Friday, December 14, 2012

ကားမောင်းသူအချင်းချင်း ကိုယ်ချင်းစာဖို့ တော့လိုပြီ

ကားမောင်းသူအချင်းချင်း ကိုယ်ချင်းစာဖို့ တော့လိုပြီ

ရန်ကုန်မြို့ မှာ Car Show Room တွေ အများအပြားဖွင့်လှစ်လာသလို လမ်းပေါ်မှာလည်း ပုံစံမျိုးစုံ၊ Brand မျိုးစုံကားများကြောင့် သွားလေရာ ယာဉ်ကြောပိတ်ဆို့ နေတာနဲ့  ခုတလော ကားမောင်းရင်း ဒေါသဖြစ်နေမိပါတယ်။

အရင်တုန်းကဆိုရင် ရုံးနဲ့  အိမ်ကို မိနစ်-၃၀ ကြာမောင်းတာနဲ့  ရောက်တတ်တာမို့  ရုံးချိန်မှီအောင် တွက်ပြီး အိမ်ကထွက်လို့  ရပါတယ်။

ခုများမှာတော့ အိမ်ကနေ တစ်နာရီကြိုထွက်တာတောင် ယာဉ်ကြောပိတ်တာနဲ့  ဆုံရင် ရုံးချိန်မှီအောင် မရောက်နိုင်တော့ပါဘူး။

လမ်းစည်းကမ်းချိုးဖောက်ပြီး မောင်းနေတဲ့ကားများကြောင့် ယာဉ်ကြောပိတ်ဆို့ မှုတွေ ဖြစ်နေတာကို နိုင်ငံတော်က စီမံချက်ချ ဆောင်ရွက်သင့်ပါတယ်။

အများဆုံးစည်းကမ်းချိုးဖောက်သူများက Taxi မောင်းသူများနှင့် Bus ကားမောင်းသူများပါ။


Taxi များက ကွေ့ လမ်းကို နေရာယူပြီး တည့်မောင်းသည့်နေရာကို စောင့်နေခြင်း၊ ခရီးသည်တွေ့ ပါက လမ်းမလယ်မှာပင် ဈေးစကားပြောဆိုတင်နေခြင်းတို့ ကြောင့် ယာဉ်ကြောပိတ်ဆို့ ခြင်း ဖြစ်ပေါ်နေပါသည်။

Bus ကားများကလည်း မိမိသတ်မှတ်ထားသော ယာဉ်ကြောမှ မမောင်းပဲ Bus အချင်းချင်း ကျော်တက်မောင်းနှင်ခြင်း၊ ကားကြီးသည်ကို အခွင့်ကောင်းယူပြီး ကားငယ်များကြား ၀င်ရောက်တိုးဝင် မောင်းနှင်ခြင်း၊ မီးပွိုင့်များတွင် ကွေ့ လမ်းနေရာမှ တည့်လမ်းသို့  ၀င်ရောက်မောင်းနှင်ရန် ကြိုးစားခြင်း တို့  ကို မြင်တွေ့ နေရပါသည်။


ကိုယ်ပိုင်ယာဉ်များမှ စည်းကမ်းချိုးဖောက်သူ အများစုက Pajero, Hilux, Land Cruiser ကဲ့သို့ သော ကားများကို မောင်းသူများဖြစ်ပါသည်။ တစ်ခါတစ်ရံ လမ်းစည်းကမ်း ချိုးဖောက်ပြီး တစ်ဖက်လမ်းသို့  ပြောင်းပြန်မောင်းနေသူများ ဖြစ်ပါသည်။

ရန်ကုန်မြို့ တော်တွင် နေရာတော်တော်များများမှာ လမ်းများချဲ့ ခြင်း၊ ကတ္တရာလမ်းများခင်းခြင်း၊ ကွန်ကရစ်လမ်းများပြုလုပ်ခြင်းတို့ ကို ဆောင်ရွက်နေပါသည်။

တစ်ချို့ သောနေရာမှာ ပြုပြင်ဆဲကာလဖြစ်သဖြင့် လမ်းများမှာ ဆိုးဝါးစွာ ပျက်စီးနေပါသည်။

လမ်းများပြုပြင်ဆဲကာလဖြစ်သလို ကားမောင်းသူများ၏ စိတ်ဓါတ်များကိုလည်း ပြုပြင်သင့်ပါပြီ။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများကို လိုက်နာသင့်သလို မိမိကားလိုပင် တခြားသောကားများကလည်း ယာဉ်ကြောပိတ်ဆို့ သည်ကို အချိန်ပေးစောင့်စားနေသူများဟု ကားမောင်းသူ အချင်းချင်း ကိုယ်ချင်းစာတရား ထားဖို့ လိုပါသည်။

ယခုအခါ ဆိပ်ကမ်းလမ်းကို ဖွင့်လှစ်ပြီး ယာဉ်မောင်းခွင့်ပေးသဖြင့် ယာဉ်ကြောပိတ်ဆို့ မှုကို သက်သာစေသော်လည်း ကုန်တင်ယာဉ်များက အရှိန်ဖြင့် မောင်းနှင်နေသည်ကို တွေ့ ရသည်မှာလည်း ကြောက်စရာကောင်းပါသည်။


မော်တော်ယာဉ်များ စည်းကမ်းဖြင့် မောင်းနှင်ရန်အတွက် ယာဉ်မောင်းသူတိုင်းက စည်းကမ်းလိုက်နာရန် နိုင်ငံတော်ကလည်း ကြပ်မတ်စွာ ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။


လွမ်းဧကရီ
၁၄-၁၂-၂၀၁၂
ည ၉း၃၀ နာရီ

No comments: