Thursday, April 22, 2010

တိတ်တိတ်လေးပဲ ချစ်သွားမယ်

တိတ်တိတ်လေးပဲ ချစ်သွားမယ်

မောင်…
လွမ်းရဲ့စာကို မောင်ဖတ်ဖြစ်ခဲ့ရင် လွမ်းဆိုတာ တစ်ချိန်တုန်းက မ ပဲလို့ သိသွားမှာပါ… အဲ့ဒီအခါ အရင်တုန်းကလိုပဲ မောင် မ…နားက ထွက်ပြေးသွားဖို့ မကြိုးစားပါနဲ့တော့နော်…


မ… မောင့်ကို တိတ်တိတ်လေးပဲ ချစ်သွားမှာမို့ပါ…


ဘယ်သူမှ မသိအောင် တိတ်တိတ်လေးပဲ နေသွားပေးမှာပါ…


မ… ဒီစာကို ရေးရင် ကောင်းမလား၊ မရေးဘဲနေရင် ကောင်းမလားဆိုတဲ့ ဝေခွဲမရတဲ့စိတ်တွေနဲ့ မ… ခံစားနေရတာလေးကို မောင်သိအောင် မ… ဒီစာကို ရေးလိုက်တာပါ…


မောင်နဲ့ မ နောက်ဆုံး စကားပြောခဲ့ရတဲ့နေ့လေးက ၂၀၀၉-ခုနှစ်၊ ဇန်နဝါရီလ ၁-ရက်နေ့ပါ မောင်…


တစ်နှစ်လုံးလုံး မောင် မ… နဲ့ မတွေ့အောင် ရှောင်ပုန်းနေခဲ့တယ်…


မ မှာ ဘာအပြစ်ရှိခဲ့လဲဆိုတာ မ… ကိုယ်တိုင် မသိခဲ့ဘူး မောင်…


မောင်နဲ့ မတွေ့ရတော့တဲ့ နေ့ရက်တွေမှာ မ… အရမ်းကို ခံစားခဲ့ရတယ်…


မ… မောင့်ကို လွမ်းခဲ့တယ်…


မောင်နဲ့ ပျော်ခဲ့ရတဲ့နေ့ရက်လေးတွေကို ပြန်သတိရနေမိတယ်…


နောက်တော့ မောင့်ကို မ… မေ့နိုင်အောင် ကြိုးစားခဲ့တယ်…


မ… စိတ်တွေကို ချော့ကလက်မြို့တော်လေးထဲမှာပဲ နှစ်မြှုပ်ပြီး စာတွေ၊ ကဗျာတွေ ရေးနေခဲ့တယ်…


Online Friend တွေနဲ့ပဲ နေပျော်အောင် ကြိုးစားနေခဲ့တယ်…



ချော့ကလက်မြို့တော်လေးက မြို့သူ၊ မြို့သားတွေ ပျော်ရွှင်အောင် ပြိုင်ပွဲလေးတွေ လုပ်ပေးတယ် မောင်…


Mr. & Miss Chocolate ပြိုင်ပွဲကို တတိယအကြိမ်မြောက် ကျင်းပပေးခဲ့တယ်…


မ…လည်း မြို့သူတစ်ယောက်အနေနဲ့ မဲပေးမယ်ဆိုပြီး ၂၀၀၉-ခုနှစ်၊ ဒီဇင်ဘာလ ၃၀-ရက်နေ့မှာ မိန်းခလေးတွေရဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံတွေကို အရင်ဆုံးကြည့်ပြီး အလှဆုံးလို့ မ… ထင်တဲ့သူကို Vote လုပ်ခဲ့တယ်…


ပြီးတော့မှ Mr. Chocolate ပြိုင်ပွဲဝင် ဓာတ်ပုံတွေကို ဝင်ကြည့်တယ်…


တစ်ပုံချင်း ကြည့်သွားပြီး တစ်နေရာအရောက်မှာတော့ မ… မှင်သက်မိသလို ဖြစ်သွားတယ်…


ပုံကို ထပ်ခါထပ်ခါ ကြည့်မိတယ်…


မောင်မှ မောင်အစစ်ပါ…


မထင်မှတ်ထားဘူး မောင်ရယ်…


မေ့အောင် ကြိုးစားနေတဲ့ မ…မေ့နေပြီလို့ ထင်ထားတဲ့ မရဲ့ စိတ်တွေဟာ မောင့်ကို တွေ့လိုက်ရတဲ့ အခိုက်အတန့်မှာ အံ့ဩဝမ်းသာတဲ့စိတ်နဲ့ နှလုံးသွေးတွေ စီးဆင်းတာ မြန်သွားတယ်ဆိုရင် မောင်က ပိုလိုက်တာ လို့များ ပြောမလားပဲ…


မ… မဲပေးဖို့ကို စိတ်မဝင်စားနိုင်သေးဘူး မောင်…


မောင့် စာမျက်နှာကို မ… အရင်ဆုံး သွားကြည့်တယ်…


မောင့်ဓာတ်ပုံတွေ အများကြီး တင်ထားတယ်…


မ… ကို ပေးခဲ့ဖူးတဲ့ ဓာတ်ပုံတွေရော၊ အသစ်ထပ်ရိုက်ထားတဲ့ ဓာတ်ပုံတွေရော တင်ထားတော့မှ မောင်က မ… ချစ်ခဲ့ဖူးတဲ့သူဆိုတာ သေချာသွားတယ်…


မောင်က တစ်နှစ်အတွင်းမှာ ပိုဝလာတယ်… ပိုချောလာတယ်…


မ… ချစ်သူဆိုတော့ ဒီလိုပဲ ပြောမှာပေါ့ လို့ သူငယ်ချင်းတွေက ပြောကြမှာပဲနော်…


တည်ငြိမ်နေတဲ့ ရေပြင်ပေါ်ကို ခဲ ပစ်လိုက်ရင် လှိုင်းလေးတွေ ထသွားသလိုပဲ မောင့်ဓာတ်ပုံကို မြင်လိုက်ရတဲ့အချိန်မှာ တည်ငြိမ်နေတဲ့ မ… နှလုံးသားလေးဟာလည်း လှုပ်ရှားတာ မြန်သွားခဲ့တယ်… မောင့်ကို မ… ချစ်နေဆဲပါလား ဆိုတာ မ… သိလိုက်ရတယ်…


မ… ဆီမှာ မရှိသေးတဲ့ မောင့်ဓာတ်ပုံတွေကို မ… ယူထားလိုက်တယ်… မောင်


မ… ကွန်ပြူတာလေးမှာ မောင်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို Folder တစ်ခု သီးသန့်ဖွင့်ပြီး သိမ်းထားတာပါ…


မ… လွမ်းရင် မောင့်ဓာတ်ပုံလေးတွေ၊ မောင်ရေးခဲ့တဲ့ စာလေးတွေကို အမြဲပြန်ဖတ်တယ်…


မောင်နဲ့ မ… စတွေ့ပြီး ချစ်ခဲ့ကြတာလေးတွေကို ပြန်သတိရနေမိတယ်…
......................................................................................................

မောင်နဲ့ မ က Hi5 ကနေတွေ့ပြီး ခင်ခဲ့ရတဲ့သူတွေပါ…


အစပထမမှာတော့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် Comment ပေးရုံလေးပါပဲ…


နောက်တော့ မောင်က မ ဆီ စာပို့ပြီး Gmail Account Name တောင်းတယ်…


မ… Name ပေးတော့ မောင် လာ Add ပြီး Chatting လုပ်ဖြစ်ခဲ့ကြတယ်…


မက ကျနော်၊ ခင်ဗျားနဲ့ပဲ မောင့်ကို ပြောတယ်…


နောက်တော့ မောင်ကလည်း မန္တလေးသား ဖြစ်နေတယ်…


သူငယ်ချင်းလိုပဲ စ နောက်နေရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် Online မှာ မတွေ့ရင် မနေနိုင်အောင် သံယောဇဉ် ဖြစ်လာခဲ့တယ်…


မောင်က မထက် အသက် ၇-နှစ် ငယ်တယ်…


မ လို့ပဲ ခေါ်မယ်လို့ ပြောပြီး မောင်ခေါ်ခဲ့တယ်…


နောက်တော့ မိသားစုတွေအကြောင်း အပြန်အလှန် ပြောပြခဲ့ကြတယ်…


မိသားစုထဲမှာ မောင်က အထွေးဆုံး…


အားလုံးက မောင့်ကို အရမ်းချစ်ကြတဲ့အကြောင်း မောင် ပြောပြခဲ့တယ်…


မ… ကလည်း မောင့်ကို မ… အကြောင်းတွေ ပြောပြခဲ့တယ်…


မမှာ ချစ်သူရှိခဲ့ဖူးတာကအစ မောင့်ကို ပြောပြတယ်…


တစ်ရက်မှာ မောင်နဲ့ Chatting လုပ်နေတုန်း မကို ပြည်ပမှာ ရောက်နေတဲ့ ညီမလေးကလည်း မနဲ့ စကားလာပြောနေတယ်…


အဲ့ဒါနဲ့ မောင့်ကို ပြန်ပြောတာ နောက်ကျနေတော့ မကို အထင်လွဲတယ်…


မောင်… မအပေါ် စိတ်မချဖြစ်လာပြီး မောင် မကို ချစ်တဲ့အကြောင်း ဖွင့်ပြောခဲ့တယ်…


မကလည်း မောင့်အပေါ် သံယောဇဉ်ဖြစ်နေလက်စဆိုတော့ မလည်း မောင့်ကို ချစ်တယ် လို့ ပြန်ဖြေခဲ့ပါတယ်…


ချစ်စမှာ ချစ်သူတို့ ထုံးစံအတိုင်း စကားတွေ ပြောမကုန်နိုင်အောင် ဖြစ်ခဲ့ကြတယ်…


အပြန်အလှန် ဓာတ်ပုံတွေ ပို့ခဲ့ကြတယ်…


အပြန်အလှန် ဖုန်းနံပါတ်တွေ ပေးခဲ့ကြတယ်…


နောက်တော့ VZO ကို အသုံးပြုပြီး မောင်နဲ့ မ တွေ့ဆုံခဲ့ကြတယ်…


မောင်နဲ့ စတွေ့တော့ မောင် မကို ရှက်နေတဲ့ မျက်နှာလေးကို မှတ်မိနေမိတယ်…


မက မောင့်ကို အမြဲအနိုင်ယူတတ်တယ်…


မောင်က ပြုံးမှလှတာ ဆိုပြီး မောင့်ကို အတင်း ပြုံးခိုင်းတယ်…


မောင်က Webcam ရှေ့ကို မျက်နှာကပ်ပြီး ပြုံးပြတယ်…


မောင် မှတ်မိသေးလား ?


မောင့် Monitor ကို မ… ကြည့်ချင်တယ်ဆိုလို့ Webcam ကို လှည့်ပြတော့ မောင့် Screen မှာ Model Girl တစ်ယောက်ပုံကို တင်ထားတာတွေ့လို့ မ… မောင့်ကို စိတ်ကောက်ပြီး VZO ကနေ ထွက်ပစ်လိုက်တယ်…


မောင်က မ… Mobile Phone Number သိနေတော့ ချက်ခြင်း ဖုန်းဆက်ပြီး မကို ချော့တယ်လေ…


မောင်ချော့တော့လည်း စိတ်ကောက်ပြေရတာပါပဲ…


မောင်က မဆီကို ဘယ်တော့မှ စာမရေးတတ်ဘူး…


မောင်နဲ့ စကားပြောဖြစ်တာပဲ များတယ်…


မက မောင့်ကို အနိုင်ကျင့်ပြီး မဆီ စာပို့ရမယ်လို့ တောင်းဆိုတော့ မောင့်ဆီက စာရတယ်…

မ.. ရေ

မ… ပြောသလို မောင့်ရင်ထဲက လာတဲ့ ခံစားချက်ပါပဲ…


ဒါပေမဲ့ မောင်က မ… လောက် စာအရေးမကောင်းဘူး…


မောင့်ခံစားချက်ကို မ… သိအောင် မနည်းရေးရတယ်…


မောင် ၁၀ တန်းတုန်းကဆို စာစီစာကုံးဆို ရေးရမှာ အရမ်းပျင်းတာ… ဟီး


မောင်က စာသိပ်မရေးတတ်လို့ပါ…


အခုတောင် မောင့်ချစ်သူကို ဖတ်စေချင်လို့ ရေးတာ သိလား… အဲ့ဒါလည်း မောင့်ချစ်သူကို အရမ်းချစ်တာလဲ ပါတာပေါ့…


ဒီနေ့ မောင်တို့ စကားကောင်းကောင်း မပြောရဘူးနော်… မောင်ကလည်း တခြားကျောင်း သွားနေတယ်…


ဒီနေ့ အိပ်သာ အိပ်ရမယ်… အိပ်ရောပျော်ပါ့မလား မသိဘူး…


မ နဲ့ မောင်က အသက်ရော၊ အခြေအနေတွေရော အားလုံးကွာပါတယ်…


ဒါပေမယ့်လေ မောင် မကို အရမ်းချစ်မိသွားတယ်… အချစ်မှာ မျက်စိမရှိဘူးဆိုတာ အရမ်းမှန်တာပဲနော်… မ နဲ့ စကားပြောနေရရင် မောင့်ရင်ထဲမှာ အရမ်းပဲ ဘယ်လိုဖြစ်မှန်းကို မောင် မသိဘူး… နေ့တိုင်း မ ရဲ့ စကားသံလေးတွေ ကြားချင်တယ်…


မ နဲ့ တွေ့ရတဲ့အချိန်ဆိုရင် မောင် မ… အကြောင်းတွေ စဉ်းစားနေတတ်တယ်…


ဒီအချိန်ဆို မ တစ်ယောက် ဘာတွေ လုပ်နေလဲ…


သူ အလုပ်တွေ ရှုတ်နေတာလား… နေရော ကောင်းရဲ့လား အများကြီးပေါ့… မရဲ့ အသံလေးကို ကြားလိုက်ရမှ မောင် စိတ်ပူတာတွေက ပျောက်သွားတယ်…


မောင် မ ကို အရမ်းချစ်မိနေပြီကွာ…


အရမ်းအရမ်းကို ချစ်မိနေပြီ မရေ…

မရဲ့ မောင်

မောင့်စာဖတ်ရတော့ မ… ပျော်ခဲ့ရတယ်…


မောင့်စာဖတ်ချင်‌တော့ မ… ဉာဏ်ဆင်ရတယ်…


မောင် မဆီ စာရေးအောင် မ… Online ကို မဝင်ဘဲ ၂-ရက်လောက် နေလိုက်တယ်…


မောင့်ဆီက စာရောက်လာတော့တာပဲ…

ချစ်သူရေ……

အရမ်းလွမ်းတယ်ကွာ… အချိန်တိုင်း သတိရနေမိတော့ ဘယ်လိုလုပ်ရမလဲကွာ…


မောင့်ကို ပြောပါဦး… မောင် မကို လွမ်းရင် မောင် ဘယ်လိုနေရမယ် ဆိုတာကိုပေါ့…


အချိန်တိုင်းပဲ မောင့်နှလုံးသားကို စိုးမိုးထားနိုင်တယ်နော်…


အရမ်းပြုစားနိုင်တာပဲ သိလား…


ဘယ်လိုပညာတွေနဲ့များ မောင့်ကို ပြုစားလိုက်တာလဲကွာ…


မောင်ကလည်း အဲ့လို ပြုစားတတ်တဲ့ မောင့်ချစ်သူလေးကို အရမ်းကို ချစ်မိနေပြီကွာ…


တဘဝလုံးပဲ ပြုစားလိုက်ပါတော့ကွာ…

မရဲ့ မောင်
 
မောင်က စာမရေးတတ်ဘူးသာဆိုတယ်… မောင့်စာဖတ်လိုက်ရရင် မ မောင့်ကို ပိုပိုချစ်လာမိတာ…


မောင့်မွေးနေ့အရောက်မှာတော့ မောင်က ညမှာ သူငယ်ချင်းတွေနဲ့ စားကြ၊ သောက်ကြဖို့ ချိန်းထားတယ်…


သူငယ်ချင်းတွေဆီ မသွားခင် မ… မောင်နဲ့အတူ စကားတွေ ပြောခဲ့တယ်…


မောင့်ကို Fly Kiss ပေးခဲ့တယ်…


မောင့်ကို စာပို့ခိုင်းတယ်… 
မောင်က မောင့်မွေးနေ့ ကိတ်ပုံနဲ့ စာလေးကို ပို့ခဲ့တယ်…
မရေ…..

ပျော်ရွှင်သောမွေးနေ့လေး ဖြစ်အောင် ဖန်တီးပေးတဲ့ ချစ်သူကို မောင် ကျေးဇူးတင်ပါတယ်…


မောင့်ရဲ့ ဒီမွေးနေ့လေးကို မောင်အမြဲ မှတ်မိနေမှာပါ… မ..ပေးတဲ့ မွေးနေ့လက်ဆောင်လေးကို ထာဝရ သိမ်းထားမယ်နော်… မောင့်ကို ဂရုစိုက်ပေးတဲ့ ချစ်သူကိုလည်း မောင် အရမ်း ကျေးဇူးတင်ပါတယ်ကွာ…


ချစ်သူနှစ်ဦးကြားမှာ ကျေးဇူးဆိုတာ မလိုပေမယ့် ပြောခွင့်လေးတော့ ပေးပါနော်…


မောင့်ကိုလည်း စိတ်ချနော်… မောင် ဘယ်သူ့ကိုမှ မရှုတ်ဘူး… သဝန်တိုတတ်တဲ့ ချစ်သူလေးကိုပဲ မောင်က ချစ်နေတာပါနော်…

မရဲ့ မောင်

မောင် အဲလိုရေးခဲ့တာ မှတ်မိမှာပါနော်… အဲ့ဒီစာလေးဟာ မ… အတွက် မောင် နောက်ဆုံး ရေးခဲ့တဲ့ စာလေးပါပဲ…


Hi5 မှာ မောင် နိုင်ငံခြားသူတစ်ယောက်နဲ့ အပြန်အလှန် စာတွေ ရေးနေတာ မ… တွေ့ခဲ့ရတယ်…


မ… သဝန်တိုတတ်မှန်း သိရဲ့နဲ့ မောင်က ဂရုမစိုက်ဘဲ အဲ့ဒီတစ်ယောက်နဲ့ ဆက်ပြောနေခဲ့တယ်…


အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင်နဲ့ ပဋိပက္ခ ဖြစ်ခဲ့ကြတယ်…


၂၀၀၈-ခုနှစ်၊ ဒီဇင်ဘာလ ၃၁-ရက်နေ့ ညမှာတော့ မောင် လျှောက်လည်နေရင်းကနေ မဆီ ဖုန်းဆက်တယ်… နှစ်သစ်ကူးချိန်ကို မောင်နဲ့အတူ ရှိနေခဲ့တယ်…


နောက်တစ်ရက်မှာတော့ မောင် မ… ကို လာစကားပြောတဲ့အချိန်မှာ မ… က သတိမထားမိဘဲ ပြည်ပက ညီမလေးနဲ့ စကားတွေ ပြောနေမိတယ်…


မ… သတိထားလိုက်မိတဲ့အချိန်မှာတော့ မောင် Offline ဖြစ်သွားပြီး မောင် ရေးထားတဲ့ မ..က ခေါ်တာကိုတောင် ပြန်မပြောပါလား ဆိုတဲ့ စာလေးကိုပဲ တွေ့လိုက်ရတယ်…


နောက်ရက်တွေ မတွေ့တော့ မက မောင့်သူငယ်ချင်းတွေကို လျှောက်မေးနေသေးတာ…


နောက်တော့မှ မောင် မ..ကို Block လုပ်လိုက်မှန်း သိလိုက်ရတယ်…


တခြားသူနဲ့ စကားပြောနေလို့ မကို စိတ်မချဖြစ်ပြီး ချစ်တယ်လို့ ပြောခဲ့တဲ့ မောင်က မ… တခြားသူနဲ့ ပြောနေလို့ပဲ မ… အနားက ရှောင်ပုန်းသွားတာလား ဆိုတာ မောင်မှပဲ သိမှာပဲလေ…


မ… မှာ ဘာအပြစ်ရှိလဲဆိုတာ မ..မသိရဘဲ၊ မ..ကို ရှင်းမပြဘဲ မောင် မ..အနားကနေ ကိုယ်ရောင်ဖျောက် ပျောက်သွားခဲ့တာပါ…
........................................................................................................

မ… တောင်းပန်ပါတယ် မောင်


မ… မောင့်ကို တိတ်တိတ်လေးပဲ ချစ်သွားမှာပါ…


ချောကလက်မြို့တော်ထဲက မောင်… ထွက် မသွားပါနဲ့နော်…


မောင့်အနားမှာ မ… ရှိနေပါရစေ…


မရဲ့ မောင်က ဘယ်သူမှန်း ဘယ်သူ့ကိုမှ မသိစေရပါဘူး… မောင်


ဒီအချိန်မှာ မောင်… မကို ချစ်နေသေးရဲ့လား ဆိုတဲ့ မေးခွန်းကိုလည်း မမေးတော့ပါဘူး…


မကပဲ မောင့်ကို ချစ်နေရရင် ကျေနပ်နေမှာပါ… မောင်



တစ်ချိန်က

မောင်ရဲ့ မ



လွမ်း
 ၂၄-၀၂-၂၀၁၀

 နံနက် ၃:၃၅ နာရီ

No comments: