Friday, February 14, 2014

အလွမ်းစာမျက်နှာ - ၃



ကိုကိုရေ…


ကိုကို့ကို လွမ်းလို့ စာရေးလိုက်တာလေ…


လွမ်းလေ ကိုကိုနဲ့ ခင်ခဲ့ပြီးနောက်ပိုင်း လွမ်း ကိုကို့ကို သတိရရင် ဖုန်းဆက်တတ်လာတယ်…


ကိုကို့သူငယ်ချင်းတွေက အားလုံးသိကုန်ကြပြီလေ…


ဖုန်းဆက်လွန်းလို့ လွမ်းအသံကို မှတ်မိနေကြတယ်…


ကိုကိုမရှိရင် လွမ်း မဟုတ်လား…လွမ်းကိုကို မရှိဘူး…ည ၁၀-နာရီလောက်မှ ရောက်လိမ့်မယ် လို့ ဖြေတတ်တယ်…


ကိုကိုကလည်း ည ဘယ်အချိန် ပြန်ရောက်ရောက် ဖုန်းဆက်တတ်တယ်…


ဧပြီလ (၁၂) ရက်နေ့က သူငယ်ချင်းအလှူက ပြန်လာတော့ မိုးတွေ သဲသဲမဲမဲ ရွာချခဲ့တယ်…


လွမ်းမှာပဲ ထီးပါတယ်…ကိုကိုနဲ့ နှစ်ယောက်အတူ ထီးဆောင်းလိုက်ရတယ်…


ကိုကိုက အရပ်မြင့်တော့ ထီးကိုင်ပြီး မိုးပေးတယ်… လွမ်းက ကိုကိုနားလေး ကပ်လိုက်ရတာလေ…


အဲ့ဒီနေ့ညက ကိုကိုက လွမ်းအတွက် ကဗျာစပ်ထားတယ်…mail နဲ့ ပို့ပေးလိုက်မယ် ဆိုပြီး ပို့ပေးခဲ့တယ်…


ကိုကိုစပ်ပေးတဲ့ ကဗျာလေးကို ဖတ်ပြီး လွမ်း ရင်ခုန်ခဲ့ရတယ်…


ကိုကိုက ပုံလေးနဲ့ တွဲပို့ပေးတယ်…


အလွမ်းနုနု

မလွမ်းဘဲ..မနေနိုင်ဘူး
လွမ်းတဲ့သူရယ်
မိုးစက်တွေဖြိုးဖြိုးဖြိုက်ဖြိုက်
သတိရနေဆဲ
အနမ်းရယ်
ပါးထက်မှာမဖျော့တော့သေးပါလား?
ခါးလေးဖက်တာကိုရှက်ရွံ့လို့


ဘယ်သူ ဘာပြောပြော
တွေးကြောက်မနေနဲ့
အမောတံခါးရောက်ရင်ပြီးသွားမှာပဲ
ကလေးအနားမှာ.ကိုယ်အမြဲရှိတယ်
စေတနာဖြူဖြူလမ်းတူတူ
ချိုချို နွေးနွေး ချစ်နှစ်စ
ပူးကပ်လို့မေ့မရဘူး
နွဲ့ဟန်လေး


ကဗျာဆရာမို့ ချွဲတာမဟုတ်ဘူး
ရင်ထဲက ပြောမယ်
တကယ်
ငိုရမလောက်ချစ်တယ်



ခုံမင်ခြင်းညဉ်နက်ရဲ့
ရီရီမောမောဖုန်းသံလေး

မဝေးပေမယ့်
ပိုနီးခွင့်ရှိရင်
တံတားတစ်ခု ခင်းပါ


ကလေးရယ်
အပြင်းစားလွမ်းတတ်ပေမယ့်
ငရဲမီးစားသောအချစ်မဟုတ်လို့

နှုတ်ခမ်းပါးလေး
ချစ်နေမယ်


လွမ်း ကိုကို့ကဗျာကို Print ထုတ်ပြီး လွမ်း ကဗျာလေးတစ်ပုဒ် ပြန်စပ်ခဲ့တယ်…


လွမ်းကဗျာမစပ်တတ်ပါဘူး…ကိုကို့အတွက် ခံစားပြီး ချရေးလိုက်တာပါ…


ဧပြီလ (၁၄) ရက်နေ့မှာ လွမ်းရေးတဲ့ကဗျာလေးကို ကိုကို့ဆီ mail နဲ့ ပြန်ပို့ပေးခဲ့တယ်…


ကဗျာရဲ့ပုံကတော့ ကိုကို လွမ်းကို Comment ပို့ပေးခဲ့ဖူးတဲ့ ပုံလေးကိုပဲ သုံးလိုက်တာ…


တသရသော လွမ်းရက်များ


လွမ်းတယ်ကိုရယ်

ကလေးအပေါ်မှာအမြဲအလိုလိုက်တတ်တဲ့

ကိုကြီးတစ်ယောက်လိုဆက်ဆံနေတဲ့

ကို့ရဲ့အပြုအမူလေးတွေ



ကလေးကို ရင်ခုန်အောင် ပြောတတ်တဲ့

ခုံမင်ခြင်း ညဉ်နက်ရဲ့

ကို့ရဲ့စကားသံလေးတွေ


မိုးသည်းနေ့တွေမှာ

ကိုနဲ့နှစ်ယောက်အတူ

တစ်မိုးအောက်မှာ

နေခဲ့ရတဲ့နေ့ရက်လေးတွေ



တစ်ယောက်တည်း အားငယ်နေတဲ့

ကလေးကို နှစ်သိမ့်မှုတွေနဲ့

အနားမှာနေပေးတဲ့

အချိန်ကာလလေးတွေ



ဝါသနာတူတူ လမ်းအတူတူမို့

ဘယ်သူခွဲခွဲ မကွဲချင်ဘူး

စက္ကန့်မလပ် သတိရနေတယ်


လွမ်းတယ်

ကို

ရယ်



ကိုကိုက အဲဒါကို ကဗျာမြစ်တစ်စုံ အဖြစ်နဲ့ ငါးသုံးမှာ တင်ခဲ့တယ်…


ကိုကိုနဲ့တွဲပြီး အမှတ်တရ တင်ဖြစ်လို့ လွမ်း ဝမ်းသာခဲ့ရပါတယ်…
 

ကိုကိုက လွမ်းကို အရမ်း အလိုလိုက်တယ်…


လွမ်း ဘာပဲပြောပြော ကိုကို နားထောင်ပေးတယ်…


ကိုကိုကလည်း စကားပြောကောင်းတယ်…


ပင်လယ်ပြင်မှာ လှိုင်းမရှိရင် မဖြစ်သလို ကိုကို့အတွက်လည်း လွမ်းမရှိလို့ မဖြစ်ဘူး တဲ့လေ…


ကိုကို အဲလိုပြောလို့ ကိုကို့ကို မခွဲနိုင်ဖြစ်နေတာပေါ့…


ကိုကို့ကို သတိရနေသလို လွမ်းကိုလည်း သတိရနေပေးပါနော်…





ကိုကို့ကို ချစ်တဲ့

ကိုကိုရဲ့ လွမ်းလေး




လွမ်းဧကရီ
၁၇-၀၅-၂၀၀၉

ညနေ ၆:၁၅ နာရီ

No comments: