Wednesday, August 11, 2010

နှောင်းနောင်တ

နှောင်းနောင်တ


အပိုင်း-၁


သီရိတို့ သူငယ်ချင်းအုပ်စုက ယောင်္ကျားလေး လေးယောက်၊ မိန်းခလေးလေးယောက်...

ကွန်ပျူတာတက္ကသိုလ်မှာ အတန်းတူ၊ ကျောင်းကားအတူတူဖြစ်လို့  တွဲမိသွားတာလဲ ပါတယ်...

သီရိတို့ သူငယ်ချင်းတွေနာမည်ကို နာမည်ပြောင်ပဲ ခေါ်ကြတာ...

သီရိကိုတော့ သူငယ်ချင်းတွေက မှန်ကြောင်လို့ ခေါ်တယ်... မျက်မှန်တပ်ရလို့  လေ...

ယောင်္ကျားလေးတွေနာမည်ကလဲ သမိန်ပေါသွပ်၊ ညောင်ညောင်၊ ဦးစိတ်တို နဲ့  တာတီးဗိုး လို့ ပေး ထားကြတာ...

သီရိတို့ မိန်းခလေးလေးယောက်နာမည်က မှန်ကြောင်၊ ရှင်ဂွမ်းဂွိ၊ တရုပ်မနဲ့  ဘုတ်ဆုံမ လေ...

ကျောင်းကားပေါ်မှာ သီရိတို့ အုပ်စုက အကဲဆုံး... ကျောင်းကားပေါ်မှာ ဆူညံနေအောင် စကားတွေ ပြောကြတာလေ...

အတန်းထဲထိ ပြောစရာစကားက မကုန်ကြဘူး...

ဒါပေမဲ့ သီရိတို့ အုပ်စုက ဆရာ၊ ဆရာမတွေကို ရိုသေတယ်... စာကြိုးစားလို့  ခင်တဲ့သူပေါတယ်...

သီရိတို့  အုပ်စုက တစ်ယောက်နဲ့ တစ်ယောက် နောက်ပြောင် ရိုက်ပုတ်နေကြတာ...

သမိန်ပေါသွပ်နဲ့ ရှင်ဂွမ်းဂွိ နှစ်ယောက်သာ ရည်းစားဖြစ်သွားပေမဲ့ ကျန်တဲ့သုံးယောက်က စီးပွားရေးတက္ကသိုလ်က ကောင်မလေးတွေနဲ့  ရည်းစားဖြစ်နေကြတာ...

သီရိတို့ တွေပါ ရွာသာကြီးကို လိုက်လည်ကြသေးတာလေ...

သီရိတို့ ကျောင်းကနေ ၄-နာရီကျောင်းဆင်းပေမဲ့ အိမ်ကို ၅-နာရီခွဲမှပဲ ပြန်ရောက်တယ်...

သီရိ အကျင့်တစ်ခုရလာတယ်...

ကျောင်းကအပြန် အင်တာနက်ဆိုင်ကိုဝင်ပြီး သုံးတဲ့အကျင့်ဖြစ်လာတယ်...



သီရိအိမ်ကိုတော့ သီရိပြောပြထားပါတယ်...

အင်တာနက်ဆိုင်ကလဲ သီရိတို့ လမ်းထိပ်မှာပဲဆိုတော့ အိမ်ကစိတ်ချထားတယ်...

အဲဒီမှာ သီရိနဲ့ ကို တွေ့ ဖို့ အကြောင်းဖန်လာတာပဲ...

တစ်ရက်မှာ သီရိကို ချစ်ကိုကိုဆိုတဲ့ နာမည်နဲ့  လာ Add တာတွေ့ တော့ Accept ပေးလိုက်တယ်...

သီရိ Nick ကို ဘယ်လိုသိတာလဲဆိုတော့ ပြောမပြဘူး...

စ Chat ကြတော့ တစ်ယောက်နဲ့ တစ်ယောက် ဘုနဲ့ ဘောက်ပဲ...

နာမည်မေးတော့ ကို့ နာမည်က သီဟတဲ့...

သီရိကို နာမည်မေးတော့ သီရိက သီရိလို့  ဖြေတာကို ကိုက မယုံဘူး...

သီရိကလဲ ကို့ နာမည် သီဟဆိုတာကို မယုံဘူး...

Online ဆိုတာ အမှန်ပြောတာမဟုတ်ဘူးဆိုပြီး နှစ်ယောက်သား စကားများကြတာ...

နောက်တော့ သီရိလဲ အိမ်ပြန်ရမှာမို့  စကားဖြတ်ပြီး ပြန်လာခဲ့တယ်...

ညအိပ်ရာဝင်တော့ ကိုနဲ့ ပြောခဲ့တာတွေ သီရိ ပြန်တွေးပြီး အိပ်မပျော်ခဲ့ဘူး...

ကိုဟာ သီရိဘ၀ထဲ ၀င်လာမဲ့သူဆိုတာ သီရိထင်မထားခဲ့ဘူး...

Online မှာ သီရိနဲ့ ပြောတဲ့သူတွေထဲက ကို့ ကိုမှ သီရိ သတိရနေမိတာ ဆန်းတာပဲ...

ကို့ ကို မြင်ဖူးသေးတာ မဟုတ်ဘူးလေ...


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


အပိုင်း-၂


နောက်ရက် ကျောင်းတက်ရတော့ သူငယ်ချင်းတွေကြားမှာ သီရိ ငြိမ်နေမိတယ်...

သူတို့ ကလဲ သီရိကို သတိထားမိတယ်...

သီရိက ခေါင်းကိုက်နေလို့ ပါဆိုတဲ့ အကြောင်းပြချက်ပေးလိုက်တယ်...

အရင်ဆို သီရိက အကြောင်းအရာအားလုံးကို သူငယ်ချင်းတွေကို ပြောပြတတ်ပေမဲ့ ကိုနဲ့  စကားပြောဖြစ်တဲ့အကြောင်းကို ဘယ်သူ့ ကိုမှ ပြောမပြဖြစ်ဘူး...

ကျောင်းဆင်းမဲ့အချိန်ကိုပဲ စိတ်စောပြီး မျှော်နေမိတာ...

အပြန်ကျောင်းကားပေါ်ကဆင်းတာနဲ့  အင်တာနက်ဆိုင်ကို ခြေလှမ်းက ခပ်သွက်သွက် လျှောက်နေမိတယ်...

သီရိ Online ၀င်တာနဲ့  ကိုကလဲ Online မှာရှိနေတာ တွေ့ ရတယ်...

ဒီတစ်ခါ ကိုက သီရိဓါတ်ပုံကို တောင်းတယ်...

သီရိက ကို့ ကို အရင်ပို့ ပေးဖို့ ပြောလိုက်တယ်...

ကိုက သူ့ ဓါတ်ပုံရောက်တာနဲ့  သီရိဓါတ်ပုံကို ချက်ခြင်းပြန်ပို့ ပေးဖို့  ကတိတောင်းတယ်...

သီရိတို့ က Skype ကို သုံးတာဆိုတော့ Send File ကနေ ဓါတ်ပုံပို့ လို့ ရတယ်လေ...

ကို့ ဓါတ်ပုံကို မြင်တော့ သီရိ ကို့ အပေါ် စိတ်ဝင်စားမိတဲ့စိတ်က ပိုကြီးလာတယ်...

ကိုက တော်တော်ချောတာပဲ... သီရိလဲ သီရိဓါတ်ပုံကို ပို့ ပေးလိုက်တယ်...

ကိုက သီရိကို ကျက်သရေရှိတယ်တဲ့...

နောက် ကိုက America ကကောင်မလေးတစ်ယောက်နဲ့  ရည်းစားဖြစ်ခဲ့ကြောင်း... အဲဒီ့ ကောင်မလေးက ကောင်လေးတစ်ယောက်နဲ့ လက်မထပ်ပဲ အတူနေတာသိလိုက်ရတဲ့အတွက် ကောင်မလေးနဲ့  လမ်းခွဲလိုက်တဲ့အကြောင်း ပြောပြတယ်...

သီရိ... ကို့ အကြောင်းနားထောင်ပြီး စိတ်က ၀မ်းနည်းသွားတယ်... သီရိက ရည်းစားထားခဲ့ဖူးတာ မဟုတ်ဘူးလေ...

ကို့ ကို သီရိက သီရိမလာရင် စာရေးထားဖို့ ပြောတော့ စာရေးတာ ၀ါသနာမပါဘူးတဲ့...

ဓါတ်ပုံပို့ တာပဲ ၀ါသနာပါတယ်တဲ့...

သူတစ်ပုံပို့ ရင် သီရိက တစ်ပံပြန်ုပို့ ပေးရမယ်တဲ့...

သီရိကလဲ စိန်လိုက်ပေါ့... သီရိက ဓါတ်ပုံရိုက်တာ ၀ါသနာပါတယ်...

ရောက်တဲ့နေရာမှာ ဓါတ်ပုံရိုက်တတ်လွန်းလို့  သူငယ်ချင်းတွေကတောင် လက်ဖျားခါထားရတဲ့ သူလေ...

ကိုကလဲ နိုင်ငံရပ်ခြားမှာ Master ဘွဲ့ အတွက် ကျောင်းတက်နေတဲ့သူ...

ကိုကလဲ ဈေးဝယ်ထွက်တာတောင် ဓါတ်ပုံရိုက်ထားတာလေ...

ကို့ ဆီက ဓါတ်ပုံတစ်ပုံရောက်ရင် သီရိက တစ်ပုံ ပြန်ပို့ ပေးခဲ့တယ်...


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


အပိုင်း-၃


သီရိ Internet ဆိုင် နေ့ တိုင်းသွားတော့ အိမ်က သီရိကို အိမ်မှာပဲ သုံးဖို့  ဆင်ပေးတယ်...

သီရိ ကျောင်းဆင်းချိန် အိမ်ပြန်တာ မှန်လာတယ်...

အိမ်ပြန်ရောက်တာနဲ့  Computer ကို ဖွင့်ထားပြီးမှ အင်္ကျီင်္လဲတယ်...

သီရိ Online ၀င်တတ်တဲ့ အချိန်ကို ကိုကလဲ အမြဲအဆင်သင့်ရှိနေတတ်တယ်...

တစ်နေ့ မှာ ကိုက သီရိကို ချစ်တယ်လို့ ပြောရင် သီရိဘယ်လိုဖြေမယ်ဆိုတာ သိချင်တယ်တဲ့...

သီရိ ရင်တွေခုန်နေတယ်... ဘယ်လိုခံစားနေရမှန်းမသိဘူး...

Online Lover ဆိုတာ Information Technology ခေတ်မှာ အဆန်းမဟုတ်ပေမဲ့ သီရိအတွက်တော့ ပထမဆုံးရင်ခုန်ခဲ့ရလို့  ဒါဟာ အချစ်လို့ ပဲ ယူဆခဲ့ပါတယ်...

ကိုက နှစ်ခါမမေးရပါဘူး... သီရိ ကို့ ကို ချစ်တယ်လို့  အဖြေပေးခဲ့ပါတယ်...

ဒီနောက်မှာတော့ သီရိနဲ့ ကို တစ်နေ့ မတွေ့ ရရင် မနေနိုင်အောင် ဖြစ်လာပါတယ်...

သီရိကလဲ ကို့ ကို Online မှာ မတွေ့ ရရင် $ အကုန်ခံပြီး ဖုံးဆက်တယ်...

အဲလိုလုပ်ရင် ကိုက မကြိုက်ဘူး... သီရိက ကို့ ထက် အချစ်ပိုသွားတယ်လို့  ထင်တာပဲ...

ကို့  ဓါတ်ပုံတွေကို သီရိ Screen Saver လုပ်ပြီး ထည့်ထားတယ်...

ကို့ ဓါတ်ပုံကို သီရိ Monitor ပေါ်မှာ တင်ထားတယ်...

ကို့ ရဲ့ Monitor မှာလည်း သီရိပုံကို တင်ထားတယ်လို့  ပြောတယ်...

သီရိအိမ်က သီရိ ချစ်သူထားနေပြီဆိုတာ ရိပ်မိနေတယ်...

သီရိက စာလဲကြိုးစားတော့ အိမ်က ဘာမှတော့ မပြောဘူး...

ဒီလိုနဲ့  ကိုကလဲ နောက်ဆုံးနှစ်... သီရိလဲ နောက်ဆုံးနှစ်ကို ရောက်လာတယ်...

သီရိတို့ တွေ တွေ့ ချိန်သတ်မှတ်ပြီး စာကျက်ဖို့  ဆုံးဖြတ်ကြပါတယ်...

သတိရရင် SMS ပို့ တယ်...

ကို...ပြန်လာတဲ့အချိန်မှာ သီရိ ကို့ ကို ကြိုခွင့်မရခဲ့ပါဘူး...

ကိုရဲ့မိဘတွေက ရန်ကုန်ကို ဆင်းကြိုကြတယ်လေ...

ကိုနဲ့ တွေ့ ခွင့်မရပဲ ကိုက တာဝန်ကျတဲ့နေရာကို သွားရတယ်...

သီရိကို ဖုံးနဲ့ ဆက်သွယ်တယ်...

ကိုက ညတိုင်း အားတာနဲ့  သီရိဆီ ဖုံးဆက်တယ်...

ကိုနဲ့ စကားပြောနေရတဲ့အချိန်မှာ သီရိ ပျော်နေတယ်...

ကို့  စကားသံလေးကိုလဲ စွဲလမ်းနေမိတာ...

တစ်ရက်မှာ ကိုက နေပြည်တော်ကို အသွားရန်ကုန်ကို လာဖို့ အကြောင်းဖန်လာတယ်...

ကိုက ကားဂိတ်မှာ ဆုံကြဖို့ ချိန်းတယ်...

ကားဂိတ်ကိုရောက်ရင် သီရိဆီ ဖုံးဆက်လိုက်မယ်လို့ ပြောတယ်...


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


အပိုင်း-၎


မနက် ၇-နာရီလောက်မှာ ကားဂိတ်ကို ရောက်နေပြီလို့  ကို ဖုံးဆက်တယ်...

သီရိလဲ သူငယ်ချင်းအိမ်သွားမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  အိမ်ကထွက်လာပြီး ကားဂိတ်ကို သွားလိုက်တယ်...

Online မှာချစ်ခဲ့ရတဲ့ချစ်သူကို ပထမဆုံးမြင်ဖူးတာပါပဲ...

သီရိ...ရင်တွေခုန်နေတဲ့အတွက် ကို့ ကို သီရိချစ်တာ မပြောင်းလဲသွားဘူးလို့  ယူဆမိပါတယ်...

ကိုက ငြိမ်နေတဲ့အတွက် ကို့ ကိုမေးရတယ်...

ကို သီရိအပေါ် ဘယ်လိုသဘောထားလဲလို့ ပေါ့...

ကိုကလဲ အပြင်မှာ မတွေ့ ခင်ကတည်းက သီရိကို ချစ်ခဲ့သလိုပဲ ခုလဲချစ်တယ်တဲ့...

သီရိ တကယ့်ကို ပျော်သွားတယ်...

ကိုက သူ့ အိမ်ကို လိုက်ခဲ့ဖို့  ခေါ်တယ်... နောက်မှ အပြင်ပြန်ထွက်ကြမယ်လို့ ပြောတယ်...

ကို့ အိမ်ကို လိုက်သွားတော့ အိမ်မှာ ဘယ်သူမှ မရှိဘူး...

ကို့ အမက ကုမ္ပဏီမှာ အလုပ်လုပ်တာဆိုတော့ အလုပ်ကိုသွားပြီ...

ကို့  ဖေဖေနဲ့ မေမေက နယ်ကို ရောက်နေတာတဲ့...

ကိုနဲ့ ဧည့်ခန်းမှာ အရင် Online မှာ ပြောခဲ့တဲ့အကြောင်းတွေ ပြန်ပြောရင်း အိမ်မှာ နှစ်ယောက်တည်းဆိုတဲ့အသိက ရင်ထဲမှာ တဒိတ်ဒိတ်နဲ့ ခုန်နေတာ...

ကိုက စကားပြောရင်း လက်ကိုလာကိုင်တော့ နှစ်ယောက်လုံး စိတ်တွေလှုပ်ရှားနေပြီဆိုတာ သိသာနေတယ်...

ကိုက သီရိကို အလိုလိုက်ဖို့ တောင်းဆိုတယ်... သီရိလဲ ကို့ ကို ချစ်တဲ့စိတ်နဲ့  အလိုလိုက်ခဲ့တယ်...

သီရိ မမှားသင့်တဲ့အမှားတစ်ခု ကျူးလွန်ခဲ့မိပေမဲ့  ကို့ ကိုချစ်တဲ့စိတ်က ဖုံးလွှမ်းနေတယ်...

သီရိရဲ့အပျိုဘ၀လေးကို ကို့ ကိုပေးလိုက်မိတယ်...

ကိုကလဲ သူ့ လူပျိုဘ၀လေးကို သီရိကို အရင်ဆုံးပေးလိုက်တာတဲ့လေ...

အဲဒီနေ့ က ကိုနဲ့ အတူ နေ့ လည်စာအတူသွားစားကြတယ်...

ညနေမှ သီရိအိမ်ပြန်ရောက်တယ်...

နောက်နေ့  မနက် ကိုကပြန်မယ်ဆိုတော့ ကို့ ကို ဘူတာရုံလိုက်ပို့ ပေးခဲ့တယ်...


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


အပိုင်း-၅


ကိုက သီရိဆီ ဖုံးအမြဲဆက်ပါတယ်...

လအကုန်မှာတော့ သီရိစိတ်ပူပန်ရမဲ့အဖြစ် ကြုံလာပါတယ်...

ကို့ ကို ပြောပြတော့ ကိုကလဲ စိတ်ပူလာတယ်...

သီရိလဲ သေချာအောင် နောက်လအထိ စောင့်ကြည့်တယ်...

သီရိသူငယ်ချင်းတွေထဲက ဘုတ်ဆုံမအိမ်မှာ ဆေးခန်းဖွင့်ထားတယ်...

ဘုတ်ဆုံမရဲ့အမေက ဆရာဝန်လေ...

ဘုတ်ဆုံမရဲ့ညီမက ဓါတ်ခွဲခန်းကျွမ်းကျင်ဆိုတော့ ဘုတ်ဆုံမနဲ့ တိုင်ပင်ရတယ်...

သီရိအကြောင်း ဘုတ်ဆုံမကို အသိပေးရတော့ သီရိကို ဆူလိုက်၊ ပြောလိုက်တာ...

သီရိလဲ ကိုယ့်အပြစ်နဲ့ ကိုယ်ဆိုတော့ ငြိမ်ခံရတော့တာပေါ့...

နောက်တော့ သီရိကို မနက်အစောကြီးချိန်းပြီး ဆီးစစ်ဖို့  သွားပို့ ရတယ်...

အဖြေကို ချက်ခြင်းစမ်းပေးလိုက်တယ်...

Negative ဆိုတော့မှ သီရိလဲ ၀မ်းသာသွားတယ်...

စိတ်အရမ်းလှုပ်ရှားသွားလို့  သွေးသားပြောင်းလဲသွားတာဖြစ်နိုင်တယ်တဲ့...

ဘုတ်ဆုံမက နောက်ဒါမျိုးမလုပ်ရဘူးလို့  ကတိတောင်းတယ်...

သီရိက ကို့ ကို စအုန်းမှပဲလို့  တွေးထားလိုက်တယ်...

ညကျတော့ ကို့ ဆီက ဖုံးလာတယ်...


ကို... သီရိ ဘယ်လိုလုပ်ရမလဲ အကြံဥာဏ်ပေးပါအုန်း...


သီရိ ... ကို့ ကို ပြောပြအုန်းလေ... ဆေးစစ်တာ ဘယ်လိုလဲ...


ဟုတ်တယ် ကို... သေချာသွားပြီ... သီရိ ကို့ ရင်သွေးလေး လွယ်ထားရပြီ သိလား...


ဟင် တကယ်လား... သေချာရဲ့လား...


သေချာတယ်... သီရိ ဘယ်လိုလုပ်သင့်လဲ ပြောပြအုန်း...


မင်း ... ကိုနဲ့ ဆိုတာ သေချာရင်တော့ တာဝန်ယူပေးရမှာပေါ့...


ကို ... သီရိကို ဘယ်လိုစကားပြောလိုက်တာလဲ... သီရိက ကိုနဲ့ မဟုတ်လို့  ဘယ်သူနဲ့ ဖြစ် ရမှာလဲ...


ဒါတော့ မင်း အသိဆုံးပဲ ဖြစ်မှာပေါ့... ကိုယ့်သွေးသားမှန်ရင် တာဝန်ယူမှာပါ...


ကို့ စကားကြားရတာ သီရိ အရမ်းဝမ်းနည်းတာပဲ...


အဲဒီ့ညက သီရိ တော်တော်နဲ့  အိပ်မပျော်ခဲ့ဘူး... ကို့ အလိုလိုက်ခဲ့မိတာ မှားသွားပြီဆိုတာ သိလိုက်ရတယ်... သီရိ ကို့ ကို နောက်ပြောင်လိုက်တဲ့စကားက ကို့ ရဲ့အတွင်းစိတ်လေးကို မြင်လိုက်ရသလိုပဲ...

ကိုနဲ့ စခင်တုန်းက ကိုပြောပြဖူးတဲ့စကားကို ပြန်တွေးမိတယ်... ကို့ အရင် ရည်းစားက ကောင်လေးတစ်ယောက်နဲ့  လက်မထပ်ပဲ အတူနေတာသိလို့  ကိုနဲ့ ပြတ်သွားခဲ့တယ် ဆိုတာကိုပါ... ခုက ကို ကိုယ်တိုင်က သီရိနဲ့  လက်မထပ်သေးပဲ အတူနေခဲ့ကြတာလေ...

ကို စိတ်မပူအောင် သီရိ ကို့ ကို အဖြစ်မှန် ပြန်ပြောပြလိုက်ပါတယ်...ဒါပေမဲ့ ကိုက သီရိအချစ်ကို တန်ဖိုးမထားတော့သလိုပဲ... သီရိက ကို့ အပေါ်ချစ်ခဲ့လို့  အလိုလိုက်ခဲ့မိတာလေ...


နောက်ပိုင်း ကို သီရိဆီကို ဖုံးဆက်တာကျဲလာတယ်...


တစ်နေ့ မှာ ရန်ကုန်ကို လာတော့ သီရိဆီ ဖုံးဆက်တယ်... ကို လားလို့  မေးတော့ မဟုတ်ဘူးတဲ့... ဒီတော့ သီရိက ကိုနဲ့ အသံတူတဲ့ သီရိတို့ အုပ်စုက တာတီးဗိုးထင်လို့  ဟဲ့ နင် တာတီးဗိုးလား ဆိုတော့ ဖုံးချသွားတယ်...


နောက်တော့မှ ကို ဖြစ်နေတယ်... သီရိကို အပြစ်ရှာတယ်လေ... တခြားယောင်္ကျားလေးနဲ့  အဆက်အသွယ်ဖြစ်နေတယ်ပေါ့ တဲ့... သီရိလဲ မဖြေရှင်းချင်တော့ပါဘူး...


နောက်ပိုင်း အလုပ်များတာကို အကြောင်းပြပြီး မတွေ့ ဖြစ်တော့ဘူး...


သီရိကတော့ ချစ်သူနဲ့ အိမ်ထောင်ဖက်ဆိုတာ တစ်ဦးတည်းပဲ ဖြစ်ချင်ခဲ့တာပါ... ဖြစ်ဖို့ လဲ မျှော်လင့်နေဆဲပါပဲ... ကို့ ကို အလိုလိုက်မိတာကတော့ ဒီအချိန်မှာ နောင်တရနေမိတာပါ...


နှောင်းနောင်တ ပါ... အလိုမလိုက်မိခဲ့ရင် သီရိအချစ်ကို တန်ဖိုးထားမယ် ထင်ပါရဲ့...


ဒါကြောင့် သီရိသူငယ်ချင်းတွေကို ပြောပြချင်ပါတယ်...


သီရိတို့ မိန်းခလေးတွေ လက်မထပ်ရသေးပဲ ချစ်သူအပေါ် ဘယ်လောက်ပဲချစ်ချစ် ချစ်သူ့ အလိုကို မလိုက်မိကြပါစေနဲ့ လို့  မှာချင်တာပါပဲ...



လွမ်း


၁၂-၁၀-၀၉


ညနေ ၆း၂၅

No comments: