Friday, July 31, 2009

တစ်ဖက်သတ်အချစ်

တစ်ဖက်သတ်အချစ်

ရင်ဖွင့်သံ - ၁


ကိုကိုရယ်… လွမ်း ငါးသုံးကို ဝင်ခဲ့တာ မှားပြီလားမသိဘူး…

ကိုကိုက လွမ်းနှလုံးသားအိမ်မှာ နေရာယူလာမယ်ဆိုတာ လွမ်း ထင်မထားခဲ့ဘူး… သိမထားခဲ့ဘူး…

လွမ်းတို့ စပြီးသိခဲ့ကြတာကို လွမ်း ပြောပြမယ်နော်…

လွမ်း ငါးသုံးကို ရောက်ပြီး လွမ်း Page ကို အရင်ဆုံးလှအောင် ပြင်တယ်…

နောက် လွမ်း အချစ်ဇာတ်လမ်းလေးတစ်ခု ရေးပြီး တင်လိုက်တယ်…

လွမ်းရေးတဲ့ Blog မှာ ကိုကို Comment လာပေးတာက စပြီး ကိုကို့ကို သတိထားမိတာ…

နောက် ကိုကို လွမ်းကို သူငယ်ချင်းအဖြစ် ပေါင်းထည့်တယ်…

ဒီတော့ လွမ်းက ကိုကို့ကို Comment ပြန်ပေးဖို့ ကိုကို့စာမျက်နှာကို ရောက်ခဲ့တယ်…

ကိုကို့စာမျက်နှာမှာ ယောင်္ကျားလေးတွေထက် မိန်းခလေးတွေ အများကြီးက Comment လာပေးထားတာကို တွေ့ရတယ်…

အဲ့ဒီအချိန်မှာ လွမ်းရင်ထဲ အမျိုးအမည်မသိတဲ့ ခံစားမှုလေးတစ်ခု စပြီး ပေါ်လာတယ်…

ကိုကို့ကို လွမ်း မမြင်ဖူးဘဲ ကိုကို့အသံကို မကြားဖူးဘဲ လွမ်း ခံစားချက်လေးတစ်ခု ဖြစ်လာမိတာ…
လွမ်း ကိုကို့ကို သူတို့ပေးထားတဲ့ပုံလေးတွေထက် ပိုလှတာလေးတွေကို အချိန်ပေးရှာပြီး Comment ပေးထားခဲ့တယ်…
လွမ်းမှာ အကျင့်တစ်ခုရှိတယ် ကိုကို… ကျောင်းမှာ နေတုန်းကလည်း စာကို သူများထက် သာအောင် အပြိုင်ကြိုးစားတတ်တယ်… ဒီတော့ လွမ်း ကျောင်းမှာ စာတော်သူအဖြစ် အားလုံးက အသိအမှတ်ပြုရတယ် ကိုကို…
အပေါင်းအသင်းထားရင်လည်း သူများထက် ကိုယ့်ကို ပိုခင်အောင် လုပ်တတ်တယ်… အဲ့ဒီစိတ်လေးက ခုထိပဲ ကိုကို…
ခုလည်း ဘာလို့လဲမသိဘူး ကိုကိုရယ်…
ကိုကိုက လွမ်းကို သူများထက် ပိုပြီး ခင်စေချင်တယ် ကိုကို…
ကိုကိုက ပြန်ပြီး Comment ပေးတော့ ကိုကိုလူပျင်းကြီးက အားလုံးကို တူတူပေးတယ်လေ…
လွမ်းစိတ်ထဲ မကျေမနပ် ဖြစ်နေမိတယ်…
နောက် ကိုကို လွမ်းကို လာ Add တယ်… လွမ်းတို့စပြီး Chatting လုပ်တော့ ကိုကိုက လွမ်းကို ကလေးလို့ပဲ ခေါ်တာ… ကိုကို ဘယ်လိုခေါ်ခေါ် လွမ်း ကျေနပ်ပါတယ် ကိုကိုရာ…
လွမ်း ကိုကိုနဲ့ ပြောနေတဲ့အချိန်မှာ လွမ်းစိတ်ထဲ ပျော်နေမိတယ် ကိုကို…
ကိုကိုက လူကြီးတစ်ယောက်လိုပဲ… နောက် လွမ်းကို ခလေးလေးတစ်ယောက်လို စတယ်…
ကိုကိုက အရမ်းအပြောကောင်းတာပဲ… ကိုကိုပြောသမျှ လွမ်းက နားထောင်နေရတာလေ…
လွမ်း နောက်ပိုင်း ကိုကို လွမ်းကို စကားလာပြောမှာကို စောင့်မျှော်နေမိတယ်…
လွမ်း လူတိုင်းကို အဲလိုမဖြစ်ဘဲနဲ့ ကိုကိုနဲ့မှ ပြောချင်နေမိတာ လွမ်း ကိုယ့်ကိုယ်ကိုလည်း နားမလည်နိုင်ခဲ့ဘူး…
လွမ်း ရင်ထဲမှာ ကိုကိုနေရာယူနေပြီဆိုတာ သေချာပါတယ်…
ဘယ်သွားသွား၊ ဘယ်လာလာ ကိုကို့ကိုပဲ သတိရနေမိတာ…
တစ်နေ့…

ကိုကို
လွမ်းလေး
ကိုကို Comment ရတယ်… အားလုံးထဲက တစ်ယောက်လို့ လွမ်းကို ကိုကို သဘောထားတာလား?
မဟုတ်ရပါဘူး လွမ်းလေးရယ်… ကိုကိုက Comment ပေးဖို့ ပုံတွေရှာဘို့ အချိန်မရဘူးလေ… အားလုံးကို တူတူပေးတော့ ကိုကို့အတွက် လွယ်တာပေါ့…
မရဘူးကိုကို… လွမ်းဆီပို့ရင် သူများနဲ့ မတူရဘူး…
ဟုတ်ပါပြီ လွမ်းလေးရယ်… နောက်ဆို ကိုကို လွမ်းကို သူများနဲ့ မတူအောင် ပေးမယ်နော်…
ကိုကိုက လွမ်းလေးလို့ ပြောင်းခေါ်လာတယ်… လွမ်းပျော်မိတယ်…
နောက်ပိုင်း ကိုကိုက လွမ်းစိတ်တိုင်းကျ Comment လေးတွေကို သူများနဲ့ မတူအောင် ပို့ပေးခဲ့ပြီး လွမ်းအတွက် စာလေးတွေ ရေးပေးထားတတ်ပါတယ်…
လွမ်း ကိုကို့ကို အဲလို အနိုင်ကျင့်ခဲ့တာလေ…
လွမ်းက ကိုကို ငါးသုံးထဲရောက်လာရင် ကိုကို သူများတွေကို ဘယ်လို Comment ပေးလဲဆိုတာ ကိုကို့နောက်က တကောက်ကောက် လိုက်ကြည့်တာပဲ… လွမ်း စိတ်ထဲ မကျေနပ်ရင် ကိုကို့ကို ချက်ခြင်း ပြောပြတတ်တယ်… ကိုကိုက လွမ်းက အဲလိုပြောရင် ရီနေတတ်တယ်… လွမ်းက ကိုကိုရဲ့ အရိပ်ကလေးလား တဲ့… ကိုကိုရေးတာတွေကို အထအန လိုက်မကောက်ပါနဲ့ တဲ့… မရဘူးကိုကို… ကိုကို သူများတွေကို လွမ်းထက် ပိုခင်သွားမှာကို စိတ်ထဲ ပူပန်နေမိတတ်တာ… လွမ်း ရူးနေပြီလား ကိုကို… ကိုကိုက လွမ်းလေးလို့ ခေါ်တတ်တာကိုပဲ လွမ်း ကျေနပ်နေမိတာပါ ကိုကိုရယ်…
.........................................................................................

ရင်ဖွင့်သံ - ၂

လွမ်း ငါးသုံးကို ရောက်ပြီး မကြာခင်မှာပဲ ဟိန်းမိတ်ဆက်ပေးမှုကြောင့် မြူခိုးဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရခဲ့ပါတယ်… မြူခိုးက Chatting လုပ်ကတည်းက ငါ နင့်ကို ယောင်္ကျားလေးတစ်ယောက်လို သဘောထားပြီး ပြောမယ်တဲ့… လွမ်းကလည်း အဲလို သူငယ်ချင်းမျိုး လိုချင်နေခဲ့တာလေ… သူက ကောင်မလေးတစ်ယောက်ကို အရမ်းချစ်မိပြီး အဲ့ဒီကောင်မလေးက သူများကို ကြိုက်သွားလို့ အသည်းကွဲနေတာလေ…

သူ အကြောင်းအရာတစ်ခုနဲ့ တိုက်ဆိုင်လို့ အလွမ်းတွေမူးသွားရင် လွမ်းကို လာရင်ဖွင့်နေတော့တာလေ… လွမ်းက သူပြောသမျှကို နားထောင်ပြီး ပြန်ပြောနေရတယ်…

ခုတော့ လွမ်း ကိုကို့အကြောင်းကို မြူခိုးကိုပဲ ရင်ဖွင့်တော့တာလေ…

ဟဲ့ မြူခိုး… ငါ နင့်ကို ပြောပြစရာရှိတယ်…
အင်း…ပြော
နင် ငါးသုံးက ……………….ကို သိတယ် မဟုတ်လား
အေး… သိတယ်လေ… ဘာဖြစ်လို့လဲ
ငါ သူနဲ့ Chatting လုပ်ရင် တစ်မျိုးပဲဟာ… ငါ ပြန်မပြောတတ်ဘူး… ငါ သူနဲ့ပတ်သက်ပြီး ခံစားနေရတယ်… သူက ငါ့ကို ကလေးတစ်ယောက်လိုပဲ သဘောထားတာဟ…
အဲဒီတော့ ငါက သွားပြောပေးရမှာလား
နင့်ကို မပြောခိုင်းပါဘူး… ငါက နင်သိအောင်ပြောပြတာ… ပြောရင် ငါ့ဖာသာငါ ပြောမှာပေါ့
နင့်ကိုတော့ ငါမနိုင်ဘူး… သတိလည်းထားအုန်း… နင် အသည်းကွဲနေအုန်းမယ်…
ပါးစပ်ပုတ်… နင်အသည်းကွဲတိုင်း ငါ့ကိုလည်း ကွဲစေချင်နေတာလား
အေးပါ… ငါ နင့်ကို ဘာမှ မပြောတော့ဘူး… ဒါပေမဲ့ နင့်ဘေးမှာ ငါအမြဲရှိနေမယ်ဆိုတာ နင် သိထားပါဟာ…
အင်းပါ… ကိုကို ငါ့ဘေးမှာရှိရင်တော့ နင်ရှိစရာ မလိုတော့ပါဘူး ဟ
ပြောရက်လိုက်တာ လွမ်းရာ… နင်မို့ ငါ့ကို ဒီလိုပြောတယ်
အမယ်… ဒါက ဘာဖြစ်ရပြန်တာတုန်း…
ဘာမှ မဖြစ်ပါဘူး… နင်ပျော်ရင် ငါလည်းပျော်ပါတယ်…
လွမ်းက ကိုယ်ခံစားနေရတာကို သူများကို ဖွင့်ပြောတတ်တဲ့အကျင့်ရှိတယ်… အဲ့ဒီအကျင့်က သူတစ်ပါးရဲ့ ခံစားချက်ကို ထိခိုက်နာကြင်စေမှန်းလည်း လွမ်း နားမလည်ခဲ့ရိုးအမှန်ပါ…
.........................................................................................

ရင်ဖွင့်သံ - ၃

ကိုကို့အကြောင်းတွေ စဉ်းစားရင် ရင်ထဲမှာ ခံစားရတယ် ကိုကိုရာ…
ကိုကိုက လွမ်းဖုန်းနံပါတ်တောင်းတယ်… လွမ်း ချက်ခြင်းပေးလိုက်မိတာပါပဲ… အဲ့ဒီအချိန်ကစပြီး ကိုကိုအားရင် လွမ်းဆီ ဖုန်းဆက်တယ်… ကိုကိုနဲ့ စကားပြောရင် နာရီဝက်ကျော်တယ်…
ငါးသုံးက စာပေမောင်နှမတွေအကြောင်းနဲ့ စာအကြောင်း၊ ကဗျာအကြောင်းတွေ ပြောဖြစ်တာ များပါတယ်…
အဲ့ဒီအကြောင်းတွေ ပြောပြီးရင်တော့ ကိုကို လွမ်းကို ခလေးလေးလို စတော့တာပဲ…
လွမ်းကလည်း ကိုကို့ကို ချွဲနေမိတာပါပဲ…
ကိုကို့ကို တွေ့ဖူးချင်တော့ ကိုကို့ကို ဓာတ်ပုံတောင်းလိုက်တယ်…
ကိုကိုပို့ပေးတယ်… ကိုကို့ဓာတ်ပုံကြည့်ပြီး လွမ်း ကိုကို့အပေါ် ချစ်တဲ့စိတ်က အရင်ကထက် ပိုလာတယ်…
တစ်နေ့ လွမ်း ဇာတ်လမ်းလေးတစ်ပုဒ် ရေးနေတုန်း ကိုကို Online ဝင်လာတယ်…
လွမ်းလေး ဘာတွေလုပ်နေလဲ
လွမ်း ဇာတ်လမ်းလေးတစ်ပုဒ် တင်မလို့ ကိုကို
ဟုတ်လား…ဇာတ်လိုက်က ကိုကိုလား
ဟုတ်တယ် ကိုကို… ကိုကိုနဲ့ တွေ့ရင် လွမ်း ရင်ခုန်မိတာကို ရေးမလို့…
ကိုကို ဘာမှ ပြန်မပြောဘဲ ငြိမ်နေတယ်…
လွမ်း ကိုကို့အပေါ် သံယောဇဉ်ဖြစ်နေမိတာကို ရေးမလို့ ကိုကို…
လွမ်းလေး
ပြောလေ ကိုကို
ကိုကို ကလေးကို တစ်ခုပြောပြမယ်… ကလေး သေချာနားထောင်နော်…
ဟုတ်
ကိုကို့မှာ ကိုကို့အသက်ထက် ချစ်ရမဲ့သူတစ်ယောက်ရှိတယ်…
ဟင်… ကိုကိုညာတာ… ကိုကို ဘာလို့ ခုမှ လွမ်းကို လာပြောရတာလဲ…
ကိုကို ဘယ်တုန်းကမှ ကလေးကို မညာခဲ့ဘူး… ကိုကို အမှန်ပြောပြတာ… သူက ဆရာမတစ်ယောက်ပဲ… ကိုကိုတို့က ဘဝလက်တွဲဖော်အဖြစ် စဉ်းစာဆုံးဖြတ်ပြီးသားပါ…
ကိုကို ဒီအကြောင်းတွေကို အရင်က ဘာလို့ မပြောပြတာလဲ
အော်…ကလေးရယ်… ကိုကိုနဲ့ ကလေးက စာအကြောင်း၊ ပေအကြောင်းပဲ ဆွေးနွေးဖြစ်ကြတာ များတယ်လေ… လွမ်းလေးကို ကိုကို ကလေးတစ်ယောက်လိုပဲ ဆက်ဆံခဲ့တာ ကလေးသိပါတယ်…
လွမ်းက ကလေးမဟုတ်ဘူး ကိုကို… ကိုကိုနဲ့ ပြောရင် ပျော်နေတတ်တဲ့လွမ်းကို ကိုကို ရိပ်မိသင့်ပါတယ်… အမြဲအလိုလိုက်တတ်တဲ့ ကိုကို့ကို လွမ်း ချစ်ခဲ့တာ…
ခုမှ ကလေး ဒါတွေကို ဖွင့်ပြောတာလေ… ကိုကို ကလေးကို ညာပြီဂ မချစ်ပါရစေနဲ့… ကိုကို့ကို ခွင့်လွှတ်ပါ… ကိုကိုက ကိုယ့်ချစ်သူအပေါ် သစ္စာရှိရှိနေသွားချင်တယ် ကလေးရယ်…
ရက်စက်လိုက်တာ ကိုကိုရယ်… လွမ်းကို ကိုကို ဘယ်တော့မှ မခေါ်နဲ့တော့ ကိုကို
လွမ်းလေး… ကိုကို့ကို နားလည်နိုင်ပါစေ ကလေးရယ်…

ကြိုး

အားကိုးတကြီး ဆုတ်ကိုင်ထားတဲ့ လက်ကလေး…

မပြောရက်ဘူး… နင် ငိုရလိမ့်မယ်လို့…

အရမ်းသနားတာပဲ..

မြင်ယောင်တယ်…

ဘယ်လောက်တောင်…စိုရွှဲနေမလဲ…

အရမ်း အားငယ်တတ်တဲ့…မင်း

မျက်ရည်စက်တွေနဲ့…ငါ့လက်ဖဝါးပေါ်…မျက်နှာအပ်…အိပ်စက်

ဘယ်လိုဖွင့်ပြောရမလဲ…

မေ့လိုက်ပါတော့…

ငါ့ကိုချစ်မိတဲ့…နင့်အမှား

နင့်ကို…အားနာ…သနားမိတဲ့…ငါ့အမှား

အဲဒီ…အမှားတွေရဲ့…ဒဏ်ကြွေးကို…

အိုး…မြင်ယောင်တယ်…

ဘယ်လောက်တောင်…ရှိုက်ငို…လွန့်လူးနေမလဲ…

ပါးခြင်းအပ်ပြီး…တွတ်တီးတွတ်တာ…စကားတွေ

ကြားယောင်ဆဲ…

မကြိုက်တဲ့ ခါးသီးတစ်လုံးကို

ယိုသုတ်…ငုံထားတဲ့ ငါ…

ပုပ်သိုးမှ…ထွေးထုတ်တဲ့ ငါ…

မုန်းလိုက်စမ်း…

မုန်းလိုက်စမ်းပါ…ကလေးရယ်…

အပြုံးနဲ့ လှည့်ထွက်သွားတဲ့ တိမ်လို…

အမုန်း…မိုးကြိုးတွေနဲ့…

ငါ…ဆိုတဲ့… ကြိုးကို…

အငြိုးမိုးနဲ့ ….

ဖြတ်တောက်..လိုက်စမ်းပါ….။
.........................................................................................
လွမ်းရဲ့ ဒီ"တစ်ဖက်သတ်အချစ်" ဇာတ်လမ်းလေးနဲ့ လိုက်ဖက်တဲ့ ကဗျာလေးကို ကူညီအားဖြည့် ပေးပို့ခဲ့တဲ့ “ကြိုး” ကဗျာ ရေးသားသူ အနော်မာကို ကျေးဇူးတင်လျက်။

လွမ်း

No comments: