Friday, January 31, 2014

အမှတ်တရနေ့လေး



အမှတ်တရနေ့လေး

၂၀၀၄-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ဟာ ကျနော့်ဘဝမှာ ကျနော် ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရနေ့လေးဆိုတာ သူငယ်ချင်းတို့လည်း သိကြမှာပါ။
 
ကျနော်ဟာ ကျနော့်ချစ်သူပြန်အလာကို မျှော်နေတဲ့သူပါ။


၂၀၀၄-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၉) ရက်နေ့တုန်းကပေါ့။


မျှော်နေတဲ့သူမလာဘဲ ကျနော့်ဆီကို ရောက်လာတဲ့သူတွေကတော့ -

ပထမဆုံးရောက်လာတဲ့သူက သူတက်သွားတဲ့ သင်္ဘောကုမ္ပဏီက ကိုယ်စားလှယ်အန်ကယ်ပါ…

သမီးရယ်…အန်ကယ်ပြောရမှာ စိတ်မကောင်းပါဘူး…သူတို့သင်္ဘော Panama Canal မရောက်ခင် Caribbean Sea မှာ ပေါက်ကွဲနစ်မြုပ်သွားတယ်…သူက Engine Room မှာ တာဝန်ကျနေတော့ သူအပါအဝင် ငါးယောက် သင်္ဘောနစ်မြုပ်တဲ့အထဲ ပါသွားခဲ့တယ်…သတင်းကြားကြားချင်း သမီးကို လာပြောပြတာ…

သမီး မယုံဘူး အန်ကယ်…

တကယ်ဖြစ်သွားခဲ့တာပါ…သမီး ယုံပါကွယ်…

သမီး မကြားပါရစေနဲ့ အန်ကယ်…သူပြန်လာမယ်လို့ သမီးကို ပြောသွားခဲ့တာ…


အန်ကယ် တကယ်စိတ်မကောင်းပါဘူး သမီးရယ်…

.........................................................................................................................

ဒုတိယ ရောက်လာတဲ့သူက သူရဲ့သူငယ်ချင်း တစ်စီးတည်းအတူလိုက်သွားတဲ့ Second Mate ကိုဇော်ကြီးပါ…

အမရာ… သတင်းကြားပြီးရောပေါ့… ကျွန်တော့်ဘဝမှာ မမေ့နိုင်တဲ့ဖြစ်ရပ်ပါ… ကျွန်တော်တို့ သင်္ဘော Venezuela မှာ DRI (Direct Reduced Iron) တင်ပြီး မောင်းလာခဲ့ကြတာ… Panama Canel ရောက်ခါနီးတော့ ကားဘီးပေါက်လို့ ထွက်လာတဲ့အသံမျိုး ကြားလိုက်ရတယ်… သင်္ဘောမှာက Hatch ငါးပေါက်ပါတာလေ… ကပ္ပတိန်က ဘာဖြစ်တာလဲဆိုပြီး ဆင်းကြည့်တယ်… Hatch No.1 Cover က ကြွတက်သွားတဲ့အသံလေ… အဲဒီအချိန်မှာ Hatch No.3 က စပြီး ပေါက်ကွဲတော့တာပဲ… အဲဒီ ပေါက်ကွဲလွင့်စင်လာတဲ့ Hatch Cover က ကပ္ပတိန်ပေါ်ကို ပိကျသွားခဲ့တယ်… ကျွန်တော်တို့တွေအားလုံးလည်း Lifeboat ချပြီး သင်္ဘောကို စွန့်ခွာဖို့ ကြိုးစားခဲ့တယ်… ဖြစ်ချင်တော့ Lifeboat က Auto ချလို့ မရတော့ဘူး… အဲဒီအချိန်မှာ Hatch No.5 က ထပေါက်ကွဲတယ်… Hatch No.5 နဲ့ ကပ်ရက်က Engine Room လေ… First E (သူရဲ့ ရာထူးပါ…သင်္ဘောမှာက ရာထူးအလိုက် ခေါ်ပါတယ်… သူက First Engineer ပါ) က Engine Room မှာ တာဝန်ကျနေတာ… ကျွန်တော့်လက်ထဲမှာ Walking Taliking ကိရိယာလေးကိုင်ပြီး Cadet တစ်ယောက်နဲ့အတူ Satellite တပ်ထားတဲ့ အပေါ်ဆုံးထပ်ကို ပြေးတက်ခဲ့တယ်… ကျွန်တော်တို့ သင်္ဘောအတွက် အကူအညီပေးဖို့ သတင်းလှမ်းပို့မလို့ပါ… ဒါပေမဲ့ Hatch No.4 ပါ ဆက်တိုက် ပေါက်ကွဲလွင့်စင်မှုတွေကြောင့် ဘာ Satellite တိုင်မှ မရှိတော့တာ… Boson က Lifeboat နဲ့ အပေါ်ကနေ ချပေးတယ်… Lifeboat ပေါ် အားလုံးတက်နေတဲ့အချိန်မှာ သင်္ဘောကြီးက စပြီး မြုပ်နေပြီလေ…


Lifeboat က ဝဲမိမှာစိုးလို့ သင်္ဘောက ခွာတဲ့အချိန်မှာ ကျွန်တော်ရယ်၊ Cadet နဲ့ Boson သုံးယောက် သင်္ဘောပေါ်မှာ ကျန်ခဲ့တာ… ဘယ်လိုမှ မတတ်နိုင်ဘူး… Life Jacket ဝတ်ပြီး ရေထဲကို ခုန်ချရတော့တာ… နောက် ကျွန်တော်တို့ သုံးယောက် ရေထဲမှာ အတူ ပြန်တွဲထားကြရတယ်… ကျွန်တော့်လက်ထဲမှာ ဆက်သွယ်ရေးကိရိယာ ပါလာတဲ့အတွက် အရေးပေါ်ကယ်ဆယ်ဖို့ သတင်းပို့နေခဲ့တယ်… ရာသီဥတုက ကောင်းလို့ပေါ့အမရာ… ရေထဲမှာ ၁၀-နာရီကြာ ကယ်မဲ့သူမရှိဘဲ မျောနေခဲ့တာ… နောက် ကုန်တင်သင်္ဘောတစ်စီးက Lifeboat ကို မြင်ပြီး ကယ်သွားခဲ့တယ်… ကျွန်တော်တို့သုံးယောက်ကို ကယ်မဲ့သူမမြင် ဖြစ်နေတာလေ… Life Jacket မှာ ပါတဲ့ Light ကို တစ်ယောက်တစ်လှည့်စီ ထွန်းနေရတယ်… ဘုရားကိုပဲ အာရုံပြုပြီး ကယ်ဖို့ သတင်းဆက်တိုက် ပို့နေခဲ့တယ်… စဖြစ်တာ နံနက် ၁၀-နာရီလေ… ရေထဲမှာ ၁၀-နာရီကြာ မျောနေတော့ ည ၈-နာရီ ဖြစ်နေပြီ… အဲဒီအချိန်မှာ ရုရှားကုန်တင်သင်္ဘောတစ်စီးက ကျွန်တော်တို့ သုံးယောက်အပေါ်ကို ဆလိုက်မီးရောင်လင်းလာပြီး ဆလိုက်မီးအောက်မှာ ကျွန်တော်တို့ကို မြင်သွားကြတယ်… ကျွန်တော်တို့ကို အနီးဆုံး Colombia နိုင်ငံမှာ ချထားပေးခဲ့တယ်… အရင် ရောက်နှင့်ပြီး လူတွေနဲ့ ပြန်ဆုံကြတယ်… လူတွေစစ်တော့ Engine Room မှာ တာဝန်ကျနေတဲ့သူ ငါးယောက် ပါမလာတော့တာ…

ကျနော်ကြားရတာ ကိုဇော်ကြီးပြောတဲ့ ဇာတ်လမ်းလေးက သည်းထိပ်ရင်ဖိုပါပဲ… ကျနော် ကိုဇော်ကြီးကို မေးမယ်… ကျနော့်ချစ်သူ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မြင်ခဲ့လား…

ကျွန်တော်တို့တွေရဲ့ အဖြစ်အပျက်ဟာ မိနစ်ပိုင်းအတွင်း တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်သွားတာလေ… ကျွန်တော် ဘယ်လိုသိနိုင်မလဲ…

ဒါဆို ရှင်းနေတာပဲ ကိုဇော်ကြီးရာ… ကျနော့်မျက်စိရှေ့မှာလည်း ဖြစ်သွားခဲ့တာ မဟုတ်ဘူးလေ… ကျနော် လုံးဝ မယုံဘူး… တစ်ချိန်ချိန်မှာ သူ ကျနော့်ဆီ ပြန်လာမှာပဲလေ…

ပြန်လာဖို့ဆိုတာ ဖြစ်နိုင်ခြေ အရမ်းနည်းတယ်အမ… အမသိအောင် ကျွန်တော် လာပြောပြတာပါ… ကျွန်တော် ဒီထက်ပိုပြီးလည်း အမကို ဘယ်လိုပြောရမှန်း မသိတော့တာ အမှန်ပဲ…


ကျနော့်ကို ခုလို လာပြောပြလို့ ကျေးဇူးတင်ပါတယ်… ကျနော် မယုံနိုင်ဘူး…
.......................................................................................................................

တတိယရောက်လာတာ သူနဲ့အတူ တစ်စီးတည်းလိုက်သွားတဲ့ Junior Engineer ကိုဝေလင်းပါ…

အမရာ… ကျွန်တော်တို့ အသက်ကို အကိုက ကယ်လိုက်တာပဲ… အမှန်က ကျွန်တော်တို့ Duty ထွက်ဖို့ အချိန်လိုသေးတယ်… အကိုက Engine Room ထဲ ဆင်းလာပြီး မင်းတို့တက်ကြတော့ တဲ့… ကျွန်တော်နဲ့ ကျနော့် သူငယ်ချင်းနှစ်ယောက် Engine Room က အတက် ပေါက်ကွဲသံကြားပြီး ကျနော်တို့ တက်ခဲ့တဲ့လှေကား ပြုတ်ကျသွားတယ်… Engine Room တစ်ခုလုံးလည်း မှောင်မဲသွားတာ… First E ဆိုပြီး ကျွန်တော် အကြိမ်ကြိမ် ခေါ်ကြည့်ပါသေးတယ်… ဘာသံမှ မကြားရဘူး… နောက် ပေါက်ကွဲလွင့်စင်နေတဲ့ကြားက ကျွန်တော်တို့လည််း Lifeboat နဲ့ သင်္ဘောကို စွန့်ခွာခဲ့ကြရတာ…

ကိုဝေလင်းရယ်… ကျနော် ဘာမှမကြားပါရစေနဲ့တော့… သူလည်း ကိုဝေလင်းတို့လို ထွက်ပြေး လွတ်မြောက်သွားမှာပါ… ခု ဝေးတဲ့တစ်နေရာရောက်နေလို့ ပြန်မလာသေးတာပါ…
ကျနော့်မျက်စိရှေ့မှာ ဖြစ်ပျက်တာမဟုတ်လို့ မယုံနို်ငဘူးဗျာ…
...........................................................................................................................

ကျနော်မယုံနိုင်လို့ အင်တာနက်ကနေ သင်္ဘောနစ်မြုပ်တဲ့သတင်းကို ရှာမိတယ်…

အင်တာနက်မှာ ရေးထားတာက -

Carrying a flag from the Marshall Islands sank near Colombia last March because of an explosion. It was carrying an iron cargo that is known to self-combust when it comes into contact with water. Six crewmen disappeared.

ကပ္ပတိန်နဲ့ အင်ဂျင်ခန်းက ၅-ယောက် စုစုပေါင်း ၆-ယောက် ပျောက်ဆုံးနေတယ်လို့ ရေးထားတာ…


ဟုတ်တယ်… ပျောက်သွားတာ… တစ်နေ့ ကျနော့်ဆီ ပြန်လာမှာပါ…


ကျနော် မပြောပြချင်ခဲ့တဲ့အကြောင်းတွေကို သူငယ်ချင်းတို့ကို ပြောပြတာပါ…


ကျနော့်ကို လာပြောတာတွေကို သူငယ်ချင်းတို့ရော ယုံလား…


ကျနော်တော့ မယုံဘူးဗျာ… ကျနော့်ချစ်သူ ပြန်အလာကို ကျနော် စောင့်နေပါတယ်…


ဒီနေ့ဆို သူ့ကို အရမ်းသတိရတယ်ဗျာ…


၂၀၁၄-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ဆို သူ ကျနော့်ကို ထားခဲ့တာ (၁၀) နှစ် ပြည့်ပြီပေါ့…


ကျနော်ကတော့ ကျနော်တို့ နှစ်ယောက်ရဲ့ အမှတ်တရနေ့လေးတွေကို တမ်းတရင်းနဲ့ သူပြန်လာတာကို စောင့်နေမှာပါ…


ကျနော့်နှလုံးခုန်တာ ရပ်သွားချိန်ထိ စောင့်နေမှာပါဗျာ…




လွမ်းဧကရီ
၃၁-၁-၂၀၁၄

နေ့လည် ၂:၄၅ နာရီ


No comments: