Thursday, July 12, 2012

တစ်ရက်ချစ်သူ

တစ်ရက်ချစ်သူ


လွမ်းဟာ အမှတ်သည်းခြေနည်းသူလို့ အပြစ်တင်လိုကလည်း တင်ကြပါစေတော့…


အသည်းနှလုံးနုနုလေးကို ကြိမ်ဖန်များစွာ ခံစားချက်ပြင်းပြင်း ရိုက်ခတ်ခံရတော့ ခံနိုင်ရည် စွမ်းရည်တွေ မရှိတော့တာအမှန်ပါ…


တစ်နေ့သောနေ့တစ်နေ့မှာ ဆိုဒ်တစ်ခုရဲ့ အလှူအတွက် အလှူငွေကို ခိုင်လေးတို့ အင်တာနက် ဆိုင်ကို သွားပေးခဲ့ပါတယ်…


ခိုင်လေးနဲ့ စကားပြောနေချိန်မှာ လူငယ်တစ်ယောက် ဆိုင်ထဲကို ဝင်လာတော့ ခိုင်လေးက ဒီမှာ မမလွမ်းနဲ့ စကားပြောနေတာ လို့ လှမ်းပြောလိုက်ပါတယ်…


လွမ်းကို ပြုံးပြီး မိတ်ဆက်ပါတယ်… ကျွန်တော့်နာမည် မောင်မောင်ပါ


နောက်တော့ လွမ်းအကောင့်နဲ့ ဖုန်းနံပါတ်ကို တောင်းလို့ ပေးလိုက်ပါတယ်…


Chatting မလုပ်ဘဲ ပုန်းနေတတ်တဲ့ လွမ်းရဲ့အကောင့်မှာ မောင်မောင့်နာမည်လေး စိမ်းနေရင် ပုန်းနေရာက လွမ်း လှမ်းပြောရင် ပျော်စရာ အရွှတ်အနောက်တွေနဲ့ ပြန်ပြောတတ်လို့ လွမ်းရဲ့ အပန်းဖြေချိန်လေးဟာ မောင်မောင်တစ်ယောက်ထဲအတွက် ဖြစ်လာခဲ့ပါတယ်…


လွမ်း စိတ်ညစ်လာရင် မောင်မောင်ဆီ လွမ်း ဖုန်းဆက်ပြောတတ်ပါတယ်…

မောင်မောင်က လွမ်းကို ရီစရာတွေပြောပြီး ဖြေသိမ့်ပေးတတ်ပါတယ်…


လွမ်း တစ်ခုခုကို ဒေါသဖြစ်ရင် မောင်မောင့်ဆီ ဖုန်းဆက်ပြောပါတယ်…

မောင်မောင်က လွမ်း ဒေါသတွေကို ပျောက်အောင် အာရုံလွှဲပြောင်းပေးတတ်ပါတယ်…


လွမ်း ဘာလုပ်ရမှန်းမသိဘဲ ပျင်းနေတဲ့အခါ မောင်မောင့်ဆီ ဖုန်းဆက်တတ်ပါတယ်…

မောင်မောင်က လွမ်း စိတ်ညစ်ရင်၊ လွမ်း ဒေါသဖြစ်ရင်၊ လွမ်း ပျင်းရင် ဖုန်းဆက်တတ်တာကို သတိထားမိနေပါတယ်…


လွမ်း အလုပ်တွေနဲ့ ရှုတ်နေလို့ ဖုန်းမဆက်တာ ရက်ခြားသွားရင်တော့ လွမ်းဆီကို SMS ပို့တတ်ပါတယ်…


ဒီတော့မှ လွမ်း မောင်မောင့်ဆီ ပြန်ဖုန်းဆက်ဖြစ်ပါတယ်…


မောင်မောင်က ညအိမ်အပြန်လမ်းမှာ လွမ်းကို ဖုန်းလှမ်းဆက်တတ်ပါတယ်…


အဲဒီအချိန်မှာ လွမ်းက အိပ်ရာက နိုးပြီး စကားပြန်ပြောရပါတယ်… ဘာလုပ်နေလဲ လို့ မေးရင် လွမ်း TV ကြည့်နေတာပေါ့ လို့ ညာပြောလိုက်ပါတယ်…


ဖုန်းဆက်တတ်တာ အချိန်ကြာလာတော့ ဖုန်းမလာရင် မျှော်တတ်တဲ့အကျင့်လေး ဖြစ်လာပါတယ်…


တစ်ခုသောညနေမှာတော့ မောင်မောင်က ထူးထူးဆန်းဆန်း တောင်းဆိုချက်တစ်ခုကို ပြောပါတယ်…



လွမ်း…ခုပြောမဲ့စကားကို လွမ်း သေချာနားထောင်ပေးနော်…လွမ်းနဲ့ ပတ်သက်ပြီး မောင်မောင် စာရေးဖို့ စိတ်ကူးထားတယ်…အဲဒီစာထဲမှာ လွမ်းနဲ့ မောင်မောင်နဲ့က ချစ်သူ…လွမ်းက စာရေးဆရာမဆိုတော့ လွမ်းကို စာမရေးရဘူးလို့ ချုပ်ချယ်တော့ လွမ်းက လက်မခံဘဲ မောင်မောင်နဲ့ လမ်းခွဲတာလေးကို ရေးချင်တာ…မောင်မောင့်ကို ရေးခွင့်ပေးမယ် မဟုတ်လား…

ရပါတယ် မောင်မောင်ရဲ့…ဇာတ်လမ်းရေးတာပဲ…ရေးပေါ့…မောင်မောင်ရဲ့ လွတ်လပ်ခွင့်ကို လွမ်း မချုပ်ချယ်ပါဘူး…

လွမ်းနာမည်ကို သုံးတာဆိုတော့ လွမ်း ခွင့်ပြုချက် လိုချင်တာလေ…

ဟုတ်ကဲ့ပါ…ရေးပါ…တကယ့်ချစ်သူတွေမှ မဟုတ်တာ…

ဇာတ်လမ်းအရ လွမ်းနဲ့ မောင်မောင်နဲ့က ချစ်သူဆိုတော့ လွမ်း မောင်မောင့်ကို ချစ်သူ တစ်ရက်လောက် လုပ်ပေးပါလား ဟင်

ဟင်…ဘယ်လို

မောင်မောင်က စာမရေးတတ်ဘူးလေ… လွမ်းကို ချစ်သူလိုနေပြီး ခံစားချက်နဲ့ ရေးချင်တာ…

အိုကေ…နားလည်ပြီ…လွမ်းက မောင်မောင့်ချစ်သူ တစ်ရက် လုပ်ပေးရမယ်ပေါ့…

ဟုတ်…

ဒီတော့ လွမ်းတို့ ချစ်သူနှစ်ယောက် ဘယ်အချိန်၊ ဘယ်နေရာမှာ တွေ့မလဲ

စနေနေ့ ၁၀-နာရီ လွမ်းနဲ့ တစ်နေရာမှာ ဆုံပြီး ကော်ဖီဆိုင်မှာ စကားပြောမယ်လေ…

ဒီလိုနဲ့ စနေနေ့မှာ ဆုံမဲ့ နေရာကို ဖုန်းဆက်ချိန်းပါတယ်…


လွမ်းကားနဲ့ စောင့်နေချိန်မှာ မောင်မောင်က Taxi နဲ့ ရောက်လာပါတယ်…


မောင်မောင် နာရီဝက်နောက်ကျပြီးမှ လွမ်းဆီ ရောက်လာတာပါ…

လွမ်းနဲ့ တကယ့်ချစ်သူဆိုရင် မောင်မောင့်ကို အမှတ်လျှော့ပြီ မှတ်

မောင်မောင်က လွမ်းပြောတာကို ပြုံးပြီး နားထောင်နေပါတယ်…T-Shirt အနက်ဝတ်ထားပြီး ဂျင်းဘောင်းဘီအဖြူရောင်နဲ့ မောင်မောင်က ကြည့်ကောင်းတဲ့ အမျိုးသားတစ်ယောက်ဆိုတာ လွမ်း ခုမှ သေချာကြည့်ဖြစ်ပါတယ်…


မောင်မောင်ပြောတဲ့ ကော်ဖီဆိုင်ကို ကားကို ပြန်လှည့်မောင်းလိုက်ပါတယ်…


မောင်မောင်က ဆိုင်တွင်းကို ဦးဆောင်ဝင်သွားပြီး နှစ်ဦးတည်း သီးသန့်စားပွဲလေးကို ခေါ်သွားပါတယ်…


မောင်မောင်က ကော်ဖီမှာပြီး လွမ်းက လ္ဘက်ရည် မှာပါတယ်…


နောက်တော့ မောင်မောင်က လွမ်း စာအကြောင်းတွေနဲ့ ပတ်သက်ပြီး မေးပါတယ်…

လွမ်းက လွမ်းရေးထားတဲ့ စာတွေ တစ်ခုချင်းအလိုက် ဘယ်လို ခံစားရေးထားတယ်ဆိုတာကို ဖြေပါတယ်…


နောက်တော့ မောင်မောင်က လွမ်းမျက်နှာကို သေချာစိုက်ကြည့်ပြီး
ဒီနေ့တစ်ရက် လွမ်းကို မောင်မောင်ချစ်တယ်…လွမ်း လက်ခံလား

မောင်မောင့်မျက်နှာကို လွမ်းလည်း ပြန်စိုက်ကြည့်ပြီး
လွမ်းလည်း မောင်မောင့်ကို ချစ်ပါတယ်…

လွမ်းပြောတာက အသက်မပါသလိုပဲ…ဇာတ်လမ်းထဲမှာ လွမ်းနဲ့ မောင်မောင်က ချစ်သူလေ…

မောင်မောင်က လွမ်းချစ်တာကို မယုံဘူးလား… မောင်မောင်ယုံအောင်လွမ်း ဘယ်လိုပြောရမလဲ

မောင်မောင်က လွမ်းကို ချစ်တာကြာပြီ…၂-နှစ်‌တောင် ရှိပြီ…မောင်မောင့်အချစ်က လွမ်း တစ်ယောက်ကိုပဲ သစ္စာရှိရှိ ချစ်နေတယ်ဆိုတာ လွမ်း ယုံတယ် မဟုတ်လား

ယုံပါတယ်… မောင်‌မောင်ကသာ လွမ်းကို မယုံတာ…

လွမ်း…မောင်မောင့်ကို ဖုန်းဆက်တတ်တာ…ကြာလာတော့ လွမ်း ဖုန်းဆက်မှာကို မျှော်တတ်လာတယ်…

လွမ်းလည်း မောင်မောင့်လိုပါပဲ…မောင်မောင့်ဆီက Message မရရင် ဘာဖြစ်လို့ပါလိမ့်လို့ မျှော်နေတတ်တာလေ…

စကားတွေပြောပြီး ဆိုင်က ပြန်ထွက်လာတော့ လွမ်းကားနဲ့ မောင်မောင်လိုက်လာပြီး မောင်မောင်က သူ့သူငယ်ချင်းနဲ့ ချိန်းထားတဲ့ လှည်းတန်းမှာ ရပ်ခိုင်းပါတယ်…


လွမ်းကို တစ်ချက်စိုက်ကြည့်ပြီး လွမ်းနဲ့ ခွဲရမှာတောင် မခွဲချင်ဘူး လို့ ပြောတော့


လွမ်းလည်း မောင်မောင့်လိုပါပဲ…မောင်မောင် လွမ်းနားက ခွဲထွက်မှာကို မလိုလားပါဘူး…


ဒီနေ့ပြီးလို့ နောက်ရက်မှာ မောင်မောင်တို့က ပုံမှန်သူငယ်ချင်းတွေ ပြန်ဖြစ်သွားပြီနော်… ဒီည စာရေးဖြစ်မှာပါ… စာရေးပြီးရင် မောင်မောင်ကိုယ်တိုင် ဖတ်ပြမယ်နော်…


နောက်တစ်ရက်မှာ မောင်မောင်က ဖုန်းဆက်ပြီး သူရေးထားတဲ့ ဇာတ်လမ်းလေးကို ဖတ်ပြပါတယ်…


မောင်မောင်က ဆက်ပြောပြပါတယ်…မောင်မောင်မှာ ချစ်သူရှိကြောင်း…လွမ်းနဲ့ ဇာတ်လမ်းရေးမယ်ဆိုတာ ချစ်သူကို ပြောပြပြီးဖြစ်ကြောင်း ပြောပြပါတယ်…


မောင်မောင်ပြောတဲ့စကားများကို နားထောင်ပြီး ရင်ထဲမှာ နာကျင်ခံစားနေရပါတယ်…


တစ်ရက်ချစ်သူလုပ်ဖို့ လွမ်း နှလုံးသားကို ရင်းပြီး ခံစားလိုက်တယ်ဆိုတာ မောင်မောင်သိမှာ မဟုတ်ပါဘူး…


အချစ်ဆိုတာကို လွမ်း မသိချင်တော့ပါ…


ဒီစာလေးကို ရေးပြီး မောင်မောင့်ကို နာကြည်းစွာနဲ့ မေ့ပစ်လိုက်ပါပြီ…


လွမ်းကို နာကျင်ခံစားရအောင် လာမလုပ်ဖို့ တောင်းပန်ပါရစေ…


လွမ်းမှာ ခံနိုင်စွမ်းရည် မရှိတော့လို့ပါ…


အရာရာဟာ ပြီးဆုံးသွားခဲ့ပါပြီ…



ဖိုးကာရဲ့ သီချင်းလေးက လွမ်းခံစားချက်ကို ဖော်ပြနေသလိုပါပဲ…
 
 
 
လွမ်းဧကရီ
၀၈-၀၇-၂၀၁၂
ည ၇:၄၀ နာရီ

No comments: