Wednesday, August 11, 2010

ကြေကွဲဝမ်းနည်းရတဲ့ ဘ၀မှတ်တမ်း

Image and video hosting by TinyPic



ကြေကွဲဝမ်းနည်းရတဲ့ ဘ၀မှတ်တမ်း



အပိုင်း(၁)



သိမ့် မောင့်ကို စချစ်ခဲ့ကတည်းက ဘ၀သက်ဆုံးတိုင် ရည်ရွယ်ပြီး ချစ်ခဲ့တာပါ...


မောင်နဲ့ သိမ့်က ကျောင်းအတူတူပြီးလို့  အလုပ်ထဲဝင်မှ တွေ့ ခဲ့ကြတာလေ...


အလုပ်အတူတူဆင်းရင်း သွားအတူ၊ စားအတူဖြစ်ရာက မောင်က သိမ့်ကို ချစ်တယ်လို့  ဖွင့်ပြောခဲ့တယ်...


သိမ့်ကလဲ မောင်ကို ချစ်တယ်လို့  ပြန်အဖြေပေးခဲ့တယ်...


နှစ်ဖက်မိဘတွေ ဖွင့်ပြောပြီး ဘ၀ခရီးကို အတူလက်တွဲဖို့  ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်...


ရည်းစားဘ၀မှာပဲ အိမ်ထောင်ပစ္စည်းလေးတွေကို စုဆောင်းခဲ့ကြတယ်...


တစ်ယောက်စိတ်သဘော၊ တစ်ယောက်သိနားလည်ဖို့  ကြိုးစားညှိနှိုင်းခဲ့ကြတယ်...


သိမ့်က အိမ်မှာအလတ်ဆိုတော့ ဘာမှမလုပ်ရတော့ ထမင်း၊ ဟင်း မချက်တတ်ဘူး...


သရက်သီးတောင် အခွံမနွှာတတ်ဘူး...


သိမ့်က အပြင်သွားရင် လှလှပပနေတတ်ပေမဲ့ အိမ်မှာ အ၀တ်တွေကို ပုံထားတတ်တယ်...


တစ်ပတ်တစ်ခါမှ အ၀တ်တွေ စုလျှော်တတ်တယ်... သွားခါနီးမှ မီးပူတိုက်ဝတ်တယ်...


ဒါပေမဲ့ သိမ့်က စာတော်တယ်... ဥာဏ်ကောင်းတယ်... ထက်မြက်တယ်...



မောင်က နယ်ကနေ ကျောင်းလာတက်တာဆိုတော့ ကျောင်းတက်နေတုန်းတော့ အဆောင်နေပေမဲ့ ကျောင်းပြီးတော့ သူငယ်ချင်းတစ်ယောက်နဲ့  အိမ်ငှားနေပြီး အလုပ်တက်တယ်...


ဒီတော့ ထမင်း၊ ဟင်းကို ကိုယ်တိုင်ဈေးဝယ်ပြီး ချက်တယ်... အိမ်ထောင်မှုကိစ္စ အကုန်လုပ်တတ်တယ်... သန့် သန့် ရှင်းရှင်းနေတာ ကြိုက်တယ်... အင်္ကျီ၊ လုံချည်ကို မီးပူတိုက်ပြီးမှ ၀တ်တတ်တယ်... အ၀တ်တွေကို လျှော်ပြီးတာနဲ့  မီးပူတိုက်ပြီး ဘီရိုထဲမှာ သပ်သပ်ရပ်ရပ်
စီထည့်ထားတတ်တယ်...


စရိုက်မတူတဲ့ မောင်နဲ့ သိမ့် ချစ်ခဲ့ကြတာမှ တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူကြားလေ သွေးလို့ မှ မဝေးနိုင်ခဲ့ကြပါဘူး...


မောင်က အရင်က ကောင်မလေးတွေကို လိုက်ခဲ့ဖူးပေမဲ့ သိမ့်အချစ်ရပြီးတဲ့နောက် သိမ့်တစ်ယောက်ကိုပဲ ချစ်ခဲ့တယ်...


