Friday, November 22, 2019

Shwe Pyi Resort သို့ အလည်တစ်ခေါက်


Shwe Pyi Resort သို့ အလည်တစ်ခေါက်





၂၁-၁၁-၂၀၁၉ ရက်နေ့ အမျိုးသားနေ့ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် သူငယ်ချင်းများနဲ့ Shwe Pyi Resort သို့ အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်။


ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ရွှေပြည်အပန်းဖြေစခန်းမှာ လာရောက်လည်ပတ်တဲ့သူ များပါတယ်။ မွေးနေ့ပွဲ လာရောက်ကျင်းပသူများ၊ အဖွဲ့အစည်းအလိုက် လာရောက်အပန်းဖြေသူများ၊ နိုင်ငံခြား ဧည့်သည်လာရောက်ခြင်းများကို မြင်တွေ့ရပါတယ်။

Shwe Pyi Resort ဝင်ကြေးမှာ ၂၀၀၀-ကျပ်ဖြစ်ပြီး နံနက် ၈-နာရီမှာ ညနေ ၆-နာရီထိ ဖွင့်လှစ် ထားပါတယ်။

Shwe Pyi Resort ဝင်းအတွင်းမှာ Airbus Café ကိုလည်း လေယာဉ်တစ်စီးဖြင့် ဖွင့်လှစ်ထားရှိ ပါတယ်။



ဝင်းက ဧက-၁၂၀ ကျော်ကျယ်ဝန်းပြီး ပန်းပုရုပ်ထုများ များစွာထုလုပ်ထားသော နေရာများစွာ ရှိပါတယ်။

ကျနော်တို့က ဝင်းအတွင်းလှည့်ပတ်ကြည့်ရှုရန် ဘက်တီကားကို ငှားကြပါတယ်။ သွားတဲ့ သူငယ်ချင်း စုစုပေါင်းက ၁၀-ယောက်ဖြစ်တဲ့အတွက် ကား ၂-စီး ငှားပါတယ်။ တစ်စီးကို ၇-ယောက်အထိ စီးနိုင်ပြီး Resort တစ်ပတ်ကို ကျပ်တစ်သောင်း ပေးရပါတယ်။

ဝင်းအတွင်းမှ ပန်းပုရုပ်ထုများနေရာတွင် ဆင်းကြည့်ပြီး ဓာတ်ပုံရိုက်ကြပါတယ်။











ဝင်းအတွင်း ဘဲလှေနဲ့ စက်ဘီး ငှားစီးလို့လည်း ရပါတယ်။ တစ်နာရီ ၂၀၀၀-ကျပ်ပါ။


ဆင်များထားတဲ့နေရာမှာ ကြံများ ဝယ်ကျွေးကြပါတယ်။ဆင်စီးမယ်ဆိုရင်တော့ တစ်ဦးကို ၅၀၀၀-ကျပ်ပါ။

တောလမ်းလေးအတိုင်း ဘက်တီကားက တစ်ပတ် မောင်းပို့စဉ်မှာ တောသဘာဝ သစ်ပင်၊ ဝါးပင်များ ပေါက်နေတာကို တွေ့မြင်ခံစားနိုင်ပါတယ်။


မြန်မာ့အနုပညာလက်ရာကို ကြည့်ရှုခံစားလိုသူများ၊ မွန်းကြပ်သောမြို့မှ ထွက်ခွာပြီး တောရိပ်တွင် အေးချမ်းစွာ အပန်းဖြေလိုသူများကတော့ Shwe Pyi Resort နေရာလေးကို သဘောကျကြမှာပါ။



ကျနော်တို့တွေ နေ့လည်စာကို ဘက်တီကားစီးဖို့စောင့်ရင်း Shwe Pyi Restaurant မှာ စားကြပါတယ်။ စားသောက်ဆိုင်အတွင်းမှာလည်း ပန်းပုလက်ရာများဖြင့် ပြင်ဆင် ခင်းကျင်းထားတာကို တွေ့မြင်ရပါတယ်။

ကျနော်တို့ သူငယ်ချင်းတစ်သိုက်ကတော့ အပန်းဖြေရင်း တစ်နေ့တာ ကုန်ဆုံးခဲ့ကြပါတယ်။





လွမ်းဧကရီ
၂၂-၁၁-၂၀၁၉

နေ့လည် ၁၂:၄၀ နာရီ

Monday, September 16, 2019

ချစ်သူကို ချက်ကျွေးချင်ခဲ့သော ဟင်းတစ်ခွက်


ချစ်သူကို ချက်ကျွေးချင်ခဲ့သော ဟင်းတစ်ခွက်



၁၅-၉-၂၀၁၉ ရက်နေ့ တနင်္ဂနွေနေ့က Facebook မှာ Share ထားတဲ့ “ကြက်တောင်ပံကြွတ်မွှေးကြော်” ကို လုပ်ဖြစ်ခဲ့ပါတယ်။


လိုအပ်တဲ့ ပစ္စည်းတွေကို ကြိုတင် ဝယ်ယူထားပါတယ်။


ပထမဆုံး ကြက်တောင်ပံကို ရေဆေးပြီး ဆား၊ ရသာမှုန့်၊ ငြုပ်ကောင်းမှုန့်၊ ပဲငံပြာရည်အကြည်၊ ဆနွင်းနဲ့ ခရုဆီတို့ ထည့်ပြီး နှပ်ထားပါတယ်။




ကြက်သွန်ဖြူကို လေးစိတ်ကွဲလေး လုပ်ပါတယ်။ လွမ်းကတော့ လျှပ်စစ်မလိုတဲ့ Mini Cutter လေးကို သုံးပါတယ်။



ဂျင်းကိုတော့ ညက်အောင် ထောင်းပါတယ်။ ကြက်သွန်ဖြူ၊ ငြုပ်သီးစိမ်းနဲ့ ဂျင်းကို အဆင်သင့် လုပ်ထားပါတယ်။



ယိုးဒယားအကြော်မှုန့်ကို ရေဖျော်ပါတယ်။ ကြက်တောင်ပံတွေကို အကြော်မှုန့်အနှစ်ရည်ထဲ စိမ်ပြီး ဆီကျက်အောင် ထည့်ထားတဲ့ ဒယ်အိုးထဲမှ မီးနဲနဲ နဲ့ ကြော်ပါတယ်။ တစ်ဖက်ရဲလာရင် နောက်တစ်ဖက်ကို လှန်ပြီး ကြော်ပါတယ်။

ကြော်ပြီး ကြက်တောင်ပံတွေကို ဆီစစ်စက္ကူပေါ်မှာ တင်ထားပြီး စစ်ပါတယ်။



ဆီစစ်စက္ကူလေးတွေက အသုံးဝင်တဲ့အတွက် ဝယ်ထားပါတယ်။


 


ဒယ်အိုးမှာ ဆီနဲနဲနဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းကို ကြော်ပါတယ်။ မွှေးလာပြီဆိုရင် ငြုပ်သီးနဲ့ ဆီစစ်ထားတဲ့ ကြက်တောင်ပံတွေကို ထည့်ပြီး ပြန်ကြော်ပါတယ်။

ဒါဆိုရင် မွှေးတဲ့ ကြက်တောင်ပံကြွပ်ကြော်ကို စားဖို့ အဆင်သင့်ဖြစ်ပါပြီ။




စားမဲ့အချိန်မှာ သံပုရာသီးညှစ်စားမယ်ဆိုရင်တော့ အအီလည်းပြေ၊ အရသာလည်း ပိုကောင်းနေမှာပါ။

ချစ်သူလာချိန်မှာ ကြော်ချက်ဖို့ အားလုံးအဆင်သင့်ရှိနေပေမဲ့ ချက်မကျွေးဖြစ်လိုက်ပါဘူး။

တကယ် ချစ်သူကို ကျွေးချင်ခဲ့တဲ့ ဟင်းတစ်ခွက်ပါ။




လွမ်းဧကရီ
၁၆-၉-၂၀၁၉

ညနေ ၃:၀၇ နာရီ