Wednesday, November 18, 2020

မုန့်လက်ကောက်ပြုလုပ်နည်း

 

မုန့်လက်ကောက်ပြုလုပ်နည်း

 

ကျနော်က မုန့်လက်ကောက်လုပ်ရာမှာ မွှေးကောက်ညှင်းမှုန့်ကို အသုံးပြုပါတယ်။

မွှေးကောက်ညှင်းမှုန့်တစ်ထုတ်တွင် ပေါင်းအိုးဆန်ချိန်ခွက် ၂-ခွက်ရှိပါတယ်။


ဇလုံထဲမှာ မွှေးကောက်ညှင်းမှုန့်တစ်ထုတ်၊ Glutinous Rice Flour ကို ဆန်ချိန်ခွက်တစ်ဝက်၊ ဆား လ္ဘက်ရည်ဇွန်းတစ်ဝက်၊ Baking Soda ½ Teaspoon၊ ဆီ စားပွဲတင်ဇွန်းနဲ့ တစ်ဇွန်း ထည့်ပြီး မွှေပေးပါတယ်။ ရေကို ဆန်ချိန်ခွက်နဲ့ နည်းနည်းချင်းထည့်မွှေပေးပါတယ်။ ရေကို ခွက်လက်တစ်လုံးလျော့ ထည့်ပေးရင် လုံလောက်ပါပြီ။ မုန့်သားကို အိနေအောင် လက်နဲ့ မွှေပေးပါမယ်။

မွှေထားပြီး မုန့်သားကို ၂-နာရီခန့် နှပ်ထားပေးရပါမယ်။

၂-နာရီကြာလျှင် ဒယ်အိုးထဲ ဆီထည့်ပြီး ပူလာအောင်စောင့်ရပါမယ်။ ဆီပူလာလျှင် မီးအရှိန်ကို လျှော့ထားပေးရပါမယ်။ ဆီကို နေကြာဆီ အသုံးပြုပါတယ်။

နှပ်ထားမုန့်သားကို လက်နှစ်ဖက်ဖြင့် လှိမ့်ပြီး အကွင်းပုံစံလုပ်ပြီး ဆီပူထဲထည့်ပြီး ကြော်ပေးပါမယ်။ 



 

ကျနော်ကတော့ ကြော်နေစဉ်အတွင်း အကွင်းလေးထဲသို့ ဓါးဖြင့်ထိုးပေးပြီး ကြော်ပါတယ်။ အတွင်းသားများ ကျက်ရန်အတွက် ဖြစ်ပါတယ်။


ကြော်စားရန်လွယ်ကူတဲ့ မုန့်တစ်မျိုးဖြစ်လို့ မုန့်တွင် ထည့်ရမဲ့ အချိုးအစားများကို သိစေရန် ရည်ရွယ်ပြီး ဝေမျှပေးတာပါ။

သူငယ်ချင်းများအားလုံး ကိုယ်တိုင် ကြော်ချက်ပြီး စိတ်တိုင်းကျကြပါစေ။

 

လွမ်းဧကရီ

၁၈-၁၁-၂၀၂၀

နေ့လည် ၁၂:၃၅ နာရီ

Wednesday, November 11, 2020

ဝက်သားပေါက်စီပြုလုပ်ခြင်း

 

ဝက်သားပေါက်စီပြုလုပ်ခြင်း

 

၁၁-၁၁-၂၀၂၀ ဗုဒ္ဓဟူးနေ့

ဒီနေ့ ဝက်သားပေါက်စီလေး လုပ်ဖြစ်ပါတယ်။

ပေါင်မုန့်လုပ်နေကျဖြစ်နေတော့ ပေါက်စီပြုလုပ်နည်း Video တွေ ကြည့်တဲ့အခါ လုပ်ရလွယ်ကူတာနဲ့ လုပ်ဖြစ်လိုက်တာပါ။

ကျနော်ကတော့ ပေါင်မုန့်လုပ်တဲ့နည်းအတိုင်း ဂျုံမှုန့် ဆန်ချိန်ခွက်နဲ့ နှစ်ခွက်ထဲကို ဆား ¼ Teaspoon, သကြား 1 Tablespoon, Yeast 1 Tablespoon, ဆီ 1 Tablespoon, ကြက်ဥအကာတစ်လုံး ထည့်ပြီး သမအောင် မွှေပါတယ်။ နောက်မှ ရေကို နည်းနည်းချင်း ထည့်ပြီး နယ်လို့ရတဲ့အနေအထားအထိပဲ ထည့်ပါတယ်။

ပေါင်မုန့်နယ်သလိုပဲ နယ်ပေးပြီး တစ်နာရီ အဖုံးအုပ်ထားပါတယ်။

တစ်နာရီအကြာမှာ ဂျုံက နှစ်ဆပွနေပြီး အနည်းငယ်နယ်ပေးပြီး ဂျုံကို အလုံးလေးတွေ လုပ်ပြီး ၁၅-မိနစ်ခန့် အဝတ်အုပ်ပေးထားပါတယ်။ ၅-လုံး ပြုလုပ်ထားပါတယ်။


၁၅-မိနစ်ထားပြီးနောက်မှာ တစ်လုံးချင်း ဒလိမ့်တုံးနဲ့ အပြားဝိုင်းပြုလုပ်ပါတယ်။ ကျနော်ကတော့ ကြိတ်ထားတဲ့ဝက်သားကို ကြက်သွန်နီ၊ ပဲငံပြာရည်အကြည်တို့နဲ့ အနည်းငယ်ကျက်အောင် ဆီနဲ့ကြော်ထားတာကို ဂျုံပြားပေါ်မှာ ထည့်ပြီး Video မှာ ပြထားတဲ့အတိုင်း ပြုလုပ်ပါတယ်။


 

အိမ်မှာက Multi Cooker ရှိလို့ အဆင်ပြေပါတယ်။ အိုးထဲရေထည့်ပြီး ပေါင်းအိုးခွက်ထဲကို ဂျုံလုံးလေးတွေအောက်မှာ စက္ကူခံပြီး ထည့်ပါတယ်။



 

Multi Cooker ရဲ့ Menu မှာ Cake/Bread ကို ရွေးပြီး Timer ကို မိနစ်-၃၀ ထားပါတယ်။

မိနစ်-၃၀ အကြာမှာတော့ ဝက်သားပေါက်စီလေးတွေ ရပါပြီ။


စမ်းသပ်အောင်မြင်ကြပါစေ။

 

 

လွမ်းဧကရီ

၁၁-၁၁-၂၀၂၀ ရက်နေ့

ညနေ ၄:၀၀ နာရီ

Monday, June 29, 2020

ပေါင်မုန့်ပြုလုပ်နည်း


ပေါင်မုန့်ပြုလုပ်နည်း

ပေါင်းအိုးဆန်ချိန်ခွက်နဲ့ ဂျုံနှစ်ခွက်ထဲကို Instant Yeast 1 tbsp, သကြား 2 tbsp, ဆား ¼ tbsp ထည့်ပြီး နှံ့အောင် နယ်ပါမယ်။ (tbsp = Table Spoon) 
 



ဆီ 2 tbsp နဲ့ ကြက်ဥတစ်လုံး ဖောက်ထည့်ပြီး မွှေပါမယ်။ 



ထောပတ်ခဲ အနည်းငယ်ကို အပူပေးပြီး ထောပတ်ဆီပြုလုပ်ထားပါမယ်။ လွမ်း အသုံးပြုတဲ့ ထောပတ်ပါ။


ဂျုံကို နယ်သည့်အခါ စီးကပ်နေသည့်အနေအထားရအောင် ရေအနည်းငယ်ထည့်ပြီး ထောပတ်ဆီ ထည့်နယ်ပါမယ်။ ၁၀-မိနစ်ခန့် ဂျုံကို နယ်ပြီးလျှင် ဆီသုတ်ထားတဲ့ခွက်ထဲ ထည့်ပြီး အဖုံးအုပ်ထားပါမယ်။


တစ်နာရီခန့်ကြာလျှင် ဂျုံက နှစ်ဆမျှ ပွနေတာကို တွေ့ရပါမယ်။



ဂျုံကို လက်ဖနောင့်နဲ့ နယ်ပေးပြီး အပြားပြုလုပ်ပြီး ဓားနဲ့ ပိုင်းပါမယ်။



ဂျုံတစ်ခုချင်းစီကို အပြားပြုလုပ်ပြီး လိပ်ပါမယ်။ ဒီအဆင့်ထိ ပေါင်မုန့်လုပ်နည်းမှာ တူညီ ပါတယ်။



အခု ပေါင်မုန့်လုပ်နည်းကို စက်နှစ်မျိုးနဲ့ လုပ်ပြပါမယ်။


Multi Cooking Modes ပါတဲ့ Rice Cooker နဲ့ ပေါင်မုန့်ပြုလုပ်မည်ဆိုလျှင် ပုံတွင်ပြထားသည့် အတိုင်း အိုးထဲသို့ ထည့်ပါမည်။



၁၅-မိနစ်ကြာလျှင် အိုးထဲတွင် ပုံတွင်ပြထားသည့်အတိုင်း ပွလာတာကို တွေ့မြင်ရပါမယ်။



ပေါင်မုန့်အပေါ် မျက်နှာပြင်ကို ခေါက်ထားတဲ့ ကြက်ဥအနှစ်ကို ပလပ်စတစ်သုတ်တံနဲ့ သုတ်လိမ်း ပေးပါမယ်။


စက် Menu ကို Cake/Bread ရွေးချယ်ပြီး 35-minutes ထားပါမယ်။




အချိန်ပြည့်သွားလျှင် ပုံတွင်ပြထားသည့်အတိုင်း ကျက်သွားတာကို တွေ့မြင်ရပါမယ်။



ပေါင်မုန့်အောက်ခံပုံပါ။



ပေါင်မုန့်ကို ဆွဲဖဲ့ကြည့်လျှင် ပုံတွင်မြင်ရသည့်အတိုင်း တွေ့ရပါမယ်။





Electric Oven နဲ့ ပေါင်မုန့်ပြုလုပ်မည်ဆိုလျှင် Microwave တွင် အသုံးပြုနိုင်သော ဖန်ပုဂံကို အသုံးပြုရပါမယ်။ လိပ်ထားသောဂျုံများကို ပုံတွင်ပြထားသည့်အတိုင်း အလုံးပုံစံလုံးပြီး ဖန်ပုဂံထဲတွင် စီထည့်ပါမယ်။



စက်ထဲတွင် ၁၅-မိနစ်ထားလျှင် ပွလာတာကို တွေ့မြင်ရပါမယ်။



ပေါင်မုန့်အပေါ်မျက်နှာပြင်ကို ကြက်ဥအနှစ် သုတ်လိမ်းပေးပါမယ်။

180-degree အထက်မီး၊ အောက်မီးနဲ့ ၁၈-မိနစ်ထားပါမယ်။ ပေါင်မုန့်ထည့်ထားတဲ့ ဖန်ပုဂံကို Electric Oven ရဲ့ အောက်ဆုံးထပ်မှာရှိတဲ့ Pan ပေါ်တွင် တင်ထားပါမယ်။





ပထမ ၁၈-မိနစ်အပြီး တွေ့မြင်ရတဲ့ ပေါင်မုန့်ပါ။ ဘက်လှည့်ပြီး ပြန်ထည့်၍ ၇-မိနစ်ထားပါမယ်။




ကျက်ပြီးသွားတဲ့ အနေအထားပါ။





ပေါင်မုန့်ကို ဖဲ့ကြည့်လျှင် ပုံတွင်မြင်ရသည့်အတိုင်း တွေ့မြင်ရပါမယ်။




သကြားနှစ်ဇွန်းက မချိုပါ။ အချိုကြိုက်လျှင် ပိုထည့်နိုင်ပါတယ်။

ရေအစား နွားနို့ကိုလည်း ထည့်နိုင်ပါတယ်။ နို့အရသာကြိုက်လျှင် နွားနို့အစား နို့မှုန့်ကို အသုံးပြုနိုင်ပါတယ်။

အားလုံး အဆင်ပြေကြပါစေ။




လွမ်းဧကရီ

၂၉-၆-၂၀၂၀

ည ၁၁:၁၄ နာရီ