Thursday, April 22, 2010

မိခင်တစ်ယောက်ရဲ့မာန

Mother &  Son


မိခင်တစ်ယောက်ရဲ့မာန



ဒီလောကကြီးထဲမှာ သိမ့်တစ်ယောက်တည်းကျန်ခဲ့မယ်လို့  လုံးဝထင်မထားခဲ့ပါဘူး…


မောင်၊ သိမ့်နဲ့  သားလေးတို့ ရဲ့မိသားစုဘ၀လေးကို နှစ်ပေါင်းများစွာ မခွဲမခွာနေသွားရမယ်လို့  ထင်ထားခဲ့တာပါ…


သိမ့်ကို မောင်ထားရစ်ခဲ့မယ်လို့ လဲ ဘယ်တုန်းကမှ တွေးမထားခဲ့ပါဘူး…


မောင့်မှာ အသည်းကင်ဆာဖြစ်နေပြီဆိုတာ သိရလိုက်တဲ့အချိန်မှာ ခံစားလိုက်ရတဲ့ ခံစားချက်ကို မောင်မသိအောင် မောင့်ရှေ့မှာ ဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့ရတဲ့နေ့ ရက်တွေဟာ သိမ့်အတွက် အရမ်းစိတ်ပင်ပန်းခဲ့ရတဲ့နေ့ ရက်တွေပါ…



မောင်ဆုံးတဲ့အချိန်မှာ မောင်ဘာမှမပြောပဲ ဆုံးသွားခဲ့တာကိုလဲ ပြန်တွေးမိတိုင်း ရင်နဲ့ အမျှ ခံစားနေရတုန်းပါပဲ…


မောင်ဆုံးတဲ့နေ့ မတိုင်ခင် တစ်ရက်က မောင်က သိမ့်နဲ့ သားကို လက်တွဲပြီး ခြံထဲမှာ လမ်းလျှောက်ခဲ့တာ နောက်ဆုံးပဲဆိုတာ တွေးခဲ့မိတိုင်း အဲဒီ့လမ်းလျှောက်ခဲ့တဲ့ ညနေလေးကို ပြန်လိုချင်နေတုန်းပါပဲ…


အဲဒီ့နေ့ က ဆေးရုံကနေ အိမ်ကိုပြန်လာရတာကို မောင်ပျော်နေတယ်… သိမ့်နဲ့ မောင် ရည်းစားဘ၀တုန်းက အကြောင်းလေးတွေ မောင်က ပြန်ပြောပြီး ရယ်နေတယ်… သားလေးကလဲ သူ့ အဖေပြောတာကို ရယ်မောနေတယ်… သိမ့်က မောင့်ကို ကြည့်ပြီး ရင်ထဲမှာ ၀မ်းနည်းကြေကွဲနေရတာကို မျက်နှာမှာ မပေါ်လွင်အောင် နေနေခဲ့ရပါတယ်…


မောင်ဆုံးမဲ့နေ့ မနက်မှာ သိမ့်ကဘုရားခန်းထဲမှာ မောင့်အတွက် ဆုတောင်းပေးနေတဲ့အချိန်မှာ မောင်လဲကျသံကြားပြီး မောင့်ကို ပြေးအပွေ့ မှာ မောင် သိမ့်လက်ပေါ်မှာပဲ ဆုံးသွားခဲ့ပါတယ်…


မောင်ဆုံးတော့ သိမ့်သည်းထန်စွာ ငိုကြွေးခဲ့ပါတယ်… သားလေးက ယောင်္ကျားလေးမို့ လို့ လားမသိပါဘူး… ငိုင်နေတာကလွဲလို့  မျက်ရည်မကျပါဘူး… နောက်ရက်တွေမှာ သိမ့်လဲ သားရှေ့မှာ မငိုမိအောင် သတိထားနေခဲ့ပါတယ်… သိမ့်အတွက် မောင်က မောင့်ကိုယ်ပွားလေး ထားခဲ့တယ်လို့ ပဲ သိမ့်ယူဆပါတယ်… သိမ့် သားလေးအတွက် ဘ၀မှာ ဆက်လက်ရပ်တည်ဖို့  ကြိုးစားရပါအုန်းမယ်…


မောင်က သိမ့်ကို ခံစားရမှာစိုးလို့  သူခံစားရတာတွေကို တမင်ဖွင့်မပြောခဲ့တာ ဖြစ်မှာပါ… သူ ဆုံးမယ်ဆိုတာ ကြိုတင်သိနေတယ်ဆိုတာ သူဆုံးမှ သိလိုက်ရပါတယ်… သူပိုင်ဆိုင်သမျှ အားလုံးကို သိမ့်နာမည်နဲ့  အကုန် လွှဲပြောင်းပေးထားခဲ့ပြီး ဖြစ်နေပါတယ်…


မောင် သိမ့်ကို အလုပ်ထွက်စေချင်တုန်းက မထွက်ခဲ့တဲ့သိမ့်ဟာ မောင်တည်ထောင်ထားခဲ့တဲ့ ကုမ္ပဏီကို ဦးစီးဖို့  သိမ့်အလုပ်ထွက်လိုက်ပါတယ်…


သိမ့်ကို ကုမ္ပဏီကိစ္စတွေ အားလုံးကို မောင့်သူငယ်ချင်း ကိုမျိုးကပဲ အကုန်ကူညီပြီး ရှင်းပြပါတယ်…


မောင့်ကုမ္ပဏီက အင်ဂျင်နီယာလုပ်ငန်းနဲ့  ပတ်သက်တော့ သိမ့်အတွက် လွှဲပြောင်းတာဝန်ယူရတာ လွယ်ကူခဲ့ပါတယ်… သိမ့်လဲ လုပ်ငန်းနားလည်အောင်၊ လုပ်ငန်းဆက်လက်လည်ပတ်အောင် ဆောင်ရွက်နေရတဲ့အတွက် နေ့ စဉ်မအားလပ်ခဲ့ပါဘူး…


သားလေးကို ကျောင်းကပြန်လာရင် မေမေတို့ ဆီမှာပဲ နေခိုင်းရပါတယ်… သိမ့်အိမ်ပြန်တော့မှ သားကို မေမေတို့ အိမ် ၀င်ခေါ်ပြီးမှ ပြန်ရပါတယ်… တစ်ရက်မှာ မေမေက သိမ့်ကို အိမ်အနောက်ဖက်ခေါ်ပြီး-

ဒီနေ့  သားက မေမေက သားကို ချစ်မှ ချစ်ရဲ့လားမသိဘူးလို့  လာမေးနေတယ်… သားမေမေက သားကိုချစ်လို့ ၊ သားအတွက်ရှာနေရလို့  သားကို ဂရုမစိုက်အားတာပါလို့  ပြောထားရတယ်… ကလေးကိုလဲ ဂရုစိုက်လိုက်အုန်း” လို့  မေမေက သိမ့်ကို လာပြောပြပါတယ်…


သားလေးက အိမ်ပြန်ရောက်ရင် Computer Game ကစားနေတတ်တာ များပါတယ်…


သိမ့်ကလဲ အိမ်ရောက်တာနဲ့  သိမ့်နဲ့ သားအတွက် စားစရာပြင်ဆင်နေရတာနဲ့  သားနဲ့  စကားမပြောဖြစ်ပါဘူး…


သားကလဲ Computer Game ကစားရင်းနဲ့  ထမင်းစားတတ်ပါတယ်…

သိမ့်က TV ကြည့်ရင်း ညနေစာစားတတ်ပါတယ်… စားပြီးတာနဲ့  TV ခဏဆက်ကြည့်ပြီး တစ်နေကုန်ပင်ပန်းထားတော့ စောစော အိပ်ရာဝင်ပြီး အိပ်ပျော်သွားတတ်ပါတယ်…


မောင်နဲ့ အတူရှိနေစဉ်ကတည်းက သားက သီးသန့် သူ့ အခန်းမှာ အိပ်ပါတယ်… မောင်ဆုံးတော့လဲ သားကို သူ့ အခန်းမှာ ဆက်အိပ်စေပါတယ်…

တစ်ခါတစ်လေ သားက သူ့ ရဲ့ Portable DVD Player လေးယူလာပြီး သိမ့်ဘေးမှာ လာကြည့်ရင်းနဲ့  အိပ်ပျော်သွားတတ်ပါတယ်… မနက်မိုးလင်းရင် စက်ဖွင့်ရင်း အိပ်ပျော်နေတဲ့သားကို တွေ့ ရတတ်တာပါပဲ… သားကို သိမ့်က ဆူပါတယ်… သိမ့်က သားကိုချစ်ပေမဲ့ သားကို ဘယ်တော့မှ ချိုချိုသာသာ မပြောတတ်ပါဘူး… သားကို အလိုမကျရင် ဆူပူပြောဆိုတတ်ပါတယ်… သားကို ပွေ့ ဖက်ပြီးလဲ မနေတတ်ပါဘူး… သားက သိမ့်ကို လာဖက်ကစားရင် သား မင်းကိုယ် နံနံစော်စော်နဲ့  မေမေ့ကို လာမဖက်စမ်းပါနဲ့ လို့  တွန်းဖယ်ပစ်တတ်ပါတယ်…


သိမ့်က ဘ၀မှာ ငယ်ငယ်လေးထဲက လှုပ်ရှားရုန်းကန်ခဲ့ရပြီး မောင်နဲ့  အိမ်ထောင်သည်ဘ၀အစမှာလဲ ရုန်းကန်ခဲ့ရတယ်လေ… ခုလဲ မောင်မရှိတော့ မောင့်နေရာမှာ ယူလိုက်ရတဲ့ သိမ့်ဘ၀ဟာ အများအမြင်မှာ ချမ်းသာကြွယ်ဝတဲ့ ကုမ္ပဏီပိုင်ရှင် သူဋ္ဌေးတစ်ယောက်ပေမဲ့ စိတ်က ယောင်္ကျားတစ်ယောက်လိုပဲ ဖြစ်သွားတာလားလို့  မသိပါဘူး… မိန်းမတစ်ယောက်လို ယုယကြင်နာတာတွေကို မလုပ်တတ်တော့တာတော့ အမှန်ပါပဲ…


မောင့်ညီမတွေက တစ်ခါတစ်ရံ ရန်ကုန်ကို လာကြပါတယ်… သူတို့ က အပျိုကြီးတွေပါ… သူတို့  လာရင် မီးဖိုချောင်ဝင်ပြီး ဟင်းကောင်းကောင်းနဲ့  အညာချဉ်ရေဟင်းတွေ ချက်ကျွေးတော့တာပါပဲ... သားကိုလဲ မောင်နဲ့ တူလို့  အရမ်းချစ်ကြပါတယ်… သားကျောင်းကပြန်လာရင် သူတို့ က ပွေ့ ဖက်နမ်းပြီး ကြိုတော့တာပါပဲ… သိမ့်ကတော့ ဒီလောက်နံနေတဲ့ကိုယ်ကိုများ နမ်းရသလားလို့ တောင် ပြောမိပါသေးတယ်… သူတို့ ပြန်သွားတော့ သားက သူတို့ လို ချက်ကျွေးဖို့  တောင်းဆိုပါတယ်… သား မင်းစားချင်ရင် သူတို့ နဲ့ သွားနေလို့  သိမ့်ပြောလိုက်ပါတယ်… နှစ်ယောက်ထဲနဲ့  သိမ့် ဖွယ်ဖွယ်ရာရာလုပ်ပြီး ချက်မစားနိုင်ပါဘူး… ဒါပေမဲ့ သားကြိုက်တဲ့ချဉ်ရေဟင်းကို ချက်ပေးဖြစ်ပါတယ်… အဲ့ဒီအခါ သားဒီနေ့  ထမင်းစားကောင်းပြီဗျ ဆိုပြီး ထမင်းကို သုံးပန်းကန်လောက် စားတတ်ပါတယ်… သားစားတာကြည့်ပြီး သိမ့်ဝမ်းသာပေမဲ့ မသိသလိုပဲ နေခဲ့ပါတယ်…


ကိုမျိုးဟာ ကုမ္ပဏီကိစ္စအကြောင်းမေးရင်း အိမ်ကို ညနေပိုင်း လာလည်တတ်ပါတယ်… သူလာရင်
သိမ့်တို့ က ထမင်းစားချိန်ဆိုတော့ ၀င်စားသွားတတ်ပါတယ်… သူလာရင် သားက Computer Game ကစားနေတတ်ပြီး စကားလုံးဝ ၀င်မပြောပါဘူး… ကိုမျိုးပြန်တော့
သား နှုတ်ဆက်လိုက်အုန်းလေ ဆိုတော့မှ တစ်ချက်လှည့်ကြည့်ပြီး ပြုံးပြပြီး ပြန်လှည့်သွားပါတယ်… ကိုမျိုးပြန်တော့ သိမ့်က-


သား မင်းကလဲ ဧည့်သည်ကို ကောင်းကောင်းမွန်မွန် နှုတ်ဆက်မှပေါ့…


သား သူ့ ကို ကြည့်မရဘူး မေမေ…


သူက မေမေ့ကို ကူညီနေတာလေ သားရဲ့…


မေမေ ခု ကုမ္ပဏီမှာ လုပ်နေနိုင်ပြီပဲ… သူက ဘာလို့ လာနေသေးတာလဲ…


အော် မိတ်ဆွေတွေပဲ သားရယ်…


သား ဘာကြောင့်ကိုမျိုးအပေါ် စိတ်မကြည်လင်မှန်း သိမ့်မသိခဲ့ပါဘူး… သိမ့် လူကဲတော့မခတ်တတ်တာ အမှန်ပါ…


တစ်ရက်မှာ ကိုမျိုးက သိမ့်ကို ညစာကျွေးချင်တဲ့အကြောင်းပြောလာပါတယ်… သိမ့်ကလဲ လက်ခံလိုက်ပါတယ်… သားကို လိုက်ခဲ့ဖို့ ခေါ်တော့ မလိုက်ချင်ဘူးတဲ့…


သားကို အိမ်တံခါး၊ ခြံတံခါးတွေကို ဘယ်သူလာလာဖွင့်မပေးဖို့ မှာထားခဲ့ပြီး ကိုမျိုးကားနဲ့ ပဲ လိုက်သွားပါတယ်… ကိုမျိုးက ထိုင်းအစားအစာဆိုင်ကို ခေါ်သွားပြီး သီးသန့် ခန်းယူပါတယ်… သိမ့်တို့  မှာထားတဲ့ အစားအစာတွေရောက်လာတော့ ပုဇွန်ကအစ အခွံခွာပေးပြီး မခွံ့ ရုံတမယ် တစ်ခုပြီး တစ်ခု ထည့်ကျွေးပါတယ်… သိမ့်ဘ၀မှာ တစိမ်းယောင်္ကျားတစ်ယောက်ရဲ့ ပြုစုခံရတာ ပထမဆုံးအကြိမ်ပါပဲ… နောက်တော့မှ သိမ့် ရည်းစားစကား အပြောခံရတော့တာပါပဲ… သိမ့်ကို သူချစ်မိသွားတဲ့အကြောင်းပြောပါတယ်…

သိမ့် အံ့သြသွားတာအမှန်ပါ… ကိုမျိုးဟာ အိမ်ထောင်သည်တစ်ယောက်ပါ… သမီးလေး တစ်ယောက် ရှိပါတယ်… သမီးက ၁၀-တန်းဆိုတော့ ကိုမျိုးအမျိုးသမီးက သမီးကို ကျူရှင်ကို ကိုယ်တိုင်လိုက်ပို့ ၊ လိုက်ကြိုနဲ့  သမီးနားမှာနေရင်း အချိန်ကုန်နေရတဲ့သူပါ… သိမ့်ကလဲ ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ ကိုမျိုးအမျိုးသမီးနဲ့ က မေးထူးခေါ်ပြောကလွဲပြီး ကိုယ့်အလုပ်နဲ့ ကိုယ် မအားလပ်ကြပါဘူး… ကိုမျိုး သိမ့်ကို ဒီလို လာမပြောသင့်ဘူးလို့  သိမ့်ထင်ပါတယ်… သိမ့်ဘုရားရှိခိုးရင် ငါးပါးသီလတော့ လုံခြုံချင်ပါတယ်…


ကိုမျိုး ဒီစကားပြောတာ သိမ့်တော့ အံ့သြတယ်… ကိုမျိုးအမျိုးသမီးကို မချစ်တော့လို့ လား…


အဲလိုတော့ မဟုတ်ပါဘူး… သိမ့်ကို ချစ်မိသွားပေမဲ့ ကိုမျိုးအမျိုးသမီးကိုတော့ ဒီအကြောင်း လုံးဝမသိစေချင်ပါဘူး…


ဒါဆို ကိုမျိုးက ဘာလို့ သိမ့်ကို ချစ်တယ်လို့ လာပြောတာလဲ…


သိမ့်လိုအပ်နေတဲ့အချိန်မှာ ကိုမျိုး သိမ့်နားမှာ နေပေးချင်တယ်… ဒါ ကိုမျိုးဆန္ဒပဲ… ကိုမျိုး သိမ့်ကိုချစ်တယ်…


အဲဒီ့အချိန်မှာ သိမ့် သားကို သတိရမိသွားတယ်…


ကိုမျိုး ဒီအကြောင်းကို နောက်မှ ဆွေးနွေးကြတာပေါ့နော်… သားကို တစ်ယောက်ထဲထားခဲ့ရလို့  သိမ့် အိမ်ပြန်ချင်ပြီ…


ကိုမျိုးက သိမ့်ပြောတာကို နားထောင်ပါတယ်… အိမ်ကို ပြန်လိုက်ပို့ ပြီး ကားပေါ်ကဆင်းခါနီးမှာ သိမ့် လို့  ခေါ်လို့  ကိုမျိုးဖက်အလှည့်မှာ ကိုမျိုး သိမ့်ပါးကို နမ်းလိုက်ပါတယ်… နှုတ်ခမ်းကို နမ်းဖို့  ကြိုးစားချိန်မှာ သိမ့်ကားထဲက ထွက်ပြီး ခြံထဲသော့ဖွင့်ဝင်လိုက်ပါတယ်… ကိုမျိုးက လက်မြှောက်ပြပြီး ကားကို ပြန်ကွေ့  ထွက်သွားပါတယ်…


မောင်ကလွဲပြီး ဘယ်သူမှ မနမ်းခဲ့တဲ့ သိမ့်ပါးကို တစိမ်းယောင်္ကျားတစ်ယောက်ရဲ့ အနမ်းခံလိုက်ရတာ စိတ်ထဲ ၀မ်းနည်းကြေကွဲသွားမိတယ်…


အိမ်ထဲကို လှမ်းကြည့်တော့ မီးလင်းနေတာတွေ့ လို့  သားမအိပ်သေးမှန်း သိလိုက်တယ်…


အိမ်ထဲကို သော့ဖွင့်ဝင်ဖို့ ကို သိမ့်စိတ်ထဲ တစ်ခုခုကို စိုးရွံ့ နေမိသလို ခံစားနေရပါတယ်… သားလေးက ကိုမျိုးပုံစံ မူမမှန်တာ သိလို့ သူလာတာမကြိုက်တာကို သိမ့် ခုမှ နားလည်မိတယ်…


သိမ့် မီးဖိုချောင်ထဲ တန်းဝင်ပြီး ရေခဲသေတ္တာထဲက ရေဗူးကို ဖန်ခွက်ထဲ ထည့်သောက်နေတဲ့ အချိန်မှာ သားက သူ့ အခန်းထဲက ထွက်လာပြီး မပြောမဆို သိမ့်ကို ထိုင်ကန်တော့ပါတယ်…


သား ဒါ ဘာလုပ်တာလဲ…


မေမေ သား မေမေ့ကို ကန်တော့ပြီး တောင်းပန်ပါတယ်မေမေရယ်… သားဖေဖေကို မေမေသတိရနေပေးပါနော်…


သိမ့် ဆို့ နင့်ကြေကွဲလွန်းလို့  သားရယ်… လို့ ပြောပြီး သားကို ဆွဲထူလိုက်တဲ့အချိန်မှာ သူ့  အဖေဆုံးတုန်းကတောင် မျက်ရည်မကျတဲ့သားက မျက်ရည်တွေကျနေတာပါလား…


သိမ့်လဲ စိတ်မထိန်းနိုင်တော့ပဲ သားနဲ့ အတူ ငိုခဲ့မိပါတယ်… တစ်ခါမှ ပွေ့ ဖက်မနေခဲ့တဲ့သားကို ပွေ့  ဖက်ထားမိပါတယ်…


သားရယ်… သားလေး ဘာကို စိုးရိမ်နေတယ်ဆိုတာ မေမေ နားလည်ပါတယ် သား… မေမေ သားကို ကတိပေးပါတယ်… သားဖေဖေကို မေမေထာဝရ သတိရနေမှာပါ… မေမေတို့ ရဲ့ ဘ၀ထဲကို နောက်ထပ် ဘယ်ယောင်္ကျားမှ ၀င်မလာစေရပါဘူး သားရယ်…


သားလေးကိုပွေ့ ဖက်ထားရင်း သိမ့် မနက်ဖြန်တွေအတွက် ခွန်အားသစ်တွေ ၀င်လာသလိုပါပဲ…


ကိုမျိုးကိုလဲ ကိုမျိုးမိသားစုလေးအပေါ် တန်ဖိုးထားတတ်ဖို့  နဲ့  သားသမီးတွေရဲ့ မိဘအပေါ်ထားတဲ့ မေတ္တာလေးကို သိအောင်ပြောပြရပါအုန်းမယ်…








၁၉-၀၁-၂၀၁၀


နံနက် ၁၁း၃၅ နာရီ

No comments: