အချစ်ကြီးသူရဲ့
အရှုံး
အချစ်ဆိုတာကို စသိသိခြင်းမှာ
အချစ်ကြီးချစ်ခဲ့ရသူ ကျွန်မနဲ့ အချစ်တွေ ပေါများလွန်းလှသူ ကိုနဲ့ ချစ်သူတွေ
ဖြစ်ခဲ့ကြပါတယ်။
ကျွန်မရဲ့အချစ်တွေက ကို
တစ်ယောက်တည်းအတွက်သာ ဖြစ်ပေမယ့် “ကို” ရဲ့ အချစ်တွေကတော့ ကျွန်မတစ်ယောက်အတွက်
မဟုတ်ခဲ့ရပါဘူး။
“ကို့”ရဲ့ အချစ်တွေက ကျွန်မဆီမှာပဲ
အဆုံးသတ်ပါစေလို့ ဆုတောင်းရင်း မရေရာတဲ့ အနာဂတ်ကို မျှော်တွေးလို့ ကြည်နူးတစ်ခါ၊
စိတ်မောတစ်လှည့်နဲ့ ဖြစ်ခဲ့ရတာလည်း အခါခါပါ ကိုရယ်။
သူငယ်ချင်းတွေက ပြောကြတယ်။ “ကို့”ကို
ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်တဲ့။ ကျွန်မ မယုံချင်ယောင်ဆောင်ပြီး မဖြစ်နိုင်ဘူးလို့
အတင်းငြင်းလိုက်တယ် ကို။
ကျွန်မရင်တွေ လှိုင်းထန်စပြုလာပြီ
ကိုရယ်။
ရုံးသွား၊ ရုံးပြန်ကြိုတတ်တဲ့ ကို၊
ညအိပ်ရာဝင်ချိန်တိုင်း ဖုန်းနဲ့ နှုတ်ဆက်တတ်တဲ့ ကို့ရဲ့ အကျင့်လေး တွေလည်း
တဖြည်းဖြည်းနဲ့ ဝေးကွာလာခဲ့ရပြီ။
အဲဒီနေ့က “ကို့”ကို
ကောင်မလေးတစ်ယောက်နဲ့ ပုခုံးကို ဖက်လို့ ပျော်ရွှင်နေတဲ့ “ကို့”ကို
ကျွန်မတွေ့လိုက်ရတယ် ကို။
ကို ကျွန်မကို မြင်မှာစိုးလို့
နေရာကနေ အမြန်ရှောင်ပေးလိုက်မိတယ် ကို။
သစ်စိမ်းချိုး မချိုးသေးဘဲနဲ့
ကျွန်မအတွက် “ကို” အဖြစ်ရပ်တည်နေပေးသေးတဲ့ ကို့ကို ချစ်လွန်းစွာနဲ့ အလိုက်တသိ
ရှောင်ပေးခဲ့မိတာပါ ကို။
ကို ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် “ကို့”
ဘေးမှာ ကျွန်မတစ်ယောက်လုံး ရှိနေသေးတယ်ဆိုတဲ့ စိတ်မျိုးလေးနဲ့ ကျွန်မဆီကို
မမေ့သေးဘဲ ပြန်လှည့်လာနိုင်အောင်လို့ ကို့ကို ကျွန်မ ဘယ်တော့မှ မမေးမယ့်
စကားတစ်ခွန်းတော့ ရှိတယ် ကို။
အဲဒါကတော့ ကို ကျွန်မကို
တကယ်လမ်းခွဲသွားပြီလားဆိုတာကိုပါ။
ဒါပေမယ့် ကိုရယ် အချစ်ကြီးချစ်ခဲ့မရသူ
ကျွန်မအတွက် အချစ်ကြောင့်ပဲ နာကျင်စွာနဲ့ ငိုရတဲ့ မျက်ရည်တွေက များရတယ် ကိုရယ်။
ကို့ကြောင့် ကဗျာတွေ ရေးတတ်လာတယ်။
ကို့ကြောင့် အလွမ်းသီချင်းတွေကို
ခုံခုံမင်မင် နှစ်သက်လာတယ် ကို။ ကျွန်မရဲ့ အချစ်တွေကို ယုံကြည်စွာနဲ့ ပြန်လာမယ့် “ကို့”ကို
ဒီသီချင်းလေးနဲ့အတူ ထာဝရစောင့်ကြိုလျက်ပါ ကိုရယ်…
မြတ်သူ