Tuesday, July 30, 2013

သစ္စာအလွမ်း

သစ္စာအလွမ်း


ချစ်ခြင်းသံစဉ် ကာရံညီနှင့်

သစ္စာကို အခြေပြု

နှစ်ယောက်တစ်ဘဝ

တည်ဆောက်ကြဘို့

အနာဂတ်ကို တွေးလို့

ကြိုးစားရင်း

ပျော်မြူးရတယ် မောင်။


ဒါပေမယ့်

ကံကြမ္မာရိုင်းက လှိုင်းထန်လာတော့

ရှောင်လွှဲမရတဲ့ ဒီဝဋ်ကြွေး

အကျေဆပ်ခိုင်းပုံက

ရိုင်းစိုင်းလွန်းလှတယ် မောင်ရယ်။


မောင်မပေးပေမယ့်

ရခဲ့တဲ့ ကမ္ဘာမြေထဲက မောင့်ရဲ့နေ့

ဒီရင်မှာ မမေ့ဘဲ

ဒါနတွေ ပြုနေတယ် မောင်။


မောင်ပေးခဲ့တဲ့ ချစ်ခြင်း

ခွန်အားဖြစ်စေရင်း

မထားခဲ့ပေမယ့်

ကျန်နေခဲ့သူအတွက်

ပြန်လာလေမလား မျှော်လင့်

အလွမ်းကာရံတွေနဲ့ အားတင်းလို့

လွမ်းဧကရီ ဖြစ်နေရပြီ မောင်။


ရက်ကို လစား

လကို နှစ်စားလို့

ရာသီတွေအလီလီ ပြောင်းခဲ့ပေမယ့်

ထာဝရသာ ဖြစ်စေတဲ့

မောင့်အတွက် ချစ်ခြင်း

နှလုံးသားမြစ်အတွင်း

အဆက်မပြတ် စီးဆင်းနေဆဲပါ မောင်။


တွဲလက်တွေ မဖြုတ်ခဲ့ပေမယ့်

နည်းလှတဲ့ ရေစက်ကို ဖြည့်ကာစွက်ရင်း

ဒီရင်တွင်းက ချစ်ခြင်း

မောင့်တစ်ယောက်သာ ဖြစ်စေရင်း

ပစ္စုပ္ပန်ရဲ့ အလွမ်းတွေကို သောက်သုံးလို့

ဒီဘဝတွင်မက နောင်ဘဝတွေအထိ

ဆက်ချစ်သွားမယ့် လွမ်းပါ မောင်။



၁၈-၀၇-၂၀၁၃
မနက် ၁-နာရီ ၀၇-မိနစ်မှာ
မြတ်သူ ခံစားရေးဖွဲ့ထားပါသည်။

လွမ်းအကြောင်းလေးကို ခံစားရေးဖွဲ့ပေးထားသော မြတ်သူကို ကျေးဇူးအထူးတင်ရှိပါတယ်။

1 comment:

Unknown said...

လွမ်းအတွက်အမှတ်တရ လေး တစ်ခုဖြစ်စေလို့ ကျေနပ်တယ်။