Monday, December 31, 2012

သူငယ်ချင်းများနှင့် တွေ့ ဆုံပွဲ

သူငယ်ချင်းများနှင့် တွေ့ ဆုံပွဲ


(၃၀-၁၂-၂၀၁၂) ရက်နေ့  မနက်ပိုင်းက လွမ်းတို့  အင်ဂျင်နီယာကျောင်းသားကျောင်းသူများက ဆရာကြီးများကို ပူဇော်ကန်တော့တဲ့ အခမ်းအနားကို စက်မှုတက္ကသိုလ်ကျောင်းဝင်းထဲမှာပဲ ကျင်းပခဲ့ပါတယ်။

လွမ်းက မနက်ပိုင်းမှာ မတက်ရောက်နိုင်ခဲ့ပါဘူး။

ညနေဖက် အင်ဂျင်နီယာကျောင်းသား ကျောင်းသူများတွေ့ ဆုံပွဲ၊ ညစာစားပွဲကို ဓမ္မစေတီလမ်းမှာ ရှိတဲ့ Convention Center မှာ ကျင်းပပြုလုပ်ပါတယ်။

လွမ်းနဲ့  Same Batch သူငယ်ချင်းက လက်မှတ်ဝယ်ပေးထားတဲ့အတွက် သူငယ်ချင်းလာခေါ်တဲ့ကားနဲ့ ပဲ ညစာစားပွဲကို သွားဖြစ်ခဲ့ပါတယ်။

Convention Center ရဲ့ ရှေ့ မြေကွက်လပ်မှာပဲ ဖျော်ဖြေတဲ့ စင်မြင့်ဆောက်လုပ်ထားပြီး စားပွဲများခင်းကျင်း ပြင်ဆင်ထားပါတယ်။



လွမ်းတို့  Batch သူငယ်ချင်းများအတွက် စားပွဲ(၂) ၀ိုင်း နေရာယူထားပါတယ်။

သူငယ်ချင်းများနှင့် ပြန်လည်ဆုံတွေ့ ရတာ ပျော်စရာကောင်းပါတယ်။

ညစာစားပွဲကို တက်ရောက်လာတဲ့ ဆရာကြီးများကို တွေ့ ဆုံနှုတ်ဆက်ပြီး အတူတွဲဓါတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။

သူငယ်ချင်းတစ်ချို့ က နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေပြီး ဆရာကန်တော့ပွဲအတွက် တမင် ပြန်လာသူတွေလည်း ရှိပါတယ်။

တစ်ချို့ သော နိုင်ငံရပ်ခြားရောက်နေသော ဆရာကြီးများကလည်း ပူဇော်ကန်တော့ခံရန် ရန်ကုန်မြို့ သို့  ရောက်လာခြင်းဖြစ်ပါသည်။

လွမ်းတို့ စက်မှုတက္ကသိုလ်တက်စဉ်က ပထမနှစ်နဲ့  ဒုတိယနှစ်ကို အားလုံးတက်ကြရပြီးမှ တတိယနှစ်မှာ မိမိနှစ်သက်ရာ Major များ ယူကြရပါတယ်။

Major မတူသော်လည်း ပထမနှစ်နဲ့  ဒုတိယနှစ် အတူတက်ခဲ့ရသော သူငယ်ချင်းများနဲ့ လည်း ပြန်ဆုံကြရပါတယ်။

ပထမနှစ်နဲ့  ဒုတိယနှစ်မှာ နာမည်အလိုက် Section တွေခွဲထားတာမို့  Chemistry အတန်းမှာ နာမည်စဉ်အလိုက် ထိုင်ကြရပါတယ်။

Chemistry Lab မှာလည်း လွမ်းက ခုံနံပါတ်ကပ်တဲ့ ယောင်္ကျားလေးသူငယ်ချင်းနဲ့  အတုတွဲပြီး Practical လုပ်ရပါတယ်။

ဒုတိယနှစ်မှာ လွမ်းနာမည်တစ်ခု ထပ်ရခဲ့ပါတယ်။

လွမ်းနဲ့ တွဲပြီး Practical လုပ်ရတဲ့ ယောင်္ကျားလေးက ရုပ်ရှင်မင်းသားစိန်မြင့်နဲ့  တူနေတာပါ။

ဒီတော့ လွမ်းနာမည်က " ဆွေဇင်ထိုက် " ဖြစ်သွားပါတယ်။

Theater နဲ့  စာသင်ကြရတာမို့  လွမ်းအတန်းထဲ ၀င်တာနဲ့  " ဆွေဇင်ထိုက် "လို့  အော်သံကြားရပါတယ်။

လွမ်းကို ပြောမှန်း အစကတော့ မသိပါဘူး။ နောက်မှ သူငယ်ချင်းတွေ ပြန်ပြောပြမှ သိရပါတယ်။

ညစာစားပွဲမှာ စိန်မြင့်နဲ့  ပြန်ဆုံရလို့  လွမ်းတို့ နှစ်ယောက် အတိတ်က အကြောင်းတွေ ပြန်ပြောင်းပြောကြပြီး အတူဓါတ်ပုံတွဲရိုက်ဖြစ်ခဲ့ပါသေးတယ်။

စိန်မြင့်က Civil Major ယူပြီး ခု ဂျပန်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပါတယ်။

ညစာစားပွဲက Buffet Style နဲ့  ကျွေးတာဖြစ်ပြီး ဘီယာ၊ ၀ီစကီကို ကြိုက်သလောက် သောက်လို့  ရပါတယ်။

သူငယ်ချင်းတွေက ဆုံးသွားတဲ့သူငယ်ချင်းများအကြောင်းလည်း ပြောပြီး စိတ်မကောင်းဖြစ်ကြရပါသေးတယ်။

လွမ်းချစ်သူကလည်း သူငယ်ချင်းများထဲက တစ်ယောက်ပါ။

လွမ်းကို လွမ်းချစ်သူသတင်းကြားလို့  စိတ်မကောင်းကြောင်း လာရောက်ပြောကြပါတယ်။

လွမ်းတို့ တွေ အသက်ကြီးသွားပေမဲ့လည်း သူငယ်ချင်းများနဲ့  ပြန်ဆုံကြတဲ့အခါ လူငယ်လေးများလို ပြန်ဖြစ်သွားပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြပါတယ်။

Visiting Card များကို အပြန်အလှန်လဲလှယ်ဖြစ်ကြပါတယ်။

ဖျော်ဖြေရေးမှာလည်း လွမ်းတို့ သူငယ်ချင်း ကိုသက်တင်က သီချင်းတက်ဆိုပြီး စက်မှုတက္ကသိုလ်ကျောင်းဆင်းများဖြစ်တဲ့ အဆိုတော် နေရဲမာန်တူးတူးတို့ လည်း တက်ရောက်ဖြေဖျော်ကြပါတယ်။

၂၀၁၂-ခုနှစ်၊ စက်မှုတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ဆရာပူဇော်ပွဲနှင့် တွေ့ ဆုံပွဲ ဂုဏ်ပြုအမှတ်တရအဖြစ် စွယ်တော်ရိပ်မဂ္ဂဇင်း ထုတ်ဝေလို့  လွမ်း ၀ယ်ဖြစ်ခဲ့ပါတယ်။

စက်မှုတက္ကသိုလ်ကျောင်းဆင်း စာရေးဆရာမ မစန္ဒာ၊ မောင်စိန်ဝင်း(ပုတီးကုန်း) တို့ လည်း ပါဝင်ရေးသားထားပါတယ်။

ဆုံးသွားတဲ့ အဆိုတော်ခင်မောင်တိုးကလည်း စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းပါ။ 

စက်ရုံမှူးသူငယ်ချင်းတစ်ယောက်က ဆရာကန်တော့ပွဲမလာနိုင်လို့  သူ့ အတွက်ပါ မဂ္ဂဇင်းဝယ်ပေးထားပေမဲ့ ဘယ်လိုပို့ ပေးရမယ်မှန်း မသိသေးပါ။ :P

နေရာအသီးသီးမှာ တာဝန်ကိုယ်စီနဲ့  အလုပ်အကိုင်မျိုးစုံ လုပ်နေကြပေမဲ့  ပြန်ဆုံကြတဲ့ အချိန်တခဏတာမှာတော့ သူငယ်ချင်းဟာ သူငယ်ချင်းပါပဲ။

ဆရာကန်တော့ပွဲကို မလာရောက်နိုင်သောသူများကိုလည်း သူငယ်ချင်းများက သတိတရပြောဆို မေးမြန်းကြပါတယ်ဆိုတာ အဝေးရောက်သူငယ်ချင်းများကို သိစေချင်ပါတယ်။

သူငယ်ချင်းများအားလုံး ကျန်းမာစွာနဲ့  စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေလို့  လွမ်း ဆုတောင်းပေးပါတယ်။



လွမ်းဧကရီ
၃၁-၁၂-၂၀၁၂
ည ၁၀း၁၀ နာရီ











No comments: