှမ်းကြည့်ပြီး ရှာနေတာလေ...
မောင် လွမ်းကိုလဲမြင်ရော ဝမ်းသာအားရဖြစ်သွားပြီး လက်မြှောက်ပြတယ်...
လွမ်းလဲ ပြန်လက်မြှောက်ပြပြီး ပြုံးပြလိုက်တယ်...
Online မှာ ချစ်ခဲ့ပြီး အပြင်မှာချစ်သူကို သွားကြိုတာ လွမ်းဘဝမှာ ပထမဆုံးအကြိမ်ပါပဲ...
မောင်ပစ္စည်းတွေရွေးပြီး အပြင်ထွက်လာတော့ လွမ်းကားသွားယူပြီး မောင့်ကို ပြန်လာခေါ်ပါတယ်...

........................................................................................................................................

ရင်ခုန်သံစာမျက်နှာ-၂


လွမ်းဘေးမှာ ချစ်သူကိုထားပြီး ကားမောင်းရတာ စိတ်အာရုံကို အတော်စုစည်းထားရတာ...
မောင် လွမ်းကိုကြည့်နေတယ်ဆိုတာ လှည့်မကြည့်ပဲ သိနေတာ...
မောင် ။ လွမ်း မောင့်ကိုမှတ်မိတယ်ပေါ့...ဟုတ်လား...
လွမ်း ။ မှတ်မိတာပေါ့ မောင်ရ...မောင်ရော လွမ်းကိုမှတ်မိလား
မောင် ။ မောင်ကလွမ်းပုံရိပ်ကို ရင်ထဲ အသဲထဲမှာ ရိုက်နှိပ်ထားတာ...မမှတ်မိပဲ နေပါ့မလား...
လွမ်း ။ မောင် လွမ်းကိုတွေ့ တော့ Online မှာလိုပဲ ခံစားရလား...
မောင် ။ မောင်က Online မှာထက် ပိုခံစားရတယ်...လွမ်းကို ပိုချစ်သွားတာ
လွမ်း ။ လွမ်းလဲ မောင့်လိုပါပဲ...
နှစ်ယောက်လုံး အရင်ကတည်းက ချစ်ခဲ့ကြတဲ့သူတွေလိုပဲ ဆိုရင် သူငယ်ချင်းတို့  အံ့သြမလားပဲ...

........................................................................................................................................

ရင်ခုန်သံစာမျက်နှာ-၃


မောင့်ကို လွမ်းအိမ်ကို အရင်ခေါ်သွားပြီး မေမေနဲ့ မိတ်ဆက်ပေးတယ်...
မေမေ ဘာပြောမလဲကိုလဲ လွမ်းသိချင်နေခဲ့တာလေ...
မေမေ ။။ မောင်ဇော့်အကြောင်းကို သမီးပြောပြလို့  အန်တီသိပြီးပါပြီ... သမီးလေးအကြောင်းရော မောင်ဇော် သိပြီးပြီလား...
မောင် ။ လွမ်းပြောပြလို့ ကျနော်အားလုံး သိထားပြီးသားပါ...
မေမေ ။။ အေးကွယ်...သမီးလေးက မောင်ဇော်ကိုချစ်နေတယ်ဆိုတော့လဲ အန်တီတို့ က မကန့် ကွက် ပါဘူး... ဒါပေမဲ့ သမီးလေး စိတ်ချမ်းသာအောင်တော့ မောင်ဇော်ထားပေးပါ... သမီးလေးက ဘယ်ကိုမှ မသွားမလာနဲ့  အင်တာနက်သုံးရင်းနဲ့ မှ မောင်ဇော်နဲ့ တွေ့ တာလေ... အန်တီကို သမီးလေးက အကုန်ပြန်ပြောပြပါတယ်...
မောင် ။ စိတ်ချပါ အန်တီ...ကျနော့်အသက်ထက် လွမ်းကိုချစ်တာပါ...
လွမ်း ။ မေမေ သမီး မောင့်အိမ်ကိုလိုက်သွားချင်တယ်...
မေမေ ။။ ကားကို သမီးမမောင်းနဲ့ ...မောင်အေးကို ခေါ်သွား...
မေမေ့ခွင့်ပြုချက်နဲ့  လွမ်း မောင့်အိမ်လိုက်သွားဖို့ ပြင်ဆင်ပါတယ်...
မောင်က ပဲခူးမှာနေတာပါ...
........................................................................................................................................

ရင်ခုန်သံစာမျက်နှာ-၎


လွမ်း မောင့်ကိုလေဆိပ်သွားကြိုတာ တစ်ယောက်ထဲသွားတာ...
လွမ်း မောင့်နောက်လိုက်တာလဲ လွမ်းဖာသာဆုံးဖြတ်ပြီး လိုက်တာလေ...
လွမ်းက တစ်ဇွတ်ထိုးလုပ်တတ်တဲ့စိတ်ရှိတယ်ဆိုတာ မောင်က သိသွားပုံရတယ်...
လမ်းတစ်လျှောက်လုံး မောင်က လွမ်းလက်ကိုဆုတ်ကိုင်ထားတယ်...
စိုးရိမ်စိတ်ဖြစ်ပေါ်နေမှန်းလဲ သိသာတယ်...
အနီးကပ်ဆက်ဆံတော့မှ မောင်ကတော်တော်အေးမှန်း သိရတယ်...
မောင်တို့ အိမ်က ရန်ကုန်-ပဲခူးကားလမ်းဘေးမှာပဲ...စတိုးဆိုင်ဖွင့်ထားတာ...
လွမ်းကို မြင်တော့ မောင့်မေမေက အံ့သြသွားတယ်...လွမ်းပါလာမယ်မှန်း သိမထားဘူး...
ဖော်ဖော်ရွေရွေပါပဲ...လွမ်းကို အားနာနေပုံရတယ်...
လွမ်းကြိုပေးမယ်ဆိုတာတော့ မောင်က ပြောပြထားလို့ သိနေတာ...
မောင့်မှာ ညီလေးနဲ့ ညီမလေး ရှိတယ်...သူတို့ က လွမ်းကို အဝေးကပဲကြည့်နေကြတာ...
မောင်က အိမ်မှာပစ္စည်းတွေထားပြီး အပြင်ဆိုင်မှာတစ်ခုခုစားဖို့  ထွက်ခဲ့ကြတယ်...
မောင် ။ လွမ်း ဘယ်လိုစဉ်းစားထားလဲ...
လွမ်း ။ မောင် အရင်ပြောကြည့်လေ...
မောင် ။ မောင် ခွင့်က သုံးပတ်ပဲရတယ်...မောင် ပြန်သွားပြီး အလုပ်လုပ်မယ်... ငွေစုချင်သေးတယ်...
လွမ်း ။ လွမ်း မောင့်ကိုခွဲရအုန်းမှာပေါ့...
မောင် ။ လွမ်းကို မောင်တင့်တင့်တယ်တယ် ထားချင်တယ်လေ...လွမ်းကို မောင်စိတ်ချမ်းသာအောင် ထားမှာပါ...မောင့်ဘဝထဲကို လွမ်း ဝင်ရဲပါ့မလားပဲ မောင် စိုးရိမ်တာ...
လွမ်း ။ လွမ်း စဉ်းစားမယ်မောင်...
မောင် ။ လွမ်း စဉ်းစားပါ...မောင် ပြန်မဲ့ရက်ထက် ၃-ရက်စောပြီး မောင်ရန်ကုန်ကိုလာခဲ့မယ်... လွမ်းအဖြေ မောင်သိသွားချင်တယ်...
လွမ်း အပြန်လမ်းတစ်လျှောက်လုံး စဉ်းစားလာခဲ့တယ်...
လွမ်းတို့ နှစ်ယောက်က ဂုဏ်ပကာသန အသိုင်းအဝိုင်းစည်းခြားနေတယ်ဆိုတာ သိလိုက်ရတာ...
လွမ်းတို့ အသိုင်းအဝိုင်းနဲ့ မောင့်အသိုင်းအဝိုင်း မတူညီကြဘူးလေ...
သေချာတာတစ်ခုက လွမ်းမောင့်ကိုချစ်သလို မောင်ကလဲ လွမ်းကိုချစ်တယ်...


Couple

ချစ်သူနှစ်ဦး၏ပုံရိပ်
ဇာတ်သိမ်းပိုင်း

(၁)


ဒီနေ့  မောင့်ဆီကဖုံးလာပါတယ်...နောက်နေ့ မနက် ၈-နာရီကားနဲ့  သူလာမဲ့အကြောင်း ပြောပြပါတယ်...
လွမ်း သူ့ ကို အဝေးပြေးကားဂိတ်လာကြိုမဲ့အကြောင်း ပြောထားလိုက်ပါတယ်...
နောက်နေ့  မောင့်ကို သွားကြိုရင် ပြောမဲ့စကားလုံးရွေးနေတာနဲ့  ညကတော်တော်နဲ့ အိပ်မပျော်ခဲ့ပါဘူး...
လွမ်း မနက် ကားရောက်မဲ့အချိန်ထက် နာရီဝက်စောပြီး အဝေးပြေးကားဂိတ်ကို ရောက်နေခဲ့ပါတယ်...
မောင့်စီးလာမဲ့ ကားဂိတ်နဲ့  မျက်နှာချင်းဆိုင်မှာ ကားရပ်ထားပြီး ကားထဲမှာပဲ စောင့်နေခဲ့ပါတယ်...
ဒါပေမဲ့ မောင်စီးလာမဲ့ကားက စောင့်တဲ့အချိန်ထက်နောက်ထပ် တစ်နာရီကြာတာတောင် ရောက်မလာခဲ့ပါဘူး...
လွမ်းလဲ ကားထဲမှာဆက်မစောင့်နိုင်တော့ပဲ ကားဂိတ်လက်မှတ်ရောင်းတဲ့နေရာကို ထွက်လာခဲ့ပါတယ်...
ကားဂိတ်အတွင်းမှာ လူတွေတစ်ယောက်တစ်ပေါက်နဲ့  ဆူညံပြောဆိုနေကြတာကို ကြားရပါတယ်...
လွမ်းလဲ လက်မှတ်ရောင်းတဲ့နေတဲ့ ဦးလေးကြီးတစ်ယောက်ကို ပဲခူးကား ဘာလို့  ဝင်မလာသေးတာလဲ လို့  မေးလိုက်ပါတယ်...
ဦးလေးကြီးက ခလေးမလေး မသိသေးဘူးထင်တယ်... ပဲခူးကား ရန်ကုန်အဝင် ထောက်ကြန့် မှာ သစ်လုံးတင်တဲ့ ကားကိုရှောင်လိုက်တာ... ဘေးကအုတ်နံရံနဲ့  တိုက်ပြီး ကားမှောက်တယ်လို့ သတင်း ရောက်လာတာ...ခရီးသည်တွေ ဘယ်လိုနေတယ်မသိဘူး တဲ့...
လွမ်း ဒီသတင်းလဲကြားရော မတ်တပ်ရပ်နိုင်စွမ်းမရှိတော့ပဲ ခွေလဲကျသွားပါတယ်...
လွမ်းနားထဲမှာ ခလေးမလေး သတိထားလေ ဆိုပြီး လက်မောင်းကို ကိုင်လှုပ်နေတာကို သိနေတယ်...
လွမ်း ရင်တွေဟင်းလင်းပွင့်သွားသလို ခံစားလိုက်ရပါတယ်...
သမီးလေး...သမီးလေး.....
လွမ်း မျက်လုံးဖွင့်ကြည့်လိုက်တော့ မေမေဖြစ်နေတာတွေ့ လိုက်ရတယ်...
လွမ်း အိပ်မက်မက်နေတာကိုး...
သမီးအော်သံကြားလိုက်လို့  မေမေရောက်လာတာ...အိပ်မက်ဆိုးတွေ မက်နေပြန်ပြီလား သမီး ဆိုပြီးမေးပါတယ်...
လွမ်း အိပ်မက်ကို ပြောပြတော့ သမီးက မောင်ဇော်ပြန်လာမှာကို စိတ်စွဲပြီးမက်နေတာနေမှာ...သွားကြိုရင် မောင်အေးကို ကားမောင်းခိုင်းနော်...တဲ့
လွမ်း စိတ်တွေလှုပ်ရှားနေတယ်ဆိုတာ မေမေသိနေတယ်...


......................................................................................................................................................................

(၂)

မနက် လွမ်း စောစောပဲ ကားဂိတ်ကိုရောက်အောင်သွားပြီး စောင့်နေလိုက်တယ်...
မောင်တို့ ပဲခူးကား ကားဂိတ်ဝင်လာတော့ ရင်တွေခုန်လိုက်တာ...စိတ်ထဲပျော်သွားတာ...
မောင်လဲ လွမ်းကိုတွေ့ သွားတော့ ပျော်သွားတဲ့မောင့်ပုံစံလေးက ကလေးလေးတစ်ယောက်လိုပဲ...
ကားကို မင်္ဂလာဒုံဖက်မောင်းခိုင်းပြီး Million Coils မှာကြေးအိုးဝင်စားရင်းနဲ့  မောင်နဲ့ စကားပြော ကြတယ်လေ...
မောင်။ ။လွမ်းလေး...မောင့်ကို ဝမ်းသာရမဲ့အဖြေပေးမယ် မဟုတ်လား...
လွမ်း ။ ။လွမ်း မောင့်ကိုချစ်တယ်...မောင်နဲ့ ခွဲဖို့ တွေးကြည့်ရင် လွမ်းနေလို့  မရဘူး...
မောင် ။ ။လွမ်းကို မောင်လဲအရမ်းချစ်ပါတယ်... မောင်တို့ အခု ခဏပဲခွဲရမှာ...နောက်နှစ် ဒီလိုအချိန် မောင်ပြန်လာရင် လွမ်းကို မောင်လက်ထပ်မယ်... လွမ်းလေး မောင့်ကို ယုံယုံကြည်ကြည်နဲ့ စောင့်နေနော်...
လွမ်း ။ ။စိတ်ချပါမောင်...မောင်ပြန်လာမှာကို အလွမ်းတွေနဲ့ စောင့်ကြိုနေပါ့မယ်...
အဲဒီကနေ လွမ်းနဲ့ မောင် ရွှေတိဂုံဘုရားကိုသွားပြီး ဆုတောင်းကြပါတယ်...
လွမ်းလိုပဲ ချစ်သူတိုင်း မခွဲမခွာအတူလက်တွဲနိုင်ပါစေလို့  ဆုတောင်းပေးပါတယ်...

......................................................................................................................................................................

(၃)

အလွမ်းဇာတ်လမ်းလေးတွေကနေရတဲ့  လွမ်းကို တစ်ကြိမ်တော့ ပျော်ခွင့်ပေးပါနော်...
လွမ်းဇာတ်လမ်းလေးကို တကယ်လားလို့ မေးတဲ့သူတွေအတွက် လွမ်းဖြေချင်တာက လွမ်းရေးတဲ့ဇာတ်လမ်းတွေ အားလုံးဟာ လွမ်းတကယ်ခံစားခဲ့ရတဲ့ အဖြစ်အပျက်လေးတွေပေါ်မှာ အခြေခံပြီး ရေးထားတဲ့ဇာတ်လမ်းလေးတွေချည်း ပါပဲ...
အခုချိန်ထိလဲ လွမ်း ခံစားချက်လေးတွေရှိနေဆဲပါပဲ...
အွန်လိုင်းပေါ်မှာရေးတဲ့အတွက် လွမ်းဇာတ်လမ်းလေးတွေဟာလဲ အွန်လိုင်းဇာတ်လမ်းလေးတွေချည်းပဲ ဖြစ်နေခဲ့တာကို ခွင့်လွှတ်နားလည်ပေးကြပါ...
ခံစားချက်တူညီခဲ့ကြတယ်ဆိုရင်တော့ လွမ်းရေးရကျိုးနပ်ပါတယ်...

လွမ်း
၀၄-၀၇-၀၉
ည ၁၀း၄၄

2 comments:

Unknown said...

အရမ်းကြိုက်တယ် ....ဘ၀မှာ လိုအင်ဆန္ဒတွေပြည့် ပြီး ပျော်ရွင်နိုင်ပါစေ....

Anonymous said...

မလွမ်း
အရမ်းကောင်းလို့  ဖတ်သွားတာ
၎ ကြိမ်ပါပဲ
မလွမ်းရေးသောစာများကို အမြဲအားပေးနေပါတယ်