Monday, July 8, 2013

ခေါင်း နဲ့ ပန်း

ခေါင်း နဲ့ ပန်း


ကိုယ်ရယ်…

လွမ်းလေ ကိုယ့်ကို အရမ်းသတိရနေမိတယ်။

တစ်ယောက်တည်း ဖြစ်နေတဲ့အချိန်ဆို ကိုယ့်ကို အရမ်း တွေ့ချင်တယ်။

ကိုယ်နဲ့ စကားတွေ အများကြီး ပြောချင်တယ်။

ကိုယ့်ကိုလည်း မေးခွန်းတွေ အများကြီး မေးချင်နေမိတယ်။

ကိုယ်နဲ့ လွမ်းတို့ရဲ့ ကျောင်းတုန်းက အကြောင်းတွေကို ပြန်စဉ်းစားရင် ပြန်မရနိုင်တော့တဲ့ အချိန်လေးတွေကို ပြန်တမ်းတမိပါတယ်။

5th. Year တစ်နှစ်လုံးဟာ ကိုယ်နဲ့ လွမ်းတို့ရဲ့ အမှတ်တရ ကျောင်းမှာ ပျော်ခဲ့ရတဲ့နှစ်ပါ။

ကိုယ်နဲ့ လွမ်းက Day က တက်ကြသူတွေဆိုတော့ ကျောင်းရောက်တာနဲ့ ကိုယ်နဲ့ လွမ်း အတူတူ တစ်တွဲတွဲ ဖြစ်နေခဲ့ပါတယ်။


Theatre (US=Theater) ခန်းတွေမှာဆို ကိုယ်နဲ့ လွမ်း အတူထိုင်ဖြစ်ကြတယ်။

အတန်းမရှိတဲ့အချိန်တွေဆို အခန်းလွတ်တစ်ခုထဲမှာ စာအတူကျက်ခဲ့ကြပါတယ်။


ကိုယ်က စကားပြောရင် တိုးတိုးလေး အနားနားကပ် ပြောတတ်တယ်။

အဲလိုအချိန်တွေဆို လွမ်းရင်ထဲ ခုန်ပြီး နွေးနေတတ်တယ်။


ဒါပေမဲ့ စာမေးပွဲပြီးလို့ ကျောင်းတွေသာ ပိတ်သွားတယ်…ကိုယ် လွမ်းကို ဘာတစ်ခုမှ ဖွင့်မပြောခဲ့ပါဘူး။

လွမ်းတို့ မြန်မာမိန်းခလေးတွေက ကိုယ်က ချစ်နေရင်တောင် ဖွင့်ပြောလို့ မရတဲ့ အဖြစ်မျိုးပါ။

ကိုယ့်အမူအရာတွေက လွမ်းကို စိတ်ဝင်စားတယ်ဆိုတာ စိတ်က သိနေပေမဲ့ ကိုယ်က ဖွင့်မပြောတော့လည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။

ကိုယ်နဲ့ လွမ်း ကျောင်းပြီးတဲ့အချိန်မှာ တစ်ယောက်တစ်နေရာစီ ကွဲသွားပါတယ်။

နောက်တော့ ကိုယ် တပ်ထဲဝင်သွားတယ်ဆိုတာ ကြားလိုက်ရတယ်။

လွမ်းလည်း လွမ်းအပေါ် အနစ်နာခံတတ်တဲ့၊ လွမ်းကို သိပ်ချစ်တဲ့ ချစ်သူတစ်ယောက် ရခဲ့ပါတယ်။

ဒီလိုနဲ့ ဝေးသွားလိုက်တာ လွမ်းချစ်သူဆုံးတဲ့ သတင်းကြားတော့ ကိုယ်…လွမ်းဆီ သံကြိုးစာနဲ့ ဝမ်းနည်းကြောင်းပို့တာလေးကို ဖတ်လိုက်ရပါတယ်။

နောက်တော့ ကိုယ်လည်း လက်ထပ်သွားတယ်ဆိုတဲ့ သတင်းကြားလိုက်ရပါတယ်။

အချိန်တွေကြာပြီး လွမ်းနဲ့ ကိုယ် ပြန်တွေ့တော့ ကိုယ်နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောရင်း လွမ်းရဲ့စိတ်ဟာ ခံစားနွေးထွေးမှုတွေ ဖြစ်လာပါတယ်။

ကိုယ်က ဘယ်လိုပြောလဲဆိုတော့ -

ချစ်သူတွေဟာ ချစ်ရဲ့သားနဲ့ လက်မထပ်ဖြစ်ဘဲ ကွဲသွားတာလည်း ရှိတယ်တဲ့…

မချစ်ဘဲနဲ့လည်း လက်ထပ်ပြီး ချစ်သွားတဲ့သူတွေလည်း ရှိတယ်တဲ့…

ချစ်လို့ လက်ထပ်ပြီးပေမဲ့လည်း ကွဲကွာသွားတဲ့သူလည်း ရှိတယ်တဲ့…

လွမ်းကို ချစ်တဲ့အချစ်ကို မပြောင်းလဲဘဲ ရင်ထဲမှာ သိမ်းဆည်းထားတယ်တဲ့…

လွမ်းကို ချစ်တယ်ဆိုရင် အရင်တုန်းက ဘာလို့ ဖွင့်မပြောခဲ့တာလဲ ကိုယ်ရယ်။

ခုချိန်မှာတော့…ကိုယ်ရယ်…လွမ်းကို ခံစားရအောင် မပြောပါနဲ့တော့နော်။

ကိုယ်နဲ့ လွမ်းဟာ ခေါင်းနဲ့ ပန်းလိုပဲ ကြားထဲမှာ နံရံလေးတစ်ခု ခြားနေပြီဆိုတာ သိပါတယ်။

ကိုယ်က တစ်ချိန်တုန်းက ချစ်ခဲ့တဲ့စိတ်လေးကို ခုချိန်ထိ သိမ်းဆည်းထားတယ်ဆိုတာ သိရတော့လည်း ရင်ထဲ ဝမ်းနည်းနာကြင်ရပါတယ်။

ဒီအချိန်မှာ ကိုယ့်ကို လွမ်း…လွမ်းနေရုံအပြင် ဘာများ တတ်နိုင်အုန်းမှာလဲ ကိုယ်ရယ်။


လွမ်းရဲ့ ခံစားချက်ကို ကိုယ်တစ်ယောက် နားလည်နိုင်ပါစေ။

လွမ်း










လွမ်းဧကရီ
၀၈-၀၇-၂၀၁၃

ညနေ ၄:၃၅ နာရီ


1 comment:

Unknown said...

ခ်စ္သူ
မပန်ချင်လေသူကိုမှ
ခြွေလေမလား
ကိုင်လုံးညွှတ်မျှဝေမိတယ် ။
ဒါပေမယ့်
မခြွေလို့မကြွေ
မဝေခဲ့ရပေမယ့်
ယုယစွာမြတ်နိုးလို့
ပိုက်ထွေးကာထားလေသူကို
အလှဆင်ကာ ဝေမိပြန်တော့
ကံကြမ္မာလေပွေရိုင်း က လှိုင်းထန်ပြန်တယ်။
အကြွေပန်းမဟုတ်ပေမယ့်
လေလှိုင်းမှာမျောလွင့်လို့
သံစဉ်တွေနဲ့ ပျော်မွေ့ကာမှ
ဖမ်းဆုပ်ကာ မသိမ်းဆည်းချင်ပါနဲ့
ခေါင်းနဲ့ပန်းလို အလွှာခြား သွားပြီမို့
အလွမ်းတွေကို ရင်မှာပိုက်လို့
လွမ်း နေတာပဲ ကောင်းပါတယ်။

(လွမ်းရေးထားတာလေးတွေကို ခံစားကြည့်လိုက်တာ)