မြစ်တစ်စင်းရဲ့
အလင်္ကာ
ကဗျာတွေနဲ့
ခရီးဆက်ချင်တယ်…။
ဟော့ဒီမြစ်ကြီးရှိနေသ၍
သက်တံ့တွေမကုန်ဆုံးဘူး…။
မြစ်ကြီးထဲမှာ
မြစ်လက်တက်လေးတစ်ခု စီးဝင်ခွင့်ပြုပါ…။
အဲ့ဒီမြစ်လေးကနေ
မြစ်ကြီးရဲ့အသက်
ရှင်သန်နေခဲ့တာပဲလေကွယ်
မြစ်ကြီးဆိုတဲ့ဝေါဟာရက
မြစ်လေးမရှိရင် ဘာအဓိပ္ပါယ်ရှိအုန်းမှာလဲ…။
မြစ်ကြီးစီးဆင်းရှင်သန်နေဖို့
မြစ်လက်တက်လေးက
အမြဲထာဝရစီးဝင်နေမှာပါ…။
လှပတဲ့တောင်တန်းတွေ ညီညာနေ
ဟော့ဒီ မြစ်လက်တက်လေးတွေကြောင့်ဆိုတာ
မင်းငြင်းအုန်းမှာလား…။
တိမ်ပြာပြာအောက်က
တောင်တန်းတွေအလှကို ခံစားရင်း
ဘဝမှာ နေပျော်ချင်ပါတယ်…။
အဲ့ဒါ ပန်းချီကားတစ်ချပ်ရဲ့
အလှကို မင်းလှမ်းမြင်လိုက်တာပဲ
အဲ့ဒီ ပန်းချီကားကို အပြာရောင်တွေနဲ့
ရေးဆွဲလိုက်ကြမယ်
မြစ်တစ်စင်းရဲ့ အလင်္ကာအောက်မှာ
ရှုမျှော်ခင်းတွေ ရှည်လျားနေမှာပါ…။
အပြာရောင်ပန်းချီကားထဲမှာ
အသည်းနှလုံးအနီစက်လေးတစ်ခု
ထည့်ဆွဲမယ်…။
အနီရောင်မြစ်ထဲ
အပြာရောင်တိမ်တိုက်တွေ ဆင်းသောက်
ချစ်သူတွေ ထာဝရရှင်သန်မှုတွေနဲ့
စီးဆင်းလို့
တစ်ချို့ ရေဆင်းချိုး
တစ်ချို့ ရေဆင်းခတ်
တစ်ချို့ချို့ မြစ်ကမ်းဘေးမှာ
ထိုင်နေလိမ့်အုန်းမယ်…။
စီးဆင်းနေတဲ့ မြစ်ရဲ့အနားသတ်
ကမ်းစပ်တွေကို
လွမ်းမောမှုတွေ မတိုက်စားဘဲ
ဆက်လက် စီးမြောနေချင်တယ်
မြစ်ကမ်းစပ်ရဲ့တစ်ဖက်မှာ
အထီးကျန်မှု အလွမ်းတွေနဲ့
ငေးမောထိုင်နေရလို့ပါ…။
ဒါကို အထီးကျန်ခြင်းလို့
မဆိုလိုက်ပါနဲ့လားကွယ်
ပန်းတွေဖူးပွင့်ဖို့ အညတရလေညှင်းက
ဝတ်မှုံကူးခြင်းနိယာမနဲ့
တိုက်ခတ်ပေးနေတာပါ
လရောင်က ဘာမှမပိုင်ပေမဲ့
လရောင်ကို မြတ်နိုးနေကြတယ်လေ…။
လေညှင်းလေးတွေရယ်
လရောင်လေးတွေရယ်
ပန်းရနံ့လေးတွေရယ်
ရေစီးအသံလေးတွေရယ်
တသွင်သွင် စီးဆင်းနေလိုက်ကြတာပေါ့…။
တိမ်ပြာ + လွမ်း
၀၉-၀၈-၂၀၁၀
ညနေ ၄-နာရီ