Saturday, November 24, 2012

မဟာကျိန်သစ္စာရှင်ဘုရားကြီး

မဟာကျိန်သစ္စာရှင်ဘုရားကြီး


ဒီနေ့  လွမ်းတို့ ကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာက ဦးဆောင်ပြီး ကုမ္ပဏီဝန်ထမ်းမိသားစုများက မြောက်ဥက္ကလာပမြို့ နယ်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ကြပါတယ်။

သံဃာတော်များကို နေ့ ဆွမ်းဆက်ကပ်လှူဒါန်းပါတယ်။

လွမ်းတို့ လည်း ဘုန်းကြီးကျောင်းမှာပဲ နေ့ လည်စာစားပြီး ပြန်လာခဲ့ပါတယ်။

လွမ်း…မြောက်ဥက္ကလာပမြို့ နယ်ဝင်ကတည်းက လှမ်းမြင်နေရတဲ့ ဘုရားကြီးကို ဖူးချင်တာနဲ့  အပြန်မှာ ၀င်ရောက်ဖူးမြော်ခဲ့ပါတယ်။
လွမ်း ဖူးတာ ဒီတစ်ခါ ဒုတိယအကြိမ်ပါ။

ဒီတစ်ကြိမ်မှာတော့ ကံအားလျော်စွာပဲ ဘုရားကြီးဖြစ်မြောက်ရေးလုပ်ငန်းကော်မတီဥက္ကဌ ဒုတိယဗိုလ်မှူးကြီး တင်မြ(ငြိမ်း)၏ ဇနီး ဒေါ်တိုးတိုးရီနဲ့  တွေ့ ဆုံခဲ့ပြီး မဟာကျိန်သစ္စာရှင်ဘုရားသမိုင်းကို ဒေါ်တိုးတိုးရီက ပြောပြပါတယ်။

ဘုရားကြီးက အမှတ်(၁၁၃၅/၃)၊ သုနန္ဒာလမ်း၊ (ဋ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့ နယ်မှာ တည်ရှိပြီး ဘုရားရဲ့ ဥာဏ်တော်အမြင့်ဟာ ၁၂၉-ပေ၊ ၆-လက်မ ရှိပါတယ်။

မဟာကျိန်ဘုရားပုံတော်မှာ တင်ပျဉ်ခွေပုံတော်ဖြစ်ပါတယ်။ ဦးတော်တွင် ရာဇာဘိသေကမင်္ဂလာ ခံယူမည့် ဘုရင်၏ မကိုဋ်သရဖူဆောင်းထားလျက် လည်ပင်းတော်၌ အရေးသုံးပါးပါရှိပြီး နားတော်မှာ ပုခုံးတော်နှင့် မထိဘဲ ဘုရင်မင်းမြတ်ဝတ်ဆင်ထားသော နားတောင်းမျိုး ၀တ်ဆင်ထားပါတယ်။ ၀တ်ရုံတော်မှာလည်း ဘိသိက်ခံဘုရင်၏ ၀တ်ရုံတော်မျိုး ဖြစ်ပါတယ်။





မူရင်း မဟာကျိန်သစ္စာရှင်ဘုရားပုံတော်

မဟာကျိန်သစ္စာရှင်ဘုရားကြီးကို ပဓာန နာယကဆရာတော် ဘဒ္ဒန္တ ကုလရက္ခိတ (မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်)က အဓိဌာန်ယူလိုသည့်ပုဂ္ဂိုလ်များအတွက် ဦးဆောင်တည်ထားခြင်း ဖြစ်ပါတယ်။


ဆရာတော်သည် ၁၉၆၆-ခုနှစ် ဧပြီလမှစ၍ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ လာအို၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ နီပေါ၊ ဂျပန်၊ ကိုးရီးယား၊ ဟောင်ကောင်၊ မကာအို၊ သြစတြေးလျ၊ အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ စသောနိုင်ငံများကို လှည့်လည်ကြွချီတော် မူလျက် ဒါယကာ-ဒါယိကာမအပေါင်းတို့ အား မိမိကျင့်ကြံပွားများသော ဗုဒ္ဓါနုဿတိကမ္မဌာန်း တရားတော် မြတ်တို့ ကိုလည်း ဈာန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် အကျိုးပွားတရားထူးများ ရရှိစေရန် အလို့ ငှာ ရည်သန်လျက် သမထ၀ိပဿနာနည်းဖြင့် ဟောပြောပြသပြီး အန္တရာယ်ကင်း ပရိတ်တရားတော်မြတ်တို့ ကိုလည်း ဟောကြားချီးမြှင့်တော်မူပါတယ်။

ဆရာတော်ဟာ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ ၌ မြန်မာကျပ်ငွေသိန်း(၅၀၀၀၀)ခန့်  အကုန်အကျခံ၍ အမြင့်ဥာဏ်တော် ပေ(၂၁၀)ရှိ “အနန္တ သိဒ္ဓိဆုထူးပန် ဘုရားကြီး” ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီးကို တည်ထားပူဇော်ရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။

စင်္ကာပူနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ၌လည်း ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထားပူဇော်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။

ယခု မဟာကျိန်သစ္စာရှင်ဘုရားပုရ၀ုဏ်မှာ အဓိဌာန်ဝင်လိုသူများအတွက် အခန်းများ ပြုလုပ်ပြင်ဆင်နေတာကို တွေ့ ရှိခဲ့ရပါတယ်။

ဒေါ်တိုးတိုးရီက ဤမဟာကျိန်သစ္စာရှင်ဘုရားကြီးဟာ ရွှေတိဂုံဘုရားနဲ့  တတန်းတည်းဖြစ်နေပြီး ရွှေတိဂုံဘုရားကို မျက်နှာမူထားသည့် အနေအထားဖြစ်နေပါတယ်။ သီတင်းကျွတ်လပြည့်နေ့ ညက ရွှေတိဂုံဘုရားမီးပူဇော်သည့် အလင်းတန်းသည် မဟာကျိန်သစ္စာရှင်မျက်နှာတော်ပေါ်သို့  ကျရောက်ခဲ့ကြောင်း ပြောပြပါတယ်။
ပဲခူးမြို့ မှ ရွှေမော်ဓောဘုရားနှင့်လည်း တတန်းတည်းဖြစ်နေကြောင်းပါ ပြောပြပါတယ်။

ဒုတိယဗိုလ်မှူးကြီးတင်မြ(ငြိမ်း)+ဒေါ်တိုးတိုးရီမိသားစု၏ ဓမ္မဒါနဖြင့် လှူဒါန်းသော မဟာမုနိကျင့်စဉ်နှင့် ဂါထာတော်များကို သူငယ်ချင်းများအား ပြန်လည် ဒါနပြုလိုက်ပါတယ်။

မဟာမုနိအဓိဌာန်ကျင့်စဉ်

(ဘဂ၀ါ)                                  ပထမအဆင့်          ပုတီး(၃ ပါတ်)           (၃)ရက်
(မုနိဘဂ၀ါ)                             ဒုတိယအဆင့်         ပုတီး(၅ ပါတ်)           (၅)ရက်
(မဟာမုနိဘဂ၀ါ)                     တတိယအဆင့်       ပုတီး(၇ ပါတ်)           (၇)ရက်
(ဥုံ မုနိ၊ မဟာမုနိ၊ မုနိ)              စတုတ္ထအဆင့်         ပုတီး(၉ ပါတ်)          (၉)ရက်

မဟာမုနိဂါထာတော်

မဟာမုနိ၊ မဟာပုညော၊ မဟာတေဇော၊
မဟိဒ္ဓိကော၊ မယှံ ဒီပေါ၊ မယှံ နာထော
မယှံ ဒေတု၊ မဟာဇယော။

(တစ်နေ့  ၉ ခေါက်ရွတ်ပါ။)

ကျက်သရေတိုးဂါထာ

အဓိဌာန မဟာထေရံ၊ မဟာဇေယျသိဒ္ဓိနာမံ
နိစ္စံဝန္ဒာမိ အာစေရံ၊ ဘ၀တုသဗ္ဗမင်္ဂလံ။

(တစ်နေ့  ၅ ခေါက်ရွတ်ပါ။)




လွမ်းဧကရီ
၂၄-၁၁-၂၀၁၂
ည ၁၀း၀၀နာရီ

No comments: