သူငယ်ချင်း
ဒီစာလေးဟာ နင့်အတွက်
ငါအမှတ်တရရေးလိုက်တဲ့စာပါ…
နင်နဲ့ငါဟာ ကျောင်းပြီးကတည်းက
ကွဲသွားကြတာ အနှစ်-၂၀ ကျော်ကြာခဲ့ပြီနော်…
ကျောင်းနေဘက်သူငယ်ချင်းတွေ
ဆုံဖြစ်တိုင်း နင်မလာတော့ ငါ မတွေ့ရဘူးပေါ့ဟာ…
မထင်မှတ်ဘဲ နင်နဲ့ ပြန်ဆုံဖို့
အကြောင်းတိုက်ဆိုင်လာတယ်…
နင်နဲ့ ငါပြန်ဆုံတဲ့နေ့လေးကို ငါ
မှတ်မိနေတယ်…
ငါက ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေတာ…
နင်က စက်ရုံမှူးဖြစ်နေပြီလေ…
ငါတို့ကုမ္ပဏီက
နိုင်ငံခြားသားက နင်တို့စက်ရုံကို လေ့လာချင်တယ်ဆိုလို့ နင်ရဲ့ ခွင့်ပြုချက်ယူဖို့
နင့်စက်ရုံကို ငါရောက်လာခဲ့တယ်…
နင့်ကိုတွေ့တော့ ငါ တကယ်ဝမ်းသာမိပါတယ်…
နင်လည်း ငါ့ကိုတွေ့တော့
အရင်တုန်းကလိုပဲ သူငယ်ချင်းလို ပြောတဲ့အတွက် ငါ စိတ်ချမ်းသာမိပါတယ်…
သူငယ်ချင်းတွေလိုပဲ နင်နဲ့ ငါနဲ့ပဲ
ပြောရတာ အားရတယ်ဟာ…
အဲဒီ့အချိန်မှာ ငါတို့ရဲ့ ရာထူးကို
ငါတို့ မေ့ထားလိုက်တယ်…
နင်က မျက်နှာရင့်ကျက်ပြီး လူကြီးတစ်ယောက်ဖြစ်နေပေမဲ့ နင် ငါ့ကို စကားပြောတာ အရင်တုန်းကလိုပဲ ငါ့ကို ချွဲပြောနေတတ်တုန်းပဲ…
နင်နဲ့ငါဟာ စက်မှုတက္ကသိုလ်
၆-နှစ်တက်ခဲ့စဉ်ကာလမှာ နောက်ဆုံးနှစ်မှာ တတွဲတွဲနဲ့ စာအတူတူ ကျက်ခဲ့ကြတယ်လေ…
နင်နဲ့ ငါဟာ သင်တန်းအားလပ်ချိန်မှာ
လွတ်နေတဲ့အခန်းထဲမှာ စာအတူတွဲလုပ်ဖြစ်ကြတယ်…
တခြားသူတွေက ငါတို့နှစ်ယောက်ကို
အတွဲလို့ သတ်မှတ်ပေမဲ့ နင်က ငါ့ကို သူငယ်ချင်းတစ်ယောက် လိုပဲ နေပေးခဲ့တယ်…
အဲဒီတုန်းက ငါက နင့်ကို “သူ” ဆိုတဲ့
နာမ်စားလေး သုံးပြောတတ်တယ်…
ခု ပြန်တွေ့တော့ “နင်” လို့ပဲ ငါ
နာမ်စားပြောင်းသုံးလိုက်တယ်…
ဒီအချိန်မှာ နင်နဲ့ငါဟာ
နားလည်မှုတွေနဲ့ ဆက်ဆံရမဲ့ အနေအထားဖြစ်နေပြီဆိုတာ ငါ နားလည်ပါတယ်…
ငါ့ချစ်သူဆုံးကြောင်း
နင်သတင်းကြားတော့ နင်ရဲ့ ဝမ်းနည်းကြောင်း ကြေးနန်းလေးပို့တာ ငါ ဖတ်ခဲ့ရပါတယ်…
ဒါပေမဲ့ လူချင်းမတွေ့ဖြစ်ခဲ့ကြဘူးလေ…
ခုချိန်မှာ ငါ အထီးကျန်နေတဲ့
ကာလလေးဖြစ်နေတော့ နင့်ကို သူငယ်ချင်းတစ်ယောက်အနေနဲ့ ရင်ဖွင့်ပြောခွင့်ရတာ ငါ့အတွက်
တစ်အားပါပဲ…
ငါက လွမ်းဧကရီအနေနဲ့
စာလေးတွေရေးနေတယ်ဆိုတာ နင့်ကို ပြောပြတော့ နင် ငါရေးတဲ့စာတွေ ဖတ်ပြီး အံ့ဩနေတယ်နော်…
နင်က စာလည်းရေးပြီး စာအုပ်တောင်
ထုတ်ထားတာကို ငါ့ကို လက်ဆောင်ပေးတယ်…
နောက်တော့ နင်နဲ့ ငါ
မကြာခဏတွေ့ဖြစ်ပြီး နင် စက်ရုံပြောင်းသွားတော့ ဝေးသွားခဲ့တယ်…
ဒါပေမဲ့ နင့်ကို ငါ သတိရရင်
ဖုန်းဆက်တယ်…
ငါဖုန်းဆက်ရင် နင်ပြောတတ်တာက “လွမ်း…တကယ်အံ့ဩတယ်…ငါ
နင့်ကို ခုနလေးတင် သတိရနေတာ… ငါ ဖုန်းဆက်တော့မလို့” လို့ ပြောတတ်တယ်…
နင် ညာပြောလည်း ငါ ကျေနပ်ပါတယ်…ဟာ
ငါက အလုပ်တွေ ပင်ပန်းလာရင်
သူငယ်ချင်းဆီ ဖုန်းဆက်ပြီး အပန်းဖြေတယ်…
ထူးဆန်းတယ်လို့ နင် ထင်မှာပဲနော်…
ချစ်သူ ဆုံးရှုံးထားတဲ့ သူတစ်ယောက်ရဲ့
ခံစားချက်ကို နင် နားလည်နိုင်မှာ မဟုတ်ပါဘူး…
နင်နဲ့ ဖုန်းပြောခဲ့တဲ့
ညလေးတစ်ညကိုတော့ ငါ ဘယ်လိုမှ မမေ့နိုင်ခဲ့ပါဘူး…
ငါ… သိချင်တာ တစ်ခုရှိတယ်…
ကျောင်းတုန်းက နင်နဲ့ငါ့ကို အတွဲလို့ သတ်မှတ်ကြတယ်နော်…
ခုချိန်ထိ သူငယ်ချင်းတွေ
ဆုံကြရင် နင့်အကြောင်း ငါပြောမိရင် ငါ့ကို စ, နေကြတုန်းပဲ… နင်…အဲဒီ့အချိန်တုန်းက
ငါ့ကို မချစ်ခဲ့ဘူးလား ဟင်
ခုမှ နင်က ဘာလို့ ဒါတွေ လာမေးနေတာလဲ
ငါ…သိချင်လို့ပါဟာ…ပြောပြနော်
နင်က အတန်းထဲမှာ စာအရမ်းကြိုးစားတာလေ…အဲဒီအချိန်မှာ
နင်က စာပဲ လုပ်နေတာ… အဲဒီ့အချိန်မှာ ငါက နင့်ကို ချစ်တယ်လို့ ပြောရင် နင်က
လက်မခံတဲ့အပြင် သူငယ်ချင်းအဖြစ်ကနေ အဆက်ဖြတ်သွားမှာ ငါစိုးရိမ်ခဲ့တာလေ… ငါ့ရဲ့
ရည်မှန်းချက်ကလည်း တက္ကသိုလ်ကို အဆင့်မြင့်မြင့် အောင်ချင်တာလေ…
အင်းနော်… နင်က တကယ်တော်ပါတယ်… ME
ဆက်တက်တဲ့အပြင် အာဆီယံအင်ဂျင်နီယာတောင် ဖြစ်နေပြီပဲ…
နင်…ငါ့ကို ပေးထားတဲ့ Post Card လေး
ခုချိန်ထိ ငါ့မှာရှိသေးတယ်… နင်က ငါ့လောက်တောင် အလေးမထားဘူး မဟုတ်လား
နင် အဲလိုချွဲပြောတာလေးတွေ ကြားတော့
ငါလည်း တကယ်ပျော်ပါတယ်…ဟာ
နင်နဲ့ ပြန်ဆုံတဲ့ အမှတ်တရအနေနဲ့
သီချင်းလေးတစ်ပုဒ် ငါလုပ်ထားတယ်…
တစ်ညလုံး မအိပ်ဘဲ လုပ်ထားတဲ့ Flash
Song လေးကို နင် နားထောင်ပြီး နင့်ကို ငါ ဘယ်လောက် အလေးထားတယ်ဆိုတာ နင်သိစေချင်ပါတယ်…ဟာ
နင့်ကိုလည်း ငါ့ဘဝရဲ့
အမှတ်တရရှိနေမဲ့သူတစ်ယောက်အနေနဲ့ ဘယ်တော့မှ မမေ့ပါဘူး…
နင့်သူငယ်ချင်း
လွမ်းဧကရီ
၂၈-၁၀-၂၀၁၂
နံနက် ၅:၅၀ နာရီ
No comments:
Post a Comment