လမ်းခွဲ
ဧကရီနဲ့မောင်က သွင်းကုန်ထုတ်ကုန်လိုင်စင်သင်တန်းတစ်ခုမှာ အတူတက်ရင်း ခင်မင်ခဲ့ကြတယ်…
သင်တန်းပြီးတော့ မောင် ဧကရီကုမ္ပဏီကို အလုပ်ကိစ္စ အကြောင်းပြပြီး မကြာခဏ ရောက်လာတတ်ပါတယ်…
ရုံးအဆင်း လ္ဘက်ရည်ဆိုင်မှာ အတူထိုင်ရင်း စကားတွေ ဖောင်ဖွဲ့ပြောဖြစ်ကြတယ်…
ညအိပ်ခါနီးရင် မောင်…ဧကရီကို ဖုန်းဆက်ပြီးမှ အိပ်တတ်တယ်…
အချိန်တွေကြာလာတော့ ဧကရီ မောင့်ကို သံယောဇဉ်ဖြစ်လာပါတယ်…
ဧကရီမွေးနေ့ကို မောင်နဲ့အတူကျင်းပရင်း မောင် ဧကရီကို ချစ်စကားပြောပါတယ်…
မောင်က အဖြေတောင်းတော့ မွေးနေ့အမှတ်တရဖြစ်အောင် ချက်ခြင်းပဲ မောင့်ကိုချစ်တယ် လို့ အဖြေပေးလိုက်ပါတယ်…
မောင်နဲ့ ချစ်သူဖြစ်လာရင် ဧကရီ ပျော်ရလိမ့်မယ်လို့ ဧကရီ ထင်ထားခဲ့မိပါတယ်…
မောင် ဧကရီကို ချုပ်ခြယ်လာတယ်… ဧကရီ အလုပ်ကိစ္စနဲ့ နေပြည်တော်သွားရင် မကြာခဏ ဖုန်းလှမ်းဆက်တတ်တယ်…
အလုပ်ကိစ္စက လူကြီးတွေနဲ့ တွေ့ရတာဆိုတော့ ဧကရီ ဖုန်းကို ပိတ်ထားရပါတယ်…
နေပြည်တော်က ပြန်ရောက်တော့ ဧကရီ ဖုန်းပိတ်ထားတာနဲ့ ပတ်သက်ပြီး အပြစ်တင် ပြောဆိုတယ်…
ဘယ်သူနဲ့နေလို့ မောင့်ဖုန်းကို လက်မခံနိုင်ရတာလဲ လို့ မေးတယ်…
ဧကရီ ရှင်းပြတာကိုလည်း ဆင်ခြေပေးတယ် လို့ ပြောပြန်တယ်…
ဧကရီ မောင့်ကို ချော့ရတာ အလုပ်တစ်ခု ဖြစ်လာပါတယ်…
ဧကရီက အားရင် ခံစားချက်စာတွေ၊ ကဗျာတွေ ရေးတတ်တယ်…
ဧကရီရေးတဲ့စာတွေကို ဖတ်ပြီး မောင့်အပြင် ဧကရီမှာ ချစ်သူတွေ ထားနေပြီပေါ့ လို့ မေးပြန်ရော…
ဧကရီမှာ မောင်တစ်ယောက်ကိုပဲ ချစ်သူထားခဲ့သလို မောင့်ကို အိမ်ထောင်ဖက်တစ်ယောက် အဖြစ် သတ်မှတ်ထားတာပါ လို့ ဖြေတော့ မောင်က ကျေနပ်သွားပါတယ်…
မောင်ကလည်း ကုမ္ပဏီမှာ အရေးပါ အရာရောက်သူတစ်ဦးပါ…
မောင့်ကို ဧကရီ ချစ်ခဲ့တာကလဲ မောင်ဟာ ဧကရီအတွက် အားကိုးရမဲ့သူတစ်ဦး ဖြစ်မယ်လို့ ယုံကြည်ထားလို့ ချစ်ခဲ့တာပါ…
တစ်ရက်မှာ မောင်က မိဘတွေကို အသိပေးရအောင် လို့ ပြောပြီး ဧကရီကို မောင့်မိဘတွေနဲ့ တွေ့ရအောင် ဧကရီကို မောင့်အိမ်ကို ခေါ်သွားခဲ့ပါတယ်…
မောင့်မေမေနဲ့ ဖေဖေတို့ရဲ့ အေးစက်စွာ ဆီးကြိုတာကို ခံလိုက်ရကတည်းက မောင်နဲ့ လက်တွဲဖို့ကို စဉ်းစားနေရပါပြီ…
မောင့်ကို ဧကရီမေမေနဲ့ တွေ့ပေးတော့ မေမေက အရွယ်ရောက်နေတဲ့သူတွေဆိုတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ပဲ ပြောပါတယ်…
ဧကရီမေမေက ဧကရီ သဘောပါ…
မောင်က လက်ထပ်ပြီးရင် ဧကရီကို မောင့်အိမ်ကို လိုက်နေရမယ် လို့ တောင်းဆိုပါတယ်…
ဧကရီက လက်ထပ်ပြီးရင် သီးခြားကိုယ်ပိုင်အိမ်ထောင်လေးကို ထူထောင်ချင်တယ်…
မောင်နဲ့ ဧကရီ သဘောထားတွေ ကွဲလွဲပြီး စကားများပါတယ်…
မောင်က ခုချိန်ထိ မိဘအရိပ်အောက်က ထွက်ချင်ပုံ မရပါဘူး…
ကုမ္ပဏီမှာ အလုပ်တွေများလာလို့ မောင်နဲ့ အရင်လို အချိန်မှန် မတွေ့နိုင်တော့ပါဘူး…
အချစ်ရေးထက် အလုပ်ကို ဦးစားပေးနေရပါတယ်…
တစ်ရက်မှာ ကုမ္ပဏီက ဧည့်သည်တွေကို ရွှေကောင်းမှာ Hot Pot ကျွေးဖို့ စီစဉ်တာနဲ့ ကုမ္ပဏီက လူကြီးတွေနဲ့ ရောက်သွားချိန်မှာ မောင့်ကို မိန်းခလေးတစ်ယောက်နဲ့ ထိုင်စားနေတာကို တွေ့လိုက်ရပါတယ်…
မောင်က ဧကရီတို့အုပ်စု ဝင်လာတာကို မမြင်ဘဲ မိန်းခလေးမျက်နှာကို ပြုးကြည့်ပြီး စကားပြောနေပါတယ်…
ရင်ထဲမှာ နာကျင်တဲ့ ဝေဒနာခံစားနေရတော့ ဧည့်သည်တွေ စကားပြောနေတာကို ဝင်မပြောနိုင်လောက်အောင် ဖြစ်သွားပါတယ်…
ည မောင့်ဆီ ဖုန်းဆက်တော့ ဖုန်းပိတ်ထားပါတယ်…
တစ်ညလုံး အိပ်လို့မရတော့ပါဘူး…
ချစ်သူထားရတဲ့ ဝေဒနာကို ခံစားရမှန်းသိရင် မောင့်ကို ဧကရီ ချစ်ခဲ့မှာ မဟုတ်ပါဘူး…
ချစ်သူရမှ ဧကရီအလုပ်တွေ ဖြောင့်ဖြောင့်လုပ်လို့မရ ဖြစ်လာပါတယ်…
မောင့်သူငယ်ချင်းတွေက ဧကရီကို မောင် မိန်းခလေးတစ်ယောက်နဲ့ တွဲနေတယ်လို့ လာသတင်းပေးပါတယ်…
ဧကရီ အလုပ်တွေများတဲ့ကြားက မောင့်ကို တွေ့ပြီး မေးဖို့လည်း မကြိုးစားတော့ပါဘူး…
အချစ်ဆိုတာ ပူလောင်မှုတစ်ခုပဲဆိုတာ ဧကရီ နားလည်သွားပါပြီ…
အချစ်တစ်ခုဟာ အချိန်ကာလကြာတဲ့အခါ ပြောင်းလဲလာနိုင်ပါလားလို့ သိသွားပါပြီ…
ချစ်တာတစ်ခုထဲနဲ့ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ မလွယ်ပါဘူး…
ချစ်သူချင်း နားလည်မှုတွေနဲ့ ချစ်မှသာ ခိုင်မြဲမှာပါ…
ရင်နာစွာနဲ့ပဲ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါပြီ…
မောင်နဲ့ ဧကရီ တစ်နေ့မှာ လမ်းခွဲရလိမ့်မယ်ဆိုတာ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး…
လွမ်းဧကရီ
၁၆-၀၇-၂၀၁၂
ညနေ ၁:၄၀ နာရီ
No comments:
Post a Comment