ရေချမ်းစင်လေး
ငါဟာ ရေချမ်းစင်လေးပါ
ဖြူလွလွသဲပွင့်များပေါ်
ငြိမ်းချမ်းမှုရသနဲ့
ငါ့ကိုယ်ငါ တည်ဆောက်ချင်ခဲ့တာပါ
သိသူဖြစ်စေ မသိသူဖြစ်စေ
ရန်သူမိတ်ဆွေမဟူ ဘက်မတူခဲ့ရင်လည်း
ငါက ကြည်ဖြူမှာပါ…
ကိုယ့်အရိပ်လေးထဲ ကိုယ်နေ
ကိုယ့်အကိုင်းအုပ်အုပ်လေးနဲ့ ကိုယ်တိမ်မြှုပ်
ဘာကိုမှ အရေးမလုပ်ဘဲ နေနေတာမဟုတ်ပါဘူး
ခရီးသွားတွေဆိုတာ
ငါ့ရှေ့က လမ်းကလေးမှာ နေ့စဉ်ဖြတ်သွားကြတာပဲလေ
သူတို့အသံတွေကို ငါကြားနေရတာပေါ့
သူတို့လှုပ်ရှားမှုတွေကို ငါမြင်တွေ့နေရတာပေါ့
အမှန်နဲ့အမှား ဘယ်လိုချိုတယ်၊ ဘယ်လိုခါးတယ်ဆိုတာ
ရေချမ်းစင်လေးအဖြစ်နဲ့လည်း ငါမှတ်သားနေမိပါတယ်
စိမ့်ဝင်လာမဲ့ အပူမီးတွေအတွက်
ငါ့ရေချမ်းစင်လေးကို ရေမပြတ်ဖြည့်ထားပါ့မယ်
နင်သီချင်းဆိုသလို ငါလိုက်ဆိုလို့မရသေးတာ
နင်ငိုသလို ငါလိုက်ငိုလို့မရသေးတာ
အဲဒီလို ဆိုခွင့်၊ ငိုခွင့် ကင်းမဲ့နေတဲ့ငါ့ကို
ခွင့်လွှတ်ပေးပါဦးကွယ်
စကားတွေ အများကြီးပြောလို့ မရဘူးလေ
ငါက အသက်မဲ့နေတဲ့ ရေချမ်းစင်လေးမို့ပါ…
ရုရှားတွင် ကျောင်းတက်နေသော သူငယ်ချင်းပေးပို့သောကဗျာ ဖြစ်ပါသည်။
No comments:
Post a Comment