Wednesday, July 29, 2009

သံယောဇဉ်

သံယောဇဉ်



လွမ်း အချစ်ဆုံးချစ်သူ ဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာ လွမ်းအချစ်တွေဟာလည်း သေဆုံးသွားခဲ့ပြီလို့ လွမ်း မှတ်ယူခဲ့တယ်…


လွမ်း…နှစ်တွေကြာညောင်းလို့ လွမ်းစိတ်တွေကို အင်တာနက်ထဲမှာ နှစ်မြှုပ်လိုက်ချိန်မှာ လွမ်းရင်ထဲကို မထင်မှတ်တဲ့သူတစ်ယောက်က သေဆုံးသွားခဲ့ပြီလို့ ထင်ထားတဲ့ လွမ်းအချစ်ကို ပြန်လည်နိုးထလာအောင် စွမ်းဆောင်နိုင်ခဲ့တယ်…


လွမ်း သူနဲ့ပတ်သက်လို့ ခံစားလာခဲ့ရတယ်…


သူနဲ့ လွမ်းက အသက်ကွာတယ်…


လွမ်း…သူ့ကို ကို လို့ ခေါ်တယ်…


လွမ်းတို့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ခဲ့ကြပြီးနောက်ပိုင်း သံယောဇဉ်တွေ ဖြစ်လာကြတယ်…


လွမ်းတို့နှစ်ယောက် မဖြစ်နိုင်မှန်းသိရဲ့နဲ့ ချစ်ခဲ့ကြတယ်…


နေ့တိုင်း ဖုန်းဆက်ဖြစ်တယ်…


ဖုန်းပြောရင် စကားဖြတ်ပြီး ချလိုက်ရမှာကို စိုးရွံ့နေမိကြတယ်…


Gtalk နဲ့ ပြောဖြစ်ပြန်ရင်လည်း အချိန်တွေ ကုန်သွားမှန်း မသိနိုင်တော့လောက်အောင် ပြောနေမိကြတယ်…


ကိုယ်မသိအောင် မင်းတိတ်တဆိတ်ငိုတဲ့

…အပူငွေ့…

မင်းမသိအောင် ပြိုတဲ့

…ကိုယ့်ကွယ်ဝှက်မှု…

သက်ပြင်းလှောင်အိမ်ရဲ့ လူ့ယဉ်ကျေးမှု

ရာဇဝတ်မှုတစ်ခုလို့

လူတွေက ပြောကြလိမ့်မယ်

ကာထားတဲ့တံတိုင်းတွေကို

တို့တွေ ဖြိုမချခဲ့ကြပါဘူး

မကန်ပေမဲ့ ဒဏ်ရာသီးသန့် ချိုတယ်

ညနက်နက် ဖုန်းခွက်လေးရေ

မပိတ်လိုက်ပါနဲ့ Gtalk ကို

စိတ်ကူးယဉ်မဆန်သင့်ဘူးဆိုရင်

တို့နှစ်ယောက်ရဲ့ ဂရင်းနစ်အချစ်တွေကို

သူခိုး အခိုးခံခဲ့ရပြီ။

လွမ်းဟာ မေတ္တာငတ်နေသူပါ ကိုရယ်…

ကိုဟာ လွမ်းကို အရမ်းအလိုလိုက်တယ်…

လွမ်း ဖြစ်စေချင်တာမှန်သမျှ ဆောင်ရွက်ပေးတယ်…

အသေးအဖွဲကိစ္စလေးကအစ ကို လွမ်းကို ဂရုစိုက်ခဲ့တယ်…

လွမ်းစိတ်ကို ကိုကပဲ စိုးမိုးနေခဲ့တယ်…

လူကြီးလိုဖြစ်နေတဲ့ကို နဲ့ ခလေးလိုဖြစ်နေတဲ့ လွမ်းတို့ကို ကံကြမ္မာက တွေ့ဆုံခွင့် ပေးခဲ့တယ်…

ငါတို့ မယုံနိုင်ခဲ့ဘူး

မထင်မိခဲ့ဘူး

…ဒါပေမယ့်…

မဖြစ်နိုင်ခြင်းတွေကို မေ့လို့ရရင်

မွေးဖွားချိန်တွေကို မေ့လို့ရရင်

အသက်မရှူရင်တောင် ရှင်သန်ပြလိုက်ဦးမယ်

လွမ်းလေ ကို့ကို ချစ်တဲ့စိတ်နဲ့ ဘာလုပ်ရမှန်းလည်း မသိဘူး…

ဘာဖြစ်ချင်နေမိမှန်းလည်း မသိဘူးကိုရယ်…

ကို့အကြောင်း စဉ်းစားမိရင် သက်ပြင်းချမိပြန်ရော…

ခု…..လေးနာရီ

အိမ်ဖော်မခေါ်တဲ့ သက်ပြင်း

ချစ်ခြင်းများနဲ့ လွမ်းဧကရီ

ဝေဖန်တယ်ဆိုတာ

…ဒီနှစ်မှခါးတဲ့ တညင်းသီး မဟုတ်ဘူး…

…ဒါဟာ…

ပြန်လည်ထမြောက်ခြင်း လရောင်အောက်

ရေတွေလောင်နေသော…မီး

…ချစ်သူ့အတွက်တော့…

စတော်ဘယ်ရီပျော်တဲ့…ရာသီ

ကိုနဲ့ လွမ်းတို့နှစ်ယောက် ခံစားချက်လေးတွေကို ဖွင့်ပြောရင်းနဲ့ အလွမ်းဖြေနေကြရတာလေ…

သူနှုတ်ဖျားက…အနမ်းတွေ

ပြန်တွေးလေ နှစ်ခါနာ

ပထမအကြိမ်မြောက်အနမ်းက သူမဟုတ်ခဲ့ပေမယ့်

ဒုတိယအကြိမ်မြောက် သမုဒ္ဒရာတွေ ပျံသန်းလာတယ်

ကိုနဲ့ ပတ်သက်လို့ လွမ်းခံစားရတာတွေကို ကို့ကို ပြောပြတော့ -

ရင်နဲ့ရင်းရတာ

မင်းနဲ့ ငါကလွဲပြီး ဘယ်သူမှမသိဘူး

ဒါဟာငါတို့ရဲ့

ချစ်ခြင်းစကားဝှက်

ဟုတ်တယ်…ကို

ဒါ ကျွန်မတို့နှစ်ယောက်ရဲ့ စကားဝှက်…..

ဆွတ်ပျံ့သင်းရနံ့ခါးတွေကြား…အတွေးတွေ

…အတိတ်တစ်ချိန်မှာ တွေ့ခဲ့ကြရင်…

အနာဂတ်တစ်ချိန်မှာ… ကျွန်မ အမြဲပြောပြမယ်

ချစ်သမီးလေးအတွက် အိပ်ရာဝင်ပုံပြင်ထဲက

ရွှေလပေါ်က ဆန်ဖွတ်တဲ့အဖိုးအိုရယ်

…လွမ်းဖို့…

ယုန်ကလေး လက်ဖွဲ့မလား?





လွမ်း + အနတ္တ အနော်မာ
၀၃-၀၇-၀၉

နံနက် ၁၂:၃၇ နာရီ

No comments: