နီးလျက်နှင့်
မဝေးချင်
ကိုရယ်…
လွမ်းလေ ကို့ကို အရမ်းလွမ်းနေတယ်…
ကို…လွမ်းအနားမှာ ရှိစဉ်က ကို့ကို လွမ်း ချစ်ခဲ့မှန်း မသိခဲ့ပါဘူး…
ကိုနဲ့ လွမ်းအကြောင်းကို ပြောပြမယ်နော်…
ကိုနဲ့ လွမ်းက အင်တာနက်ကနေ သိလာခဲ့တဲ့သူတွေပါ…
လွမ်းက အင်တာနက်မှာ စာရေးနေတဲ့သူဆိုတော့ ကိုက လွမ်းကို Gmail Address တောင်းပြီး လာ Add ခဲ့တာ…
ကိုက သင်္ဘောလိုက်နေတာလေ…
ကိုက သင်္ဘောကမ်းကပ်လို့ အချိန်ရရင် အင်တာနက် သုံးတတ်တယ်…
လွမ်းက အမြဲတမ်း Online မှာ ရှိနေတတ်သူမို့ ကို…Online ဝင်လာရင် လွမ်းနဲ့ ဆုံတော့တာပဲ…
လွမ်းတို့က အလုပ်အကြောင်း၊ စာအကြောင်းတွေ ပြောတတ်တာပါ…
နောက်တော့ ကိုက ကို့အိမ်နဲ့ အဆက်အသွယ်မရရင် ကိုမှာချင်တာတွေ လွမ်းကို ပြောပြီး ကို့အိမ်ကို ဖုန်းဆက်ခိုင်းတတ်တယ်…
ကို…သင်္ဘောလိုက်နေစဉ်အတွင်း လွမ်းက ကို့အိမ်နဲ့ ဖုန်းပြောရင်းနဲ့ပဲ ခင်မင်ခွင့် ရခဲ့ပါတယ်…
ကိုပြန်လာမယ်ဆိုတော့ လွမ်းကို လာကြိုခိုင်းတယ်…ကိုက ကို့ဓာတ်ပုံ ပို့ပေးတယ်… လွမ်းဓာတ်ပုံကိုလည်း တောင်းတာနဲ့ ပြန်ပို့ပေးခဲ့ပါတယ်…
ကို့အိမ်ကလည်း လွမ်းသွားကြိုပေးမယ်ဆိုရင် သူတို့က မကြိုတော့ဘူးတဲ့လေ…
ကို့ကို လေဆိပ်သွားကြိုတော့ ကိုတို့လေယာဉ်ဆိုက်ပြီဆိုတာနဲ့ ကိုက လှေကားကနေ အရင်ဦးဆုံး စဆင်းလာတာကို လွမ်းတွေ့လိုက်ရပါတယ်…
ကိုက မှန်ခန်းအပြင်ဘက်ကို လှမ်းကြည့်ပြီး လွမ်းကို တွေ့တာနဲ့ ပြုံးပြီး လက်မြှောက်ပြတယ်…
ကိုက မျက်ခုံးကောင်းကောင်းနဲ့ မချောပေမဲ့ ကြည့်ကောင်းတယ်…
ကို့ရဲ့ ချစ်စရာကောင်းတဲ့အချက်က လွမ်းကို တွေ့တွေ့ချင်း ငယ်သူငယ်ချင်းတစ်ယောက်လို ရင်းရင်းနှီးနှီး ပြောဆိုတတ်တာပါ…
ကိုနဲ့ လွမ်းက ခုမှ စတွေ့ပေမဲ့ အရင်ကတည်းက ရင်းနှီးတဲ့သူလို ခံစားရပါတယ်…
ကိုက လွမ်းအတွက် ထီးလက်ဆောင်ပေးတယ်… ကိုပေးတဲ့နေ့က စပြီး လွမ်း ကို့ထီးကိုပဲ ဆောင်းထားတတ်တဲ့ အကျင့်ဖြစ်လာတယ်…
ကို့မိဘတွေနဲ့လည်း ဖုန်းနဲ့သာ ပြောနေပေမဲ့ ကို့ကို သွားကြိုပြီး အိမ်လိုက်ပို့တော့ ကို့အဖေရော၊ အမေနဲ့ပါ ခင်မင်ခွင့် ရခဲ့ပါတယ်…
ကိုက သင်္ဘာလိုက်ပြီး စုလာတဲ့ငွေနဲ့ အလှူလုပ်တဲ့အခါမှာလည်း လွမ်းကို ဖိတ်တယ်…
နောက်တော့ ကို ပျင်းလို့ “လွမ်း…ငါပျင်းနေတယ်ဟာ…လ္ဘက်ရည်ဆိုင် သွားရအောင်” လို့ ပြောရင် ကို့အိမ်ကို လွမ်းက သွားခေါ်ပြီး လ္ဘက်ရည်ဆိုင် ထိုင်ဖြစ်ကြတယ်…
လွမ်းကလည်း သွားစရာရှိလို့ အဖော်မပါရင် “ဟဲ့…နင်အားလား…ငါနဲ့ အဖော်လိုက်ခဲ့ပါ ဟာ” ဆိုရင် “အေး…လာခဲ့ ငါစောင့်နေမယ်” ဆိုပြီး မဆိုင်းမတွ လွမ်းနဲ့ အဖော်လိုက်ပေးတတ်တယ်…
ကို့အဖေက လွမ်း ကို့ကို ခေါ်သွားရင် ဘာမှမပြောဘဲ ပြုံးနေတတ်တယ်…
လွမ်းက ရည်းစားများတယ်… ကို့ကို လွမ်းရည်းစားတွေအကြောင်း ပြောပြတတ်တယ်…
“အေးပါ… နင် အသည်းကွဲပြီး ကျန်ရစ်ဖြစ်နေတာ… နင် ရည်းစားများတဲ့ အကြောင်းကြောင့်ပဲ ဆိုတာ သတိထား” လို့ ပြောတတ်တယ်…
“ငါ ရည်းစားများတယ်ဆိုတာ ငါ ဝန်ခံပါတယ်… ဒါပေမဲ့ ရည်းစားတွေကို ငါ တွဲကြည့်တယ်… ရည်းစားတွေက ငါ့အကြောင်းကို ကောင်းကောင်းကို နားမလည်ကြတာက ခက်တယ်”
“ဒါဆို နင်က ဘာလို့ ရည်းစားထားသေးလဲ”
“ငါ့ကို ချစ်တယ်လို့ ပြောလာတဲ့သူအပေါ်မှာ ငါလည်း ခံစားမှုတစ်ခု ဖြစ်ပေါ်လာတာပဲလေ… အချစ်ဆိုတာကို ငါ သိပ်နားမလည်ပေမဲ့ ငါ့ချစ်သူတွေကိုတော့ ငါ ချစ်ခဲ့တာ အမှန်ပါ”
“အင်း…နင် စိတ်ချမ်းသာရင် ပြီးတာပဲလေ”
ကိုက သင်္ဘောနဲ့ ပတ်သက်တဲ့ သင်တန်းတွေ သွားရင် လွမ်းက ကျောင်းအပ်တာက အစ အတူ လိုက်ပေးရတယ်…
ည တစ်ခါတစ်လေ အိပ်မပျော်ရင် ကိုက လွမ်းကို ဖုန်းခေါ်တတ်တဲ့နေ့တွေလည်း ရှိတယ်…
လွမ်းက အိပ်ချင်မူးတူးနဲ့ ပြန်ဖြေနေရတယ်…
“ငါ…ဒီည သူငယ်ချင်းတွေနဲ့ သောက်နေတာ ဟ” ဆိုပြီး ဖုန်းဆက်တဲ့နေ့တွေလည်း ရှိတယ်…
“အင်း… သောက်ပြီးရင် အိမ်ကောင်းကောင်းပြန်” လို့ ပြောရတယ်…
“လွမ်း…ငါအရမ်းပျင်းနေတယ် ဟာ” ဆိုပြီး လွမ်းကို လှမ်းခေါ်တတ်တဲ့နေ့တွေလည်း ရှိတယ်…
“ဟဲ့… နင့်မှာ ရည်းစားမရှိဘူးလား… နင့်ရည်းစားကို လှမ်းခေါ်ပါလား” လို့ လွမ်းက ပြောတော့…
“ငါ့မှာ ရည်းစားမရှိလို့ပေါ့ ဟာ… ရှိရင် နင့်ကို ခေါ်နေပါ့မလား” လို့ ပြန်ဖြေတတ်ပါတယ်…
ဒီတော့လည်း လွမ်း…ကို့ဆီ အရောက် ပြေးရပြန်ပါတယ်…
ကိုနဲ့ လွမ်းက တတွဲတွဲနဲ့ အတူသွားလာဖြစ်နေပါတယ်…
ဒီလိုနဲ့ တစ်ရက်မှာ ကိုက လ္ဘက်ရည်ဆိုင်မှာ အတူထိုင်ဖြစ်ရင်း…
“လွမ်း… ငါ သင်္ဘောပြန်တက်တော့မယ်”
“ဟင်…နင်ကလဲ… ဘယ်တော့လဲ… ငါ့ကို ကြိုလည်း မပြောဘူး”
“မနက်ဖြန် ငါသွားရတော့မယ်… နင် လိုက်ပို့မှာလား”
“နင်တို့အိမ်က လိုက်မပို့ဘူးလား”
“အဖေနဲ့ အမေက နင်သိတဲ့အတိုင်း အလုပ်ကိုယ်စီနဲ့ဆိုတော့ ငါ့ကို လိုက်မပို့နိုင်ဘူးလေ”
“အေးပါ… ငါလိုက်ပို့ပါ့မယ်”
“ငါ လေဆိပ်အသွား ဘီယာသောက်ချင်တယ် ဟာ”
“အွန်… ဒါက ဘယ်လိုဖြစ်ရတာလဲ”
“နင်က မတိုက်ချင်ဘူးလား”
“အင်းပါ… ဒါဆို စောစောထွက်ရအောင်…ငါလာခေါ်မယ်”
မနက် ကို့ကို သွားခေါ်တော့ ကို့အဖေက “မလွမ်းရေ… ကျေးဇူးပါပဲ” လို့ ပြောပါတယ်…
လေဆိပ်အသွား ရွှေဘဲမှာ ဝင်ပြီး ကို့ကို ဘီယာတိုက်ပါတယ်…
ကို ဘီယာသောက်နေတဲ့ပုံကို လွမ်း…ဓာတ်ပုံရိုက်ထားလိုက်ပါတယ်…
ကိုက “လွမ်း…ငါနင့်ကို တစ်ခုပြောမယ်… နင်ကလေ ဘယ်တော့မှ နင့်နားမှာ အမြဲရှိနေတတ်တဲ့ ငါနဲ့ ငါ့ခံစားချက်ကို နားလည်အောင် မကြိုးစားချင်ဘူး မဟုတ်လား” လို့ ပြောပါတယ်…
လွမ်းရင်ထဲ ထိတ်ကနဲ ဖြစ်သွားပြီး လွမ်းနှလုံးသားလေး လှုပ်ရှားသွားခဲ့ပါတယ်…
“ငါ… နင့်ကို နှုတ်မဆက်ချင်ဘူး… ငါ့ကို လေဆိပ်မှာ ချပြီး ပြန်တော့” လို့ ပြောပါတယ်…
လွမ်းလေ… ကို့ကို ဘာတစ်ခုမှာ ပြန်မပြောနိုင်ခဲ့ပါဘူး…
ကို့ကို လေဆိပ်မှာ ချထားပြီး ပြန်ထွက်ခဲ့ပါတယ်…
ခုတော့ ကိုရယ်… ကိုမရှိတော့မှ ကို ဖုန်းဆက်တတ်တာကိုလည်း လွမ်းနေပါတယ်…
ကိုနဲ့ အဖော်လုပ်ပြီး သွားခဲ့တာတွေကိုလည်း လွမ်းနေပါတယ်…
ကိုနဲ့ ထိုင်ခဲ့တဲ့ လ္ဘက်ရည်ဆိုင်လေးကိုလည်း လွမ်းနေပါတယ်…
ကိုပြောခဲ့တဲ့ စကားလေးတွေကိုလည်း လွမ်းနေပါတယ်…
ကိုနဲ့ လွမ်း အတူတူ တတွဲတွဲ နေခဲ့ကြတာကိုလည်း လွမ်းနေပါတယ်…
ကို…လွမ်းအနားမှာ ရှိစဉ်က မသိခဲ့ပေမဲ့ ကို လွမ်း အနားမှာ မရှိတော့မှ ဆို့ဆို့နင့်နင့် လွမ်းနေပါတယ်…
ကို… တစ်ခြားတစ်ယောက်ကို ချစ်သွားမှာကိုလည်း လွမ်း စိတ်ပူနေရပါပြီ…
ကိုရေ… ကိုပြန်အလာကို လွမ်းစောင့်နေတယ်ဆိုတာကို သိစေချင်ပါတယ်…
ကိုရေ…ကို့ကို လွမ်း အရမ်းလွမ်းနေပါတယ် လို့ အော်ပြောချင်နေမိပါတယ်…
ကိုနဲ့ နီးရဲ့နဲ့ ဝေးနေတာကိုလည်း မခံစားနိုင်တော့ပါဘူး…
ကို…လွမ်းကို နောင်တရအောင် မလုပ်ပါနဲ့နော်…
ကို့အပြန်ကို လွမ်း စောင့်နေပါတယ်…
လွမ်းလေ ကို့ကို အရမ်းလွမ်းနေတယ်…
ကို… လွမ်းအနားမှာ ရှိစဉ်က ကို့ကို လွမ်း ချစ်ခဲ့မှန်း မသိခဲ့ပါဘူး…
ခုတော့ လွမ်း…ကို့ကို သိပ်ချစ်တယ်
လွမ်း
လွမ်းဧကရီ
၂၆-၀၅-၂၀၁၃
No comments:
Post a Comment