သိမ့်ကလဲ မောင့်ကို ချစ်တယ်လို့ အဖြေပေးပြီးနောက် တစ်ယောက်ဆိုတစ်ယောက်ပဲ ချစ်ခဲ့ပါတယ်...


မောင်...တစ်ခြားမိန်းခလေးတစ်ယောက်နဲ့ ရိုးရိုးတန်းတန်း စကားပြောရင်တောင် မနာလိုဝန်တိုတတ်တဲ့အထိ သိမ့်...မောင့်ကို ချစ်ခဲ့ပါတယ်...


သိမ့်ကိုလဲ တစ်ခြားယောင်္ကျားလေးတစ်ယောက်က အခွင့်အရေးယူသွားမှာ စိုးရိမ်တဲ့အထိ မောင် သိမ့်ကို ချစ်ခဲ့ပါတယ်...




အပိုင်း(၂)



သိမ့်နဲ့ မောင် သုံးနှစ်သုံးမိုးချစ်ခဲ့ကြပြီးမှ မောင့်မိဘက နယ်ကရောက်လာပြီး သိမ့်မိဘတွေဆီ လာရောက်တွေ့ ဆုံပြီး မင်္ဂလာကိစ္စ ဆွေးနွေးပါတယ်...


သိမ့်နဲ့ မောင် သီးခြားနေဖို့  စီစဉ်ပြီး အိမ်ထောင်ပရိဘောဂစုံလင်အောင် ၀ယ်ထည့်ပါတယ်...


တစ်သက်မှာတစ်ခါလုပ်တာမို့  ဟိုတယ်မှာ နှစ်ဖက်မိဘစုံညီစွာနဲ့  မင်္ဂလာဆောင် ပြုလုပ်ပေးပါတယ်...


မင်္ဂလာဆောင်ပြီး တစ်လအကြာမှာ ခွင့်ယူပြီး နယ်ကို ဆွေပြမျိုးပြခရီးထွက်ပါတယ်...


သိမ့်ကို မောင့်ဆွေမျိုးအားလုံးက နွေးထွေးစွာ ကြိုဆိုပါတယ်...


မောင်တို့ ဖက်က ကုန်သည်တွေချည်းပါပဲ...


သိမ့် ဟင်းမချက်တတ်တာနဲ့ ပတ်သက်လို့ ကတော့ သိပ်ဘ၀င်မကျပေမဲ့ မောင်က သိမ့်ဘက်က ကာကွယ်ပြောဆိုမှုကြောင့် ဘာမှတော့ မပြောပါဘူး...


ဒါပေမဲ့ သိမ့်... မောင့်ကို လက်ထပ်ပြီးတဲ့နောက် မီးဖိုချောင်ကို စ၀င်ပြီး ချက်တတ်အောင် လုပ်ပါတယ်... မောင်က သင်ပေးပါတယ်...


ပထမတော့ မောင်နဲ့ အတူ ဈေးသွားဝယ်ပေမဲ့ နောက်ပိုင်း မောင့်ကို လိုက်ခွင့်မပေးခဲ့ပါဘူး...


သိမ့်...အိမ်ရှင်မတစ်ယောက်ပီသအောင် နေပါတယ်...


မောင်က အိမ်ကို သန့် ရှင်းနေအောင် နေတတ်တဲ့အတွက် သိမ့်လဲ အရင်လို ပစ်စလက်ခတ် နေတတ်တဲ့အကျင့် ပျောက်သွားပါတယ်...


သိမ့်နဲ့ မောင်က နှစ်ယောက်လုံး လက်ထောက်အင်ဂျင်နီယာ ၀န်ထမ်းဘ၀မှာ ခြိုးခြံချွေတာပြီး နေကြရပါတယ်...


ဘ၀ကို နှစ်ယောက်အတူ ခက်ခဲစွာ ရုန်းကန်ရပေမဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်...


ဒီလိုနဲ့  အိမ်ထောင်သက်တမ်းတစ်နှစ်ခွဲအကြာမှာ သားလေးတစ်ယောက်ရခဲ့ပါတယ်...


မောင်နဲ့ သိမ့်အလုပ်သွားရင် သိမ့်မိဘတွေဆီမှာ သားကို အပ်ထားပြီး ရုံးဆင်းအပြန် ၀င်ခေါ်ပြီးမှ ပြန်ပါတယ်...


ညနေတိုင်း အင်းယားကန်ဘောင်ပေါ်မှာ မောင်နဲ့ အတူ သားကိုလက်တွဲလို့  လေညှင်းခံပြီး စကားတပြောပြောနဲ့  လမ်းလျှောက်ရတာဟာ သိမ့်အတွက်တော့ ပျော်ရွှင်ကြည်နူးရတဲ့ အချိန်လေးတွေပါပဲ...




အပိုင်း(၃)



သားလေး ၂-နှစ်ခွဲမှာ မောင့်အလုပ်က နယ်ပြောင်းမိန့် ကျလာပါတယ်...


ဒီအချိန်မှာ သိမ့်တို့ တွေ မိသားစု တစ်ကွဲတစ်ပြားဖြစ်မှာကို မောင်က မလိုလားပါဘူး...


မောင်အလုပ်ထွက်ပြီး စီးပွားရေးလောကထဲကို စတင်ခြေချပါတယ်...


မောင့်သူငယ်ချင်း ကိုမျိုးက အစစအရာရာ အကူညီပေးပါတယ်...


မောင့်မေမေက ငွေကြေးထောက်ပံ့ပါတယ်...


မောင့်ရဲ့ ကြိုးစားမှုကြောင့် မောင့်ကိုယ်ပိုင်ကုမ္ပဏီ ဖွင့်နိုင်ခဲ့ပါတယ်...


သိမ့်တို့ မိသားစု ကိုယ်ပိုင်ခြံဝင်းလေးဝယ်ပြီး အိမ်ဆောက်နိုင်ခဲ့ပါတယ်...


ဒါပေမဲ့ မောင်နဲ့ သိမ့်တို့ နှစ်ယောက်ရဲ့ အတူနေတဲ့အချိန်လေးက လျော့လာခဲ့ပါတယ်...


သိမ့်ကတော့ မောင်ဝန်ထမ်းဘ၀လေးတုန်းက နှစ်ယောက်အတူ ဘ၀ကိုရင်ဆိုင်ခဲ့ရတဲ့အချိန်မှာ ပျော်ရွှင်ခဲ့ရတဲ့အချိန်လေးတွေကိုပဲ ပြန်ရချင်ပါတယ်...


မောင်က သိမ့်ကို အလုပ်ထွက်ခိုင်းပါတယ်... သိမ့်လက်မခံနိုင်ပါဘူး...


သိမ့် သင်ထားတဲ့ပညာတွေကို စွန့် လွှတ်ပြီး အိမ်ထောင်မှုလုပ်ငန်းတွေထဲမှာပဲ မနှစ်မြှုပ်ပစ်နိုင်ပါဘူး...


သိမ့်က အလုပ်တစ်ဖက်နဲ့  အိမ်ထောင်မှုလုပ်ငန်းတွေ မလစ်ဟင်းအောင် နေပါတယ်...


မောင်ကတော့ ကုမ္ပဏီလုပ်ငန်းနဲ့  ပတ်သက်တဲ့ လုပ်ငန်းတူအဖော်တွေအတွက် အချိန်ပေးနေရတာနဲ့  သိမ့်တို့ မိသားစုအတွက် အချိန်မပေးနိုင်တော့ပါဘူး...


ညနေတိုင်း မောင့်သူငယ်ချင်းတွေနဲ့  စားသောက်ဆိုင်သွားတတ်လာပါတယ်...


အိမ်ပြန်နောက်ကျတတ်ပြီး စီးကရက်ကို လက်ထဲကမချ သောက်တတ်လာပါတယ်...


သိမ့်က စီးကရက်ကို မသောက်ဖို့ တားတော့ အလုပ်အတွက် တွေးလို့ ကောင်းလို့  သောက်တာလို့  အကြောင်းပြပြီး တားမရခဲ့ပါဘူး...


သိမ့်အလုပ်က ဂျပန်နိုင်ငံကို လေ့လာရေးခရီး လေးလသွားဖို့  သိမ့်အရွေးခံရပါတယ်...


သားကို သိမ့်မိဘတို့ အိမ်မှာ ထားဖို့  ဆုံးဖြတ်ခဲ့ပါတယ်...


မောင်က သိမ့်တို့ မိသားစုလေးအတွက် အလုပ်ကြိုးစားလုပ်နေတယ်ဆိုတာ သိမ့်နားလည်ပါတယ်...


မောင့်ကိုလဲ အလုပ်တွေ အရမ်းလုပ်မနေဖို့ မှာရပါတယ်...





အပိုင်း(၄)



သိမ့်မြန်မာပြည်ပြန်ရောက်လို့  လေဆိပ်ခန်းမထဲရောက်တော့ သိမ့်မေမေနဲ့ သားပဲ လာကြိုပြီး မောင့်ကို မတွေ့ ရတော့ သိမ့်ဝမ်းနည်းသွားတယ်...


အိမ်ကိုပြန်ရောက်တော့မှ မောင့်ကို တော်ဝင်ဆေးခန်းတင်ထားမှန်း သိလိုက်ရပါတယ်...


သိမ့် ဂျပန်မှာ အချိန်ရလို့ ဖုံးဆက်ရင် မောင်က အမြဲရီရီမောမောနဲ့  သိမ့်ကို သတိရနေတဲ့အကြောင်း၊ လွမ်းနေလှပြီ ပြန်လာပါတော့လို့  ပြောတတ်တာကို ပြန်တွေးပြီး သိမ့်ဝမ်းနည်းနေမိတယ်...


သိမ့် နောက်ဆံတင်းမှာစိုးလို့  မောင်ဟန်ဆောင်ပြောခဲ့မှန်း နားလည်ခဲ့ရပါတယ်...


မောင် သိမ့်ပြန်မလာခင် တစ်ပတ်အလို ညမှာ ရင်ဘတ်အောင့်တယ်ဆိုပြီး ဆေးရုံတင်လိုက်ရတာတဲ့...


မောင် အရက်တွေ၊ စီးကရက်တွေကြောင့် နှလုံးသွေးကြောကျဉ်းပြီး အသည်းခြောက်နေတာကို စမ်းသပ်တွေ့ ရှိသွားတယ်...


နှလုံးသွေးကြောကျဉ်းတာကို ချဲ့ပေးပြီး ဆေးရုံက ဆင်းရပါတယ်...


အရက်နဲ့ ဆေးလိပ်ကို လုံးဝမသောက်ဖို့  ဆေးရုံကမှာလိုက်ပါတယ်...


သိမ့်နဲ့ သားကိုလဲ ဆေးစစ်ကြည့်ရပါတယ်...


မောင်က အလုပ်ကို မနားဘူး...


မောင်က သိမ့်နဲ့  အိပ်ရာခွဲအိပ်စေပါတယ်...


သိမ့်အဖို့  ရင်ထဲမှာ ၀မ်းနည်းကြေကွဲရတဲ့နေ့ ရက်တွေပါပဲ...


ဒီအချိန်မှာ မောင့်ကိုလဲ အပြစ်မတင်ချင်တော့ပါဘူး...


မောင်က ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်ပြီး ချမ်းသာတဲ့ဒဏ်ကို မခံနိုင်တာလို့ ပဲ သိမ့်ယူဆတယ်...


အလုပ်ပင်ပန်းတာ အကြောင်းပြပြီး အရက်သောက်ခဲ့တဲ့အကျိုးကျေးဇူးကြောင့် ခုလိုဖြစ်လာတာပါပဲ...


တစ်ရက်မှာ ညနေစောင်း အလုပ်က အပြန်မှာ သွေးဝမ်းသွားတဲ့အတွက် တော်ဝင်ဆေးခန်းမှာ အရေးပေါ်တင်လိုက်ရပါတယ်...


အစာအိမ်သွေးကြောပေါက်သွားတာလို့ ပြောပါတယ်...


လေဆာနဲ့ ပေါက်သွားတဲ့သွေးကြောကို ဖာတယ်လို့ ဆေးရုံကပြောပါတယ်...


အဲဒီအချိန်မှာ အသည်းခြောက်တာက အသည်းကင်ဆာအဖြစ် ပြောင်းသွားပြီလို့  ပြောပါတယ်...


ဆရာဝန်က နှစ်လပဲ ခံမယ်လို့  ခန့် မှန်းတယ်တဲ့လေ...


မောင်...အိပ်ရာထဲမှာ ဝေဒနာခံစားနေရတာကို သိမ့် မကြည့်ရက်ဘူး...


မောင့်ရောဂါအကြောင်းကို မောင့်ကို လုံးဝအသိမပေးဘူး...


မောင်က ကုမ္ပဏီကို ပစ်ထားရလို့ ဆိုပြီး ဆေးရုံကဆင်းချင်တယ် ဆိုတာကိုပဲ ဆရာဝန်လာတိုင်း တောင်းဆိုနေတယ်...


တစ်ရက်မှာ ဆရာဝန်က မောင့်ဆန္ဒအတိုင်း ဆေးရုံကဆင်းခွင့်ပေးလိုက်တယ်...


အဲဒီ့နေ့ ညနေက မောင်က ခြံဝင်းထဲမှာ သိမ့်နဲ့ သားကို လက်တွဲပြီး လမ်းလျှောက်တယ်...


မောင် ကိုယ့်အိမ်ပြန်ရောက်လို့  ပျော်နေတယ်...


နောက်နေ့  အလုပ်ကို တစ်ခေါက်တော့ သွားကြည့်ရမယ် လို့  ပြောတယ်...


နောက်နေ့ မနက်မှာတော့ မောင် မျက်နှာသစ်ဖို့  ရေချိုးခန်းအသွား လဲကျသွားတယ်...


အဲဒီ့အချိန်မှာ သိမ့်က ဘုရားခန်းထဲမှာ မောင့်အတွက် ဆုတောင်းပေးနေတဲ့အချိန်လေ....


မောင့်ကို ဆေးခန်းပို့ ဘို့  ကားသွားထုတ်နေတဲ့အချိန်မှာပဲ မောင် သွေးတစ်ချက်အန်ပြီး ဆုံးသွားပါတယ်...


သိမ့်...မောင့်ကို စချစ်ကတည်းက သိမ့်တို့ တွေ အဖိုးကြီး၊ အဖွားကြီးဖြစ်တဲ့အထိ ဘ၀သက်ဆုံးတိုင် ချစ်သွားမယ်လို့  ရည်ရွယ်ထားခဲ့တာပါ...


မောင်...သိမ့်ကို စောစီးစွာ ထားခဲ့မယ်လို့  ဘယ်တုန်းကမှ မတွေးခဲ့မိတာပါ...


သားအတွက် သိမ့် ဘ၀မှာဆက်လက်ရပ်တည်နေရအုန်းမှာပါ...


မောင့်လိုအဖြစ်မျိုး ဘယ်သူ့ ကိုမှလဲ မကြုံစေချင်ပါဘူး...


မဖြစ်ခင်က ကြိုပြီးစဉ်းစားဆင်ခြင်စေချင်တာပါပဲ...


ဖြစ်လာမှတော့ ပြီးသွားခဲ့တဲ့အချိန်တွေကို ပြန်မရနိုင်တော့ဘူးဆိုတာ သိစေချင်ပါတယ်...


မိမိမပြု၊ မိမိမှု ဆိုတဲ့အတိုင်း ကိုယ်ပြုလုပ်ခဲ့တဲ့အမှုအတွက် ကိုယ်ပဲ ခံကြရတာပါ...


သိမ့်အတွက် ကြေကွဲဝမ်းနည်းရတဲ့ ဘ၀မှတ်တမ်းလေးပါ...




လွမ်း



၁၅-၁၁-၀၉



မနက် ၁း၅၅

No comments: