မပြိုင်သင့်ခဲ့သော ပြိုင်ပွဲ
သိမ့် မောင့်ကို ချစ်တယ်လို့ အဖြေပေးပြီးတဲ့နောက်မှာ ချစ်သူရည်းစားဘ၀နဲ့  ပျော်နေခဲ့တယ်...
အတူသွား၊ အတူလာနေရင်းနဲ့ မှ မောင့်မိသားစုလေး အကြောင်းသိလာရတယ်...
မောင်တို့ မိသားစုက နယ်မြို့ လေးမှာ ချမ်းသာတဲ့မိသားစုမှန်း သိလာရတယ်...
သိမ့်...မောင့်ကိုအဖြေပေးခဲ့စဉ်က မောင့်မိသားစု အကြောင်းကို ထည့်မစဉ်းစားခဲ့ရိုး အမှန်ပါ...
သိမ့်မိသားစုက ၀န်ထမ်းမိသားစုဆိုတော့ မိသားစုအသိုင်းအ၀ိုင်းနှစ်ခုက မတူကြဘူး...
ပထမအဆင့် အနေနဲ့ သိမ့်တို့ တိုင်ပင်ပြီး သိမ့်နဲ့ မောင် ချစ်နေကြကြောင်းကို နှစ်ဖက်မိဘကို အသိပေးကြတော့ သိမ့်မိဘတွေက အလုပ်အကိုင် အတည်တကျဖြစ်ပြီးမှ လက်ထပ်စေချင် တယ်...
မောင့်မိဘတွေကတော့ ထုံးစံအတိုင်း ချမ်းသာတဲ့မိသားစုအသိုင်းအ၀ိုင်းက မိန်းခလေး တစ်ယောက်နဲ့  မောင့်ကို လက်ဆက်ပေးဖို့  ကြိုးစားခဲ့ကြသေးတယ်...
မောင်က သိမ့်ကလွဲပြီး ဘယ်သူနဲ့ မှ လက်မထပ်နိုင်ဘူးလို့  မောင့်မိဘတွေကို ကျေညာတဲ့အတွက် မောင့်မိဘတွေက ဘာမှ မတတ်သာတော့တာလေ...
ဒီအကြောင်းလေးကို သိလိုက်ရတဲ့ သိမ့်စိတ်ထဲ ပထမဆုံးအကြိမ် မောင့်မိဘတွေအပေါ် စိတ်ကွက်မိတာတော့ အမှန်ပါ...
သိမ့်မိဘကတော့ သိမ့်ကို ပညာပေးပြီးပြီ...ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ်...
သိမ့်အိမ်ထောင်ရေးအတွက် သိမ့်ဖာသာ ဖန်တီးနိုင်ရမယ်...
သိမ့်ချစ်သူထားတဲ့အပေါ် ကန့် ကွက်တာမရှိဘူး... ဒါပေမဲ့ သိမ့်ချစ်သူဟာ အိမ်ထောင်ရေးမှာ ဦးစီးဆောင်ရွက်နိုင်တဲ့သူတော့ ဖြစ်စေချင်တယ်...
ဒီတော့ သိမ့်နဲ့ မောင် နှစ်ယောက်လုံး အလုပ်ရှာကြတယ်... အလုပ်ကိုယ်စီရတော့ ငွေစုခဲ့ကြတယ်...
နှစ်ယောက်တိုင်ပင်ပြီး အိမ်ထောင်အတွက် လိုအပ်တဲ့ပစ္စည်းလေးတွေ ၀ယ်စုထားကြတယ်...
မောင်နဲ့ သိမ့်တို့ ရဲ့ ချစ်သက်တမ်း လေးနှစ်ကြာပြီးမှ လက်ထပ်ဖို့  ဆုံးဖြတ်ခဲ့ကြပါတယ်...
ဒုတိယအဆင့်အနေနဲ့  နှစ်ဖက်မိဘကို သိမ့်တို့  လက်ထပ်ချင်တဲ့အကြောင်း ဖွင့်ပြောခဲ့ကြတယ်...
မောင့်မိဘက သိမ့်မိဘတွေကို လာပြီး စကားကြောင်းလမ်းပါတယ်...
မောင့်မိဘက လက်ထပ်ပွဲအခန်းအနားအတွက်တော့ တာဝန်ယူပေမဲ့ ကျန်တာတွေ တာဝန်မယူတော့တဲ့အကြောင်း၊ သားအိမ်ထောင်ကျသွားတဲ့အတွက် မိမိအိမ်ထောင်ရေးကို မိမိဖာသာ
တာဝန်ယူရမဲ့အကြောင်းတွေကို ပြောပါတယ်...
သိမ့် ဒုတိယအကြိမ် မောင့်မိဘအပေါ် အမြင်မကြည်လင်ခဲ့ပါဘူး...
သိမ့်မိဘက သိမ့်ကို အိမ်ထောင်ပြုရင် သီးသန့် အိမ်ခွဲနေဖို့  ပြောပါတယ်...
သိမ့်နဲ့ မောင် နှစ်ယောက်တိုင်ပင်ပြီး အိမ်ငှားဖို့ ရှာရတယ်... ငွေစုငွေချေးက ငွေချေးပြီး အိမ်ထောင်ပစ္စည်းတွေ ၀ယ်ထည့်ကြတယ်...
အားလုံးအဆင်သင့်ဖြစ်တော့ နှစ်ယောက်သား လက်ထပ်ပွဲအခန်းအနားအတွက် စုံစမ်းစီစဉ်ခဲ့ကြပါတယ်...
ဘ၀ကို နှစ်ယောက်သားထူထောင်ဖို့ အတွက် မမောနိုင်၊ မပန်းနိုင် ပါပဲ...
လက်ထပ်ပွဲကို နှစ်ဖက်မိဘ စုံညီစွာနဲ့ ကျင်းပပြီးစီးခဲ့ပါတယ်...
မောင့်မိဘက သူတို့ က နယ်မှာနေတာဖြစ်တဲ့အတွက် သိမ့်မိဘတွေကို မောင့်ကို သားအဖြစ် အပ်ခဲ့ပါတယ်လို့  ပြောတယ်လေ...
မောင်က သိမ့်ကိုချစ်တဲ့အတွက် သိမ့် ပျော်ခဲ့ရပါတယ်...
မောင်က အညာသားဆိုတော့ လ္ဘက်အရမ်းကြိုက်တယ်... ညတိုင်း သုတ်စားပြီး စာဖတ်လေ့ ရှိတယ်...
မောင့်အမေက သူ့ သားအကြိုက်သိတော့ လ္ဘက်နှပ်ထားပြီးသားကို အမြန်ချောနဲ့ ပို့ ပေးတယ်...
မောင်က ည လ္ဘက်စားရင် သိမ့်ကို စားဖို့ ခေါ်တယ်... သိမ့်က အိပ်မရမှာစိုးတယ်လို့  အကြောင်းပြပြီး မစားဘူး... အမှန်တော့ ယောက္ခမပို့ တာကို မစားဘူးဆိုတဲ့စိတ်နဲ့ လေ...
မောင်ကတော့ မသိပါဘူး...
နောက် မောင့်မိဘတွေက ဆွေပြမျိုးပြလာခဲ့ဖို့  ခေါ်တာနဲ့  မောင်နဲ့  လိုက်သွားပါတယ်...
သိမ့်..ပထမဆုံး မောင့်မိဘအိမ်ကို ရောက်ဖူးတာပါပဲ... သိမ့်ကို အရမ်းဂရုစိုက်ပါတယ်...
မောင်က သိမ့်မိဘတွေကို လက်ထပ်ပြီးနောက်ပိုင်း မေမေ၊ ဖေဖေ လို့ ပြောင်းခေါ်ခဲ့ပါတယ်...
သိမ့်ကလဲ မောင့်မိဘကို အမေ၊ အဖေလို့ ခေါ်ခဲ့ပါတယ်...
ညကျ မောင့်အမေက သားသမီးတွေထဲမှာ မောင်က အဝေးရောက်နေတဲ့သားမို့  အချစ်ပိုကြောင်း၊
သူတို့ ဆီကို တစ်နှစ်တစ်ခေါက် လာရမယ်ဆိုတဲ့အကြောင်း၊ သားကလဲ အမေကို အရမ်းချစ်တဲ့ အကြောင်း ပြောတော့ မောင်က ပြုံးနေခဲ့ပါတယ်...
သိမ့်စိတ်ထဲ တတိယအကြိမ် မောင့်မိဘအပေါ် စိတ်ကွက်မိပြန်ရော...
အဲဒီ့ညက မောင်နဲ့  ရန်ဖြစ်ပါတယ်... သိမ့်...မောင့်ကိုမေးတယ်...
မောင့်အမေနဲ့ သိမ့် ဘယ်သူ့ ကိုပိုချစ်လဲ လို့  .... မောင်က မတူတဲ့အချစ်ကို မနှိုင်းယှဉ်ပါနဲ့  လို့  ပြောပါတယ်... သိမ့်ကတော့ မောင့်ကို ပြောပါတယ်...မောင့်ကို လက်ထပ်တာ သိမ့်မိဘတွေထက် မောင့်ကို ပိုချစ်လို့ လို့ ...
မောင်က လုံးဝမဖြေဘူး... သိမ့်ကို မောင်အရမ်းချစ်တာ သိသားနဲ့  ဘာလို့ ဒီလိုမေးတာလဲ ဆိုပြီး ပြောတယ်... သိမ့် မောင့်ကို စိတ်ဆိုးခဲ့တယ်...
တစ်နှစ်အကြာမှာ သိမ့်တို့ ကလေးယူဖို့  တိုင်ပင်ကြတယ်...
သိမ့် ကိုယ်ဝန်ရတော့ မောင် အရမ်းပျော်နေတယ်...
အဲဒီအချိန်မှာ မောင့်မိဘတွေကလဲ သူ့ သားကိုတွေ့ ချင်လို့  လှမ်းခေါ်တယ်... တစ်နှစ်တစ်ခေါက်လာမယ်လို့ ပြောထားတဲ့ ကတိကိုလဲ မောင်က မဖျက်ချင်ဘူး...
သိမ့်က ကိုယ်ဝန်ရစဆိုတော့ ဆရာဝန်က ခရီးမထွက်ဖို့  တားတယ်... ဒီတော့ သိမ့် လိုက်မသွားဖို့  ဆုံးဖြတ်လိုက်တယ်... ဒါပေမဲ့ သိမ့် မောင့်ကို ကတိတောင်းတယ်... ၇-ရက်ပြည့်တဲ့နေ့ မှာ သိမ့်နားကို မောင်ပြန်ရောက်ရမယ် လို့ ... မောင်ကလဲ ပြန်လာခဲ့ပါ့မယ် လို့  ကတိပေးတယ်...
အမှန်တော့ မောင့်အမေက လာရင် နှစ်ပတ်လောက် နေစေချင်တာလေ...
သိမ့်ကလဲ မောင့်ကို တစ်ပတ်ပဲ နေပြီး ပြန်လာရမယ်လို့  တမင်ပြောလိုက်တာ...
မောင့်ကို အမေနဲ့ မိန်းမ ဘယ်သူ့ ကို ပိုချစ်လဲလို့ သိချင်တာ...
သိမ့် ပြိုင်ပွဲလေးတစ်ခု စတင်လိုက်တာပဲ...
သိမ့် မျှော်လင့်ထားတဲ့အတိုင်း ၇-ရက်မြောက်နေ့ မှာ မောင်ပြန်ရောက်လာခဲ့တယ်...
သိမ့် ပျော်သွားတယ်... မောင့်အမေ သူ့ သားကို ဆွဲထားလို့  မရပါဘူးပေါ့...
ညကျ မောင်ဖုံးဆက်နေသံကြားတယ်... စိတ်ပူပြီး ပြောနေသံပဲ...
သိမ့်လဲ မနေနိုင်လို့  မေးကြည်တော့မှ မောင် ပြန်မလာခင် ညမှာ မောင်တို့ နယ်က ဈေးကြီးမှာ မီးလောင်တာတဲ့လေ... မောင့်မိဘတွေ ဆိုင်ခန်းရှိတော့ တစ်ညလုံး ဆိုင်က ပစ္စည်းတွေ
ရွှေ့ ကြရတာတဲ့...
မောင့်အမေက နှလုံးရောဂါရှိတယ်... မူးလဲတော့ ဆရာဝန်ကို ခေါ်လိုက်ရတာတဲ့... ည ၁၁-နာရီမှ မီးငြိမ်းသွားတာတဲ့လေ... မောင်က ပြန်ဖို့ လက်မှတ်က ၀ယ်ထားပြီးသားလေ...
မောင်က မပြန်တော့ဘူးဆိုပြီး မောင့်အမေကိုပြောတော့ သား...အမေ နေကောင်းပြီ...စိတ်မပူနဲ့ တော့... သမီးက ပြန်လာခဲ့ဖို့ ခေါ်ထားတာဆို... ကိုယ်ဝန်နဲ့ ဆိုတော့ တစ်ယောက်တည်း အားငယ်နေမယ်... ပြန်လိုက်ပါ သား..လို့  ပြောတယ်တဲ့လေ... မောင့်အမေက မမြင်ရသေးတဲ့ မြေးအတွက်ပါ စိုးရိမ်နေခဲ့တာတဲ့လေ...
ဒါနဲ့  မောင်က နောက်ဆံတင်းပြီး ပြန်လာခဲ့တာတဲ့...
သိမ့် ဒီအကြောင်းလေး ကြားလိုက်တော့ မပြိုင်သင့်တဲ့ ပြိုင်ပွဲတစ်ခုကို သိမ့်ပြိုင်လိုက်မိပြီ ဆိုတာ သိလိုက်ရပါတယ်...
မိဘက သားသမီးအပေါ်ထားတဲ့မေတ္တာကို သိမ့်အချစ်နဲ့  မနှိုင်းယှဉ်သင့်ပါဘူး...
သိမ့်လဲ မကြာခင် မိခင်တစ်ယောက်ဖြစ်လာတော့မှာလေ...
တုနှိုင်းမယှဉ်နိုင်သော မိဘမေတ္တာကို သိမ့်နားလည်ခံစားတတ်ပါပြီ...
လွမ်း
၆-၈-၀၉
ည ၇း၅၂
No comments:
Post a Comment