တစ်ချိန်က
အကြောင်းလေး
လူတိုင်းမှာ အတိတ်က အကြောင်းလေးတွေ
ရှိတတ်ကြစမြဲပါ။
အတိတ်ဆိုတာ အမှတ်တရဖြစ်စရာ
အကြောင်းအရာတွေ ရှိသလို၊ အမှတ်တရ မဖြစ်ချင်တော့တဲ့ အကြောင်းအရာတွေလည်း
ရှိတတ်ကြမှာပါ။
ဒါပေမဲ့ တစ်စုံတစ်ရာသော
အကြောင်းအရာများကြောင့် တိုက်ဆိုင်မှုတွေ ရှိလာတိုင်း အတိတ်က အဖြစ်အပျက်တွေ၊
အကြောင်းအရာတွေကို ပြန်ပြောင်း အောင်းမေ့ သတိတရ ဖြစ်ကြရပါတယ်။
လွမ်းမှာလည်း သတိတရ
အောင်းမေ့တမ်းတရတဲ့ အတိတ်က ဇာတ်လမ်းလေးတစ်ပုဒ် ရှိခဲ့ဖူးပါတယ်။
လွမ်း စက်မှုတက္ကသိုလ်က
ကျောင်းပြီးတော့ ကျောင်းက Mechanical Department မှာပဲ ယာယီဆရာမအဖြစ်
ပြန်လုပ်ခဲ့ပါတယ်။
အဲဒီ့အချိန်မှာ မောင်က
သင်္ဘောလိုက်ဖို့ ကြိုးစားနေပါတယ်။
ကျောင်းပြီးမှပဲ လွမ်းနဲ့ မောင် ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ တစ်ကျောင်းထဲ အတူတူ တက်ခဲ့ပေမဲ့ ကျောင်းနေစဉ်တုန်းက ချစ်သူမဖြစ်ခဲ့ပါဘူး။
ချစ်သူဖြစ်တာနဲ့ နှစ်ဖက်မိဘ
အသိပေးပြီး မောင်နဲ့အတူ တွဲသွားလာခွင့်ကို ဖေဖေ၊ မေမေတို့က ခွင့်ပြုခဲ့ပါတယ်။
ဖေဖေ၊ မေမေတို့က လွမ်းနဲ့ မောင့်ကို
အလုပ်အကိုင် အတည်တကျဖြစ်မှ လက်ထပ်ပေးမယ်ဆိုတာနဲ့ အမှတ်(၁)စက်မှုဝန်ကြီးဌာနက
အလုပ်တွေခေါ်တော့ လွမ်းရော၊ မောင်ပါ ဝင်ဖြေပြီး အလုပ်ရခဲ့ပါတယ်။
ဝန်ကြီးဌာန တစ်ခုတည်းပေမဲ့ လွမ်းက
ဆေးဝါး၊ မောင်က စားသောက်ကုန်မှာ ရတာဆိုတော့ လွမ်းက ရန်ကုန်မှာ ကျန်ခဲ့ပြီး မောင်က
ဇေယျဝတီသကြားစက်ကို တာဝန်နဲ့ သွားနေရပါတယ်။
မောင်က တစ်လတစ်ခါ ရုံးပိတ်ရက်တိုင်း
ရန်ကုန်ကို ပြန်လာပါတယ်။
လွမ်းနဲ့ မောင် အလုပ်လုပ်ရင်း
ငွေစုကြပါတယ်။ အတူနေဖို့ တွေးရင်း ပစ္စည်းလေးတွေ စုဖြစ်ကြပါတယ်။
နောက်တော့ မောင်က တစ်ယောက်တစ်နေရာစီ
ခွဲနေရမဲ့အတူတူ သင်္ဘောပြန်လိုက်မယ်ဆိုပြီး သင်္ဘောလိုက်ဖို့ အစိုးရအလုပ်ကနေ
ထွက်လိုက်ပါတယ်။
သင်္ဘောမလိုက်ခင် မောင်က လွမ်းကို
အလုပ်ဆင်းတိုင်း လာကြိုတတ်ပါတယ်။
တစ်ခါတစ်လေ အိမ်မပြန်သေးဘဲ
အင်းယားကန်ဘောင်မှာ လမ်းလျှောက်ရင်း စကားပြောတတ်ပါတယ်။
တစ်ခါတစ်ရံ အင်းယားကန်ထိပ်က ဗူးသီးကြော်ဆိုင်မှာ
ဗူးသီးကြော်စားရင်း စကားပြောတတ်ပါတယ်။
ရုံးပိတ်ရက်များမှာ ဇာတ်ကားကောင်းရင်
ရုပ်ရှင်သွားကြည့်တတ်ပါတယ်။
လွမ်းနဲ့ မောင်အတူ
သွားစားတတ်တဲ့နေရာကတော့ ၃၆-လမ်းက ကြေးအိုးဘုရင်ပါ။ (ခုတော့ မဟာ
ဗန္ဓုလလမ်းမပေါ်ကို
ပြောင်းသွားပါပြီ။)
နောက် မောင်ထော်လေးလမ်းထဲက
ပန်းသေးခေါက်ဆွဲဆိုင်မှာ စားတတ်ပါတယ်။
လွမ်းက ပန်းသေးခေါက်ဆွဲကို အရည်နဲ့
စားရတာကို နှစ်သက်ပါတယ်။ ခေါက်ဆွဲကို ကြက်သားရည်ထည့်၊ ဂေါ်ဖီရွက်၊ သံပုရာသီး
ညှစ်ပြီး ငြုပ်သီးမှုန့် ထည့်စားရတာကို ကြိုက်ပါတယ်။
မောင့်ကို သူငယ်ချင်းများက
ချစ်ကြပါတယ်။ မောင်က သူငယ်ချင်းများနဲ့ ချိန်းပြီး သွားရင်တော့ လွမ်းဆီကို
မလာနိုင်တော့ပါဘူး။
မောင့်သူငယ်ချင်းများက လွမ်းနဲ့
ကျောင်းနေဖက်တွေဆိုတော့ အကုန် ပြောမနာ၊ ဆိုမနာ သူငယ်ချင်းတွေပါ။ မောင့်ကို
ခေါ်သွားရင် လွမ်းက သူငယ်ချင်းတွေကို ရန်တွေ့တတ်ပါတယ်။
မောင် သင်္ဘောတက်သွားတော့ မောင်က
ရသမျှငွေကို လွမ်းဆီ ပို့ပေးပါတယ်။
လွမ်းက မောင်ပို့တဲ့ငွေတွေစုပြီး
လွမ်းတို့နေမဲ့ တိုက်ခန်းဝယ်ပြီး အိမ်ထောင်ပရိဘောဂတွေ ဝယ်ထည့်ပါတယ်။
မောင်က တစ်နှစ်ပြည့်တော့ သင်္ဘောက
မဆင်းသေးဘဲ Extension ခြောက်လ ဆက်နေပါတယ်။
သင်္ဘောကမ်းကပ်ရင် မောင်က ဖုန်းဆက်ပြောတတ်တာမို့ လွမ်းအတွက် လက်ဆောင်တွေ ဝယ်ထားကြောင်း
ပြောပါတယ်။
မောင်ပြန်လာမဲ့နေ့ တဖြည်းဖြည်း
နီးကပ်လာတာနဲ့အမျှ လွမ်း…မောင့်ကို တွေ့ချင်စိတ်တွေက ပြင်းထန်လာခဲ့ပါတယ်။
မျှော်ရင် အချိန်တွေ ပိုကြာတယ်လို့
ထင်လာပါတယ်။
မောင်ပြန်လာမဲ့ တစ်ပတ်အလိုမှာတော့
လွမ်းဘဝမှာ ဘယ်လိုမှ မျှော်လင့်မထားတဲ့ သတင်းတစ်ခုက လွမ်းဆီ ရောက်လာပါတယ်။
မောင်တို့ သင်္ဘော ပင်လယ်ပြင်မှာ
ပေါက်ကွဲနစ်မြှုပ်သွားတယ်ဆိုတဲ့ သတင်းပါပဲ။
လွမ်း…မောင့်ကို တွေ့ပါရစေ။ မောင့်ကို
ဘယ်တော့မှ တွေ့ခွင့်မရတော့တဲ့ အဖြစ်အပျက်ကို လက်မခံပါရစေနဲ့။
လွမ်း…မောင်နဲ့ အတူနေမဲ့
အခန်းလေးထဲမှာ မောင့်အပြန်ကို စောင့်နေပါတယ်။
မောင်…လွမ်းကို မထားရစ်ခဲ့ပါနဲ့။
မောင့်ကို လွမ်းနေရမဲ့ အဖြစ်မျိုးကို
မဖန်တီးပါနဲ့…မောင်။
မောင်နဲ့ လွမ်း အဖိုးကြီး၊ အဖွားကြီး
ဖြစ်တဲ့အထိ အတူနေသွားကြမယ်လို့ ပြောခဲ့ဖူးပါတယ်။
မောင်နဲ့ အတူနေရမဲ့ ဘဝမျိုး မရနိုင်တော့မှန်း
သိပေမဲ့ လွမ်း…မောင်နဲ့ အတူနေခဲ့ဖူးတဲ့ အတူသွားလာခဲ့ဖူးတဲ့ အချိန်လေးတွေကို
ပြန်ရချင်ပါတယ်။
တစ်ချိန်က အကြောင်းလေးတွေက လွမ်းရဲ့
နှလုံးသားထဲမှာ စွဲထင်နေဆဲပါ…မောင်။
အလွမ်းတွေနဲ့ လွမ်း…မပျော်ပါဘူး။
မောင့်အပေါ် ချစ်တဲ့အချစ်တွေဟာလည်း
ခုချိန်ထိ မပြောင်းလဲသေးပါဘူး။
နောင်ဘဝဆိုတာ ရှိတယ်ဆိုရင်တော့ လွမ်း…မောင်နဲ့
ပြန်ဆုံပါရစေ။
လွမ်းဧကရီ
၂၅-၆-၂၀၁၃
နေ့လည် ၂-နာရီ
No comments:
Post a Comment