Wednesday, March 12, 2008

အညာခရီးသို့ တစ်ခေါက်

အညာကို မရောက်တာ ၃-နှစ်ရှိသွားပါပြီ...ဒီတစ်ခါတော့ မရောက်ရောက်ဖြစ်အောင် ချက်ခြင်းစီစဉ်ပြီး သွားဖြစ်ခဲ့ပါတယ်...
မုံရွာထိ ကားလက်မှတ်က သွားချင်တဲ့နေ့  မရတာနဲ့ မန္တလေးကို ကားနဲ့ သွားခဲ့ ပါတယ်...ခရီးသည်ကားနဲ့ သွားတာ ဒီခရီးက ပထမဆုံးပါဘဲ...ဆွေမျိုးတွေက ရေဦးမြို့ ကပါ...သူတို့ က တစ်ရက် ကြိုပြီး မန္တလေးမှာရောက်နှင့်နေပြီး ကားဂိတ်ကို လာကြိုပါတယ်...မန္တလေးမှာ မဟာမြတ်မုနိကြေးသွန်းဘုရားကြီး နဲ့  78 Shopping Mall တို့ ကို သွားဖြစ်ခဲ့ပါတယ်...ရတနာပုံဈေး မီးလောင်တဲ့နေရာကို မရောက်ခဲ့ပါဘူး...လမ်းတွေလဲ ပိတ်ထားလို့ ပါ...



မန္တလေးကနေ စစ်ကိုင်းကို တံတားအသစ်ကနေ သွားခဲ့ပါတယ်...အရင်တုန်းက တံတားတစ်ခုထဲရှိတော့ ဧရာဝတီမြစ်ရေကြီးတဲ့အခါ ဖြတ်လို့ မရခဲ့ဘူးလေ...
ခုတံတားအသစ်မှာတော့ မီးရထားလမ်းတော့ မပါဘူးဗျ...

စစ်ကိုင်း "ဖြူစင်" ထမင်းဆိုင်မှာ ထမင်းဝင်စားတယ်...ဘုတလင်မြို့ အထိ လမ်းကောင်းတယ်ဗျ...အဲဒီကနေ ရေဦးမြို့ အထိ လမ်းတော်တော်ဆိုးတာဗျာ...
ပြင်မဲ့ပုံလဲ မရှိဘူးဗျ...ဘာလို့ လဲဆိုတော့ လမ်းဘေးမှာ ကျောက်စရစ်တို့ ၊ သဲတို့ ပုံ ထားတာမတွေ့ ခဲ့ရလို့ လေ...




ရေဦးမှာနေစဉ်အတွင်း အညာစာတွေကို စားခဲ့ပါတယ်...မနက်ဆို မုံ့ ပြားသလက် ဒါမှမဟုတ် မုံ့ တီသုတ် ၀ယ်စားပါတယ်...ရေဦးမြို့  မုံ့ တီ(နန်းကြီး)ကတော့ လက်သန်းလောက်နီးပါး တုတ်ပါ တယ်...ဘယ်မြို့ မှာမှ အဲလောက်တုတ်တဲ့ နန်း မရှိပါဘူး...နန်းကြီး၊ နန်းလတ်၊ နန်းသေး ဆိုပြီး သုံးမျိုးရောင်းပါတယ်...
ရေဦးမြို့ ရဲ့  မုံ့ ဟင်းခါးကိုလဲ စားခဲ့ပါတယ်...ကြက်သား၊ ငါးဖယ်၊ အကျော်တွေထည့်ပေး ပါတယ်...၃၀၀-ကျပ်ပဲ ပေးရပါတယ်...ရန်ကုန်မှာ အဲဒါတွေ ထည့်ရင် သီးသန့် ငွေ ထပ်ပေးရမှာပါ...တစ်ရက်မှာရေဦးမြို့ အနီးမှာရှိတဲ့ ဖိန်းကားရွာအလှူကို လိုက်သွားပါတယ်...စုပေါင်းရှင်ပြုအလှူဆိုတော့ ပင်မအလှူအိမ်မှာ ထမင်းကျွေးပါတယ်...စားပွဲမအားသေးရင် သီးသန့် ဧည့်ခံ သေးတယ်ဗျ...ထမင်းစားပြီးတော့ ရှင်လောင်းပါတဲ့အိမ်က သီးခြားဧည့်ခံ ပြန်ပါတယ်...လက်ဖက်ရည်နဲ့ မုံ့ မျိုးစုံပါ...မျိုးစုံဆိုတဲ့အတိုင်း အမျိုးအစား အများကြီးပါ...ကျွေးတဲ့နေရာမှာ ရက်ရောပါတယ်...အလှူအပြန် နေ၀င်ဆည်းဆာလေးကို ဓါတ်ပုံရိုက်ခဲ့ပါတယ်...



နောက်နေ့  ရေဦးမြို့ ကနေ နဲနဲဝေးတဲ့ လေးရွာ မင်္ဂလာဆောင်ကို လိုက်သွား ပါတယ်...ရွာက ခေတ်မှီနေပြီဗျ...မဏ္ဍာပ်မှာ ခေတ်မှီအ၀တ်အစားနဲ့  သတို့ သား၊ သတို့ သမီးပုံကို ချိတ်ထားတယ်...အတွင်းဝင်သွားတော့ သတို့ သား ရော၊
သတို့ သမီး ပါ ခေတ်မှီအ၀တ်အစားတွေနဲ့ ဗျ...သတို့ သမီးက ဂါဝန်အရှည်နဲ့ ၊ သတို့ သား ကလဲ အနောက်တိုင်းဝတ်စုံနဲ့ ၊ ကျွေးတာကတော့ ရွာရှင်ပြုအလှူအတိုင်းပဲ ထမင်းကျွေးတာ...ဟင်းခွက်တွေကို နဲနဲလေး လျော့တာနဲ့  လိုက်ပြီး ထပ်ဖြည့်ပေးနေတာ...ရက်ရောတာကတော့ မြန်မာ့ဓလေ့ပါပဲ...
ရေဦးမြို့ ကပြန်ခါနီးမှာ ကျွန်တော့်ကို နဂါးရုံဘုရားကို လိုက်ပို့ ပေးပါတယ်...





ကျွန်တော်တို့ ပြန်မဲ့နေ့ မှာ ရေဦးအိမ်ကနေ မနက် ၅-နာရီထွက်ခဲ့ပါတယ်...မုံရွာရောက်တော့ ဗောဓိတစ်ထောင်ဘုရားကို ဆက်သွားခဲ့ပါတယ်...အဲဒီမှာ အသစ်တည်ထားတဲ့ မဟာဗောဓိတစ်ထောင် လေးကျွန်းစင်္ကြာ ရပ်တော်မူဘုရားကြီးကို အဝေးက လှမ်းဖူးရတာကို ဓါတ်ပုံတွေရိုက်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်....















No comments: