Wednesday, September 19, 2012

အချစ်ကြီးသူရဲ့ အရှုံး

အချစ်ကြီးသူရဲ့ အရှုံး


အချစ်ဆိုတာကို စသိသိခြင်းမှာ အချစ်ကြီးချစ်ခဲ့ရသူ ကျွန်မနဲ့ အချစ်တွေ ပေါများလွန်းလှသူ ကိုနဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။


ကျွန်မရဲ့အချစ်တွေက ကို တစ်ယောက်တည်းအတွက်သာ ဖြစ်ပေမယ့် “ကို” ရဲ့ အချစ်တွေကတော့ ကျွန်မတစ်ယောက်အတွက် မဟုတ်ခဲ့ရပါဘူး။


 ကို့”ရဲ့ အချစ်တွေက ကျွန်မဆီမှာပဲ အဆုံးသတ်ပါစေလို့ ဆုတောင်းရင်း မရေရာတဲ့ အနာဂတ်ကို မျှော်တွေးလို့ ကြည်နူးတစ်ခါ၊ စိတ်မောတစ်လှည့်နဲ့ ဖြစ်ခဲ့ရတာလည်း အခါခါပါ ကိုရယ်။


သူငယ်ချင်းတွေက ပြောကြတယ်။ “ကို့”ကို ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်တဲ့။ ကျွန်မ မယုံချင်ယောင်ဆောင်ပြီး မဖြစ်နိုင်ဘူးလို့ အတင်းငြင်းလိုက်တယ် ကို


ကျွန်မရင်တွေ လှိုင်းထန်စပြုလာပြီ ကိုရယ်။



ရုံးသွား၊ ရုံးပြန်ကြိုတတ်တဲ့ ကို၊ ညအိပ်ရာဝင်ချိန်တိုင်း ဖုန်းနဲ့ နှုတ်ဆက်တတ်တဲ့ ကို့ရဲ့ အကျင့်လေး တွေလည်း တဖြည်းဖြည်းနဲ့ ဝေးကွာလာခဲ့ရပြီ။


အဲဒီနေ့က “ကို့”ကို ကောင်မလေးတစ်ယောက်နဲ့ ပုခုံးကို ဖက်လို့ ပျော်ရွှင်နေတဲ့ “ကို့”ကို ကျွန်မတွေ့လိုက်ရတယ် ကို


ကို ကျွန်မကို မြင်မှာစိုးလို့ နေရာကနေ အမြန်ရှောင်ပေးလိုက်မိတယ် ကို


သစ်စိမ်းချိုး မချိုးသေးဘဲနဲ့ ကျွန်မအတွက် “ကို” အဖြစ်ရပ်တည်နေပေးသေးတဲ့ ကို့ကို ချစ်လွန်းစွာနဲ့ အလိုက်တသိ ရှောင်ပေးခဲ့မိတာပါ ကို


ကို ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် “ကို့” ဘေးမှာ ကျွန်မတစ်ယောက်လုံး ရှိနေသေးတယ်ဆိုတဲ့ စိတ်မျိုးလေးနဲ့ ကျွန်မဆီကို မမေ့သေးဘဲ ပြန်လှည့်လာနိုင်အောင်လို့ ကို့ကို ကျွန်မ ဘယ်တော့မှ မမေးမယ့် စကားတစ်ခွန်းတော့ ရှိတယ် ကို 
 

အဲဒါကတော့ ကို ကျွန်မကို တကယ်လမ်းခွဲသွားပြီလားဆိုတာကိုပါ။

 ဒါပေမယ့် ကိုရယ် အချစ်ကြီးချစ်ခဲ့မရသူ ကျွန်မအတွက် အချစ်ကြောင့်ပဲ နာကျင်စွာနဲ့ ငိုရတဲ့ မျက်ရည်တွေက များရတယ် ကိုရယ်။
 
ကို့ကြောင့် ကဗျာတွေ ရေးတတ်လာတယ်။


ကို့ကြောင့် အလွမ်းသီချင်းတွေကို ခုံခုံမင်မင် နှစ်သက်လာတယ် ကို။ ကျွန်မရဲ့ အချစ်တွေကို ယုံကြည်စွာနဲ့ ပြန်လာမယ့် “ကို့”ကို ဒီသီချင်းလေးနဲ့အတူ ထာဝရစောင့်ကြိုလျက်ပါ ကိုရယ်…


မြတ်သူ



နေပြည်တော်ကို ခရီးထွက်ခါနီး ဧကရီ့ဆီကို စာတစ်စောင် ဝင်လာပါတယ်…

ဇာတ်လမ်းလေးတစ်ပုဒ်ရေးသားထားပြီး Attached File နဲ့ ပါလာတဲ့သီချင်းလေးကို Flash Song လုပ်ပေးဖို့ တောင်းဆိုလာပါတယ်…

မြတ်သူဆိုတဲ့ မိန်းခလေးတစ်ယောက်ဆီကပါ…ဧကရီနဲ့ အွန်လိုင်းမှာပဲ ရင်းနှီးခဲ့သူတစ်ဦးပါ…

သီချင်းနားထောင်ပြီး သူ့ရဲ့ဇာတ်လမ်းလေးကို ဖတ်ပြီးတဲ့အခါ ဧကရီ့ရဲ့ရင်ထဲမှာ စိုးရိမ်ပူပန်တဲ့ စိတ်တွေ ဖြစ်ပေါ်လာပါတယ်။

ဧကရီ့ချစ်သူကိုလည်း ဧကရီက ကို လို့ ခေါ်တာပါ… ကိုကလည်း ကို ဆိုတဲ့ စကားလုံးကို နှစ်သက်စွာ ခံယူထားသူပါ…

ကိုက ချောပါတယ်…မိန်းခလေးတွေ နှစ်သက်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူပါ…

လွမ်းဧကရီကို ကိုက ဧကရီ လို့ပဲ ခေါ်ပါတယ်…ဧကရီကို လွမ်းလားလို့ မေးရင် သတိရတယ် လို့ပဲ ပြောတတ်သူပါ…

ဧကရီကို မလွမ်းစေချင်သူပါ…လွမ်းဆိုတဲ့ စကားလုံး ဘယ်တော့မှ ကို မသုံးပါ…

ကိုနဲ့ ဧကရီ နေ့တိုင်းလို ဖုန်းပြောဖြစ်ပါတယ်…

ဆက်သွယ်မှုဧရိယာပြင်ပရောက်နေကြရင် SMS အပြန်အလှန်ပို့ပါတယ်…

နေပြည်တော်ခရီးထွက်ခါနီး ဧကရီ နေမ‌ကောင်းဖြစ်ပါတယ်…ကို့ဆီ SMS ပို့ပြီး ပြောပါတယ်…

ကိုက Message ရောက်တာနဲ့ ချက်ခြင်း ဖုန်းဆက်မေးပါတယ်…ဧကရီ နေမကောင်းဖြစ်ရဲ့နဲ့ ကို့ရဲ့ ဂရုစိုက်မှုကြောင့် ရောဂါသက်သာသွားသလို ခံစားရပါတယ်…

ချစ်သူမဖြစ်ခင်က ကို့အပေါ် စိုးရိမ်စိတ်မရှိပေမဲ့ ချစ်သူဖြစ်လာတဲ့အခါ ကိုနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာပါတယ်…

မြတ်သူရဲ့ ဇာတ်လမ်းလေးဖတ်ပြီး ကို လည်း ဧကရီ စိုးရိမ်စိတ်ကို နားလည်နိုင်ပါစေ…





လွမ်းဧကရီ
၁၉-၀၉-၂၀၁၂
နံနက် ၁၂:၁၀ နာရီ

No comments: