Thursday, February 13, 2014

အလွမ်းစာမျက်နှာ - ၁






ကိုကိုရေ…

လွမ်း…ကိုကို့ကို သတိရလိုက်တာ…

လွမ်း ကိုကို့ရင်ခွင်ထဲက ထွက်ချင်လို့ ထွက်လာတာ မဟုတ်ပါဘူး ကိုကိုရယ်…

ကိုကို့နားမှာ လွမ်း နေချင်ခဲ့တာပေါ့…

ကိုကို့ရင်ခွင်ထဲမှာနေပြီး ကိုကိုနဲ့ စကားတွေ ပြောချင်နေခဲ့တာပေါ့…

ဒါပေမဲ့ ကိုကိုရယ်…ကိုကိုက လွမ်းနားမှာ မနေနိုင်ခဲ့ပါဘူး…

လွမ်း အရမ်းဝမ်းနည်းတာပဲ…

လွမ်းကလေ လူ့ဘဝမှာ မနာလိုမှုတွေနဲ့ နေနေတာကိုကို…

လွမ်း အမှန်အတိုင်း ဝန်ခံတာ…

အဲ့ဒီ မနာလိုမှုတွေက လွမ်းဘဝအတွက် တက်လမ်းတွေ ဖြစ်စေခဲ့သလို လွမ်းဘဝအတွက် ဝမ်းနည်းကြေကွဲမှုတွေကိုလည်း ဖြစ်စေတယ်ကိုကို…

လွမ်း ကျောင်းသူဘဝ၊ အင်ဂျင်နီယာဘဝတုန်းက သူများကိုယ့်ထက်သာမှာကို မနာလိုလို့ လွမ်း ကြိုးစားတယ်ကိုကို…အောင်မြင်ခဲ့တယ်…

လွမ်း ကိုကို့ကို စတွေ့ပြီး ခင်ခဲ့ရတုန်းကလည်း ကိုကို သူများတွေကို လွမ်းထက် ပိုခင်သွားမှာကို လွမ်း စိုးရိမ်ခဲ့တယ်…

ကိုကို သူများတွေနဲ့ ပြောနေရင် မနာလိုဖြစ်ခဲ့ရတယ်…

လွမ်းဘဝမှာ အချစ်ဆုံးချစ်သူ မရှိတဲ့နောက် လွမ်း အထီးကျန်ညတွေကို ဖြတ်သန်းနေရတာ ကိုကို…

အဲ့ဒီညတွေမှာ ကိုကိုဟာ လွမ်းအတွက် စကားပြောဖော်တစ်ယောက်အနေနဲ့ လွမ်းဘဝထဲ ဝင်လာတဲ့အတွက် လွမ်း ပျော်ခဲ့ရပါတယ် ကိုကိုရယ်…

လွမ်း ကိုကို့အတွက် ခံစားရတဲ့ဇာတ်လမ်းလေးတွေ ရေးဖြစ်ခဲ့တယ်…

ကိုကိုက လွမ်းကိုပြောတယ်… “တကယ့်အဖြစ်အပျက်သာဆိုရင်တော့ ကိုကို ငိုမှာပဲ” တဲ့…

လွမ်းကလည်း ကိုကို့ကို ရီပြီးပြောခဲ့တယ်လေ… “ကိုကို့ကို တစ်ဖက်သတ်ချစ်နေတဲ့သူအနေနဲ့ ကိုကို့ကို အရမ်းချစ်ပြမှာ” လို့လေ…

လွမ်း အဲလိုတွေ ပြောနေပေမဲ့ တကယ်ခံစားနေရတာပါ ကိုကိုရယ်…

လွမ်းချစ်သူအကြောင်းတွေကိုလည်း ကိုကို့ကို အကုန်ဖွင့်ပြောပြတယ်…

ဒါပေမဲ့ ကိုကို လွမ်းကို အရင်လို မချစ်တော့မှာစိုးတဲ့စိတ်နဲ့ ဖွင့်မပြောခဲ့တာတွေလည်း ရှိခဲ့ပါတယ် ကိုကို…

ကိုကိုက လွမ်းကို အရင်လိုပဲ မပြောင်းလဲဘဲ ဆက်ဆံတယ်…

လွမ်းနဲ့ ကိုကို ဖုန်းပြောရင် လွမ်း ကိုကို့ကို ချွဲပြောလည်း ကိုကို နားထောင်ပြီး ပြန်ပြောပေးတယ်…

လွမ်းကို အမျိုးမျိုး နှစ်သိမ့်မှုတွေ ပေးခဲ့တယ်…

လွမ်း ကိုကိုနဲ့ ဖုန်းပြောရင် ပျော်နေမိတာလေ…

ကိုကို့အသံကို လွမ်း စကြားရကတည်းက ကိုကို့အပေါ် လွမ်းတကယ် ခင်သွားတာ…

လွမ်းနဲ့ ကိုကို ဘယ်လိုတွေပြောပြော ကိုကို ပြောနေကျစကားက “လွမ်းရာ ကိုကိုတို့က စာပေမောင်နှမတွေပဲ” လို့ ပြောတတ်တယ်လေ…



“ရွှေမင်းသမီးပြဇာတ်”


ဝါသနာကြိုးချင်း..ငြိ

ရွှေမင်းသမီးရဲ့…မနက်ကော်ဖီ

ပူပူနွေးနွေး အနမ်းနုနု

အနီရောင် ပန်းနှစ်ခုနဲ့

အဖြူအမည်း ခဲတံနှစ်ချောင်း





သူတစ်ချောင်း…

ကိုယ်တစ်ချောင်း…

ရင်ခုန်…သံယောဇဉ်စာသားတွေ

သူ့အိမ်ရှေ့…ကိုယ်ချရေး

ကိုယ့်အိမ်ရှေ့…သူလာရေး

ပြေးပြေးပြီးဖတ်…

တွေးတွေးပြီးပျော်…

နီးသထက်နီးကပ်

နှုတ်ခမ်းသားဖြာယှက်



သူဟာ…

ကျွန်တော်ါအတွက် ဆေးတစ်ခွက်



ရွှေမြဝါပန်းမို့…

ရွှေမင်းသမီးအတွက်ဆိုပြီး…

အလွမ်းတေးထပ်တွေ…

ခုတလော ဆက်တိုက်ရေးထုတ်ကြ



သူဟာ…

ကျွန်တော့်…ချစ်သူဆိုတာ

မသိကြလေရောသလား…?



ရုတ်တရက်…လမ်းခုလတ်မှာ

ရွှေမင်းသမီး…သူ့အတွက်

ရွှေအိုရောင်…ချစ်ပန်းတစ်ပွင့် ခူးဆက်

ကျေးဇူးပါ…မောင်မောင်

ဒါ မေ့လက်ဆောင်…



နာမည်မပါတဲ့…ပြဇာတ်

သေသပ်မှုအပြည့်နဲ့…ပြဇာတ်



အရမ်းလှတဲ့…ပြဇာတ်

စိတ်ကူးယဉ် သိုသိုသိတ်သိတ်…

ယိုဖိတ်နေတဲ့…ပြဇာတ်

အတုအယောင်…နှလုံးသားမဲ့ဇာတ်ဆောင်များနဲ့

ထည်ဝါအခမ်းနားဆုံး…ပြဇာတ်



ကျွန်တော့် အသည်းခြေတော်တင်လို့

စင်ပြိုင်ဖို့…ရောင်စုံမင်းသားအလက်လက်

ရွှေရောင်တူ မျက်နှာဖုံးတပ်…



သူရွှေမင်းသမီးလေးနဲ့ တွဲဖက်လို့…

ရွှေအိုရောင် ပြဇာတ်



ပန်းအပွင့်နှစ်ဆယ်…ပျိုးထား

တနေ့ နည်းနည်း မရိုးအောင်ချပြ

သိပ်ကြွ သိပ်လှ…ယိမ်းသမမွှေ



ဇာတ်ညွှန်းမသိတဲ့ လူတွေ…

ရင်တဖိုဖို…အကုန်ဝင်ကကြ…

ဒါရိုက်တာ ရွှေမင်းသမီးရဲ့…



ကတုံးပေါ်ထိပ်ကွက်…

မျက်ခုံးမွှေးပေါ်က…အကယ်ဒမီရိုက်ချက်



ရွှေမင်းသမီးလေးရယ်…

ကိုယ်ချစ်လွန်းလို့…

မသိချင်ယောင်ဆောင်ရင်း…

ဟိုအမှောင်ထောင့်က ကြိတ်ငိုရင်း

ဆက်လက်ကပြ…အသုံးတော်ခံနေပါ့မယ်



ကိုယ်မမြင်ရတဲ့…



ဟိုနယ်ခြားတစ်ဖက်မှာသာ…

ဒီပြဇာတ်ကို…

 “ကျွန်မဒီလို ကပြခဲ့တာ” အော်ရင်း…

ဟာသတော့…မလုပ်လိုက်ပါနဲ့နော်



ဒီကဗျာတေးထပ်က…

ရွှေပြဇာတ်ရဲ့…

ပိတ်ကားအနက်…ဖြစ်သွားရင်

မင်းငါ့ကို မုန်းမှာလား?

 
ခု ကိုကိုရေးတဲ့ကဗျာလေးက “အပေါ်ပိုင်းက ကိုကိုနဲ့ လွမ်းတို့နှစ်ယောက်အကြောင်း” တဲ့…

 ကဗျာအောက်ပိုင်းက ကိုကို ၉-တန်းတုန်းက Queen ရထားတဲ့ ကောင်မလေးတစ်ယောက် အကြောင်းရေးထားတာ” တဲ့…

ကိုကိုကဗျာရေးတိုင်း ရှင်းပြတတ်တဲ့အကျင့်လေး ရှိတယ်…ကိုကိုပြောသမျှ ယုံမိတယ်…

ဒီစာလေးကို ကိုကို့အတွက် အလွမ်းပြေရေးလိုက်တာ ကိုကို…

ကိုကို့ကို လွမ်း အဝေးကပဲ ချစ်တော့မယ်ကိုကိုရာ…

ကိုကို့ရင်ခွင်က ခွဲထွက်တော့မယ်လို့ ဆုံးဖြတ်လိုက်တော့ လွမ်း ငိုခဲ့ရပါတယ် ကိုကို…

ကိုကို ဖုန်းဆက်ရင် လွမ်းငိုမိမှာမို့ လွမ်းဖုန်းကို ပိတ်ထားလိုက်တယ် ကိုကို…

ရင်ထဲမှာတော့ တကယ့်ကို နာကျင်နေတာပါ ကိုကိုရယ်…

လွမ်းကို သတိရနေပေးပါ…



ကိုကိုရဲ့ လွမ်းလေး




လွမ်းဧကရီ
၃၀-၀၄-၂၀၀၉

No comments: