Wednesday, January 27, 2021

အမေ

 

အမေ

၂၀၂၁-ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့။

ဒီနေ့ အမေများနေ့တဲ့။

အမေများနေ့ မဟုတ်လည်း မေမေ့ကို နေ့တိုင်း သတိရနေဆဲပါ မေမေ။

မေမေ့အကြောင်းတွေးမိတိုင်း မျက်ရည်ကျမိပါတယ် မေမေရယ်။

သမီးတို့ကို ထားခဲ့တာ စောလိုက်တာမေမေ။ မေမေ နေမကောင်းရင် ပြန်ကောင်းတတ်တာမို့ မေမေ နေမကောင်းတော့ ဆေးသောက်ရင် ပျောက်သွားမှာပဲလို့ ထင်ထားခဲ့တာပါ မေမေရယ်။

မေမေ ၂၀၁၉-ခု၊ ဒီဇင်ဘာလမှာ ဆေးရုံတက်လိုက်ရပါတယ်။ လျှာမှာ အနာပေါက်ပြီး အစားမစားနိုင်ဘဲ အားပြတ်ပြီး အိပ်ရာထဲ လဲသွားခဲ့တာ။ ဆေးရုံရဲ့ ICU အခန်းထဲမှာ ဘာစကားမှ မပြောဘဲ လဲနေတော့ စိုးရိမ်လိုက်ရတာ။ ၂၀၂၀-ခု၊ ဖေဖေါ်ဝါရီလ လဆန်း ဆေးရုံဆင်းပြီး အိမ်ပြန်ရောက်တော့ တဖြည်းဖြည်းနဲ့ နေပြန်ကောင်းလာပါတယ်။

မေမေက ဟိုးအရင်တုန်းက အကြောင်းတွေ ပြန်ပြောတော့ သမီးတို့မှာ ဝမ်းသာလိုက်တာ။ အိမ်ပြန်ရောက်တော့ မေမေက အရင်လိုတော့ လမ်းမလျှောက်နိုင်တော့ဘူး။ ညနေဆို TV ကို ထိုင်ကြည့်လေ့ ရှိပါတယ်။

ကျနော်က မေမေ ဆေးရုံဆင်းလာကတည်းက မေမေ့အိမ်ကို နေ့တိုင်း သွားပါတယ်။ မေမေ ကြိုက်တတ်တဲ့ ဟင်းလေးတွေ ချက်သွားတတ်ပါတယ်။ ပေါင်မုန့်လုပ်သွားတတ်ပါတယ်။ မမကြီးက နေ့စဉ် မေမေ့အတွက် စားစရာလုပ်ပေးထားပေမဲ့ ကျနော်ယူလာတဲ့ ဟင်းကိုလည်း ကျနော်ကျေနပ်အောင် စားလေ့ ရှိပါတယ်။

ကျနော်က ရုံးသွားတဲ့နေ့ဆို မေမေ့ဆီ မရောက်ဖြစ်တော့ပါဘူး။ နောက်ရက် မေမေ့ဆီရောက်ရင် “ဘာလို့မလာတာလဲ” လို့ မေးတတ်ပါတယ်။ ကျနော် မလာတဲ့နေ့ ဖုန်းမဆက်ရင် “ဘာလို့ ဖုန်းမဆက်တာလဲ” လို့ မေးတတ်ပါတယ်။

မေမေက အဲလိုမေးတတ်တော့ မေမေ့အိမ်မသွားဖြစ်ရင် ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုတောင် ခံစားမိပါတယ်။ ကျနော်က မေမေ့ကို ရေပတ်တိုက်ပေးလေ့ ရှိတော့ အိမ်လာလည်တဲ့သူတွေကို ကျနော်က ရေပတ်တိုက်ပေးတာလို့ ပြောပြလေ့ ရှိပါတယ်။

တစ်ခါတစ်လေ ကျနော်က မေမေ့ကို ရီစရာအကြောင်းလေးတွေ ဖွင့်ပြလေ့ရှိပါတယ်။ သတင်းတွေ၊ တရားအကြောင်းလေးတွေကိုလည်း မေမေ့ကို နားထောင်စေပါတယ်။ မေမေက ဘုရားရှိခိုးတာတွေ မေ့မှာစိုးတယ်လို့ ပြောတော့ မေမေနဲ့အတူ ဘုရားရှိခိုးစာတွေ ဆိုကြပါတယ်။

၂၀၂၀-ခု၊ အောက်တိုဘာလ (၂၉)ရက်နေ့မှာ မေမေက တော်တော်လေး နေမကောင်းဖြစ်တော့ ဆေးရုံတင်ဖို့ ဆုံးဖြတ်ကြပါတယ်။ ဆေးရုံမတင်ခင် ဆရာဝန်များရဲ့ ညွှန်ကြားချက်အတိုင်း အိမ်မှာ အမျိုးမျိုး ကြိုးစားကြပါသေးတယ်။ ကျနော်ကတော့ မေမေ့အတွေက် လိုအပ်တဲ့ဆေးတွေ ဝယ်ဖို့ ကားတစ်စီးနဲ့ ဆေးဆိုင်ကို သွားလိုက်၊ ပြန်လိုက် လုပ်နေလို့ မေမေ့နားကို မကပ်ဘဲ အဝေးကနေပဲ မေမေ့ကို စောင့်ကြည့်နေခဲ့တာပါ။

ညနေ ၅-နာရီမှာ မေမေ Pressure ကျနေပါပြီ။ အောက်ဆီဂျင်ပေးထားပေမဲ့ Pulse Rate ကလည်း ကျလာနေပါပြီ။ မေမေ အသက်ရှူတာ ဝေးဝေးလာပြီး တဖြည်းဖြည်းနဲ့ ငြိမ်ကျသွားပါတယ်။ ကျနော့် မျက်စိအောက်မှာ ဖြစ်သွားခဲ့တဲ့အဖြစ်မို့ ယနေ့တိုင် အမှတ်ရနေဆဲပါ။

မေမေ့အကြောင်းတွေးမိတိုင်း မျက်ရည်ကျမိတော့ မတွေးမိအောင် နေနေပေမဲ့ ခုချိန်မှာတော့ နေ့တိုင်း တွေးပြီး မျက်ရည်ကျနေရဆဲပါ။

သတိရပါတယ် မေမေ။

 

 

လွမ်းဧကရီ

၂၇-၁-၂၀၂၁

နေ့လည် ၂-နာရီ

3 comments:

Unknown said...

Blog ရေးရတာလည်းဖတ်တဲ့သူတွေနည်းသွားတော့ သိပ်ပျော်ဖို့မကောင်းတော့ဘူး။ Facebook မှာပဲလူတွေကစုနေတယ်။ အားပေးနေပါတယ်။ ဆက်ရေးပါနော်။

Unknown said...

အမေ့အတွက်လည်း စိတ်မကောင်းပါဘူး။
Rest In Peace ပါ

hailecadet said...

Find the best and most reliable casino game developer
A gambling website, 하남 출장샵 such as casino and bingo, 의왕 출장샵 offers the most unique and authentic casino games. There are thousands 파주 출장안마 of 의왕 출장안마 video 부천 출장마사지 poker sites available